လာအို၏ အကြွေးဆပ်ရန်ပျက်ကွက်မှုက တရုတ်ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းကို အရှိန်ရစေနိုင်

လာအို၏ အကြွေးဆပ်ရန်ပျက်ကွက်မှုက တရုတ်ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းကို အရှိန်ရစေနိုင်

အရှေ့တောင်အာရှ လာအိုနိုင်ငံသည် တရုတ်က ငွေကြေးထောက်ပံ့သည့် မြန်နှုန်းမြှင့်ရထားပြေးဆွဲမှုကို အကောင်အထည်ဖော်ပြီးနောက် အကြွေးဆပ်ရန်ပျက်ကွက်မည့်အခြေအနေရှိနေသဖြင့် တရုတ်ကြွေးမြီ ထောင်ချောက် သံခင်းတမန်ခင်းအတွက် အရှိန်အဟုန်အသစ်ဖြစ်လာစေသည်။

လာအိုသည် ပြင်းထန်သော စီးပွားရေးနှင့်ဘဏ္ဍာရေးအကျပ်အတည်းများကို ရင်ဆိုင်နေရကာ တရုတ်က ငွေကြေး အကူအညီပေးခြင်း သို့မဟုတ်  အကြွေးလျှော်ခြင်းမရှိပါက ထွက်ပေါက်ရှိမည့်ပုံမပေါ်ကြောင်း RFA က ဖော်ပြသည်။

ဗီယင်ကျန်းမှ ကွန်မြူနစ်များသည် ကြွေးမြီအထောက်အပံ့ကို မျှော်လင့်ရာတွင် အကြောင်းရှိသည်။

၎င်းတို့၏ အဓိက မဟာမိတ် မြီရှင်မှာ တရုတ်ဖြစ်ပြီး တရုတ်သည် အရှေ့တောင်အာရှ၌ ၎င်း၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) မျှော်မှန်းချက်အတွက် အဓိက တွန်းအားတစ်ခုဖြစ်သည့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ ရထားလမ်းအပြီး များမကြာမီတွင် လာအိုအား အကြွေးဆပ်ရန်ပျက်ကွက်ခွင့်ပြုလိုက်ပါက လာအိုသည် ပထဝီ နိုင်ငံရေးအရ ထိခိုက်နိုင်သည်။

လာအိုအနေဖြင့် တရုတ်ကို ပေးရမည့် ကြွေးမြီပမာဏအတိအကျမှာ အငြင်းပွားဖွယ်ဖြစ်သည်။

ကြွေးမြီသည် နိုင်ငံ၏တရားဝင်ကြွေးမြီ ၁၄ ဒသမ ၅ ဘီလီယံ ၏ ထက်ဝက်နီးပါး အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံခန့်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်ဟု Asia Times ကဖော်ပြသည်။

William & Mary's Global Research Institute မှ သုတေသနဌာန AidData ၏ အဆိုအရ တရုတ်ကြွေးမြီသည် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂ ဘီလီယံရှိပြီး လူသိရှင်ကြားမထုတ်ပြန်သော သဘောတူညီချက်များ ပါဝင်နေသည်ဟု ဆိုသည်။

ကိန်းဂဏန်း မည်မျှပင်ဖြစ်ပါစေ လာအို၏ကြွေးမြီသည် တရုတ်အတွက်မူ အသေးအဖွဲပင်ဖြစ်သည်။

တရုတ်နိုင်ငံနှင့် ၎င်း၏လုပ်ငန်းခွဲများသည် တိုက်ရိုက်ချေးငွေနှင့် ကုန်သွယ်မှုအကြွေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလျံခန့်ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၅၀ ထက်မနည်းကို ချေးငှားထားသည်ဟု ဟားဗတ်စီးပွားရေးသုံးသပ်ချက် ၂၀၂၀ တွင် ခန့်မှန်းဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ဇန်နဝါရီလ အစီရင်ခံစာအရ ကမ္ဘာ့ဝင်ငွေအနည်းဆုံး နိုင်ငံ ၇၄ နိုင်ငံသည် ယခုနှစ်တွင် ကြွေးမြီ ၃၅ ဘီလီယံ ပြန်ဆပ်ရန်ရှိနေပြီး ၁၃ ဒသမ ၁ ဘီလီယံမှာ တရုတ်ကုမ္ပဏီများကို ပေးရမည်ဖြစ်သည်ဟု ဆိုသည်။

တရုတ်၏ ကမ္ဘာလုံးဆိုင်ရာချဲ့ထွင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအပေါ် ဝေဖန်သူများ က လာအိုကဲ့သို့ ဆင်းရဲသောနိုင်ငံများသည် တရုတ်၏ကြွေးမြီထောင်ချောက်ထဲ ကျရောက်နိုင်ကြောင်း နှစ်ပေါင်း များစွာ သတိပေးခဲ့ကြသည်။

တရုတ်သည် အခြေခံအဆောက်အုံစီမံကိန်းများကို အလျင်အမြန်အကောင်အထည်ဖော်ပေးကာ ချေးငွေ မဆပ်နိုင်သောနိုင်ငံများကို တိုင်းပြည်၏ အဓိကအဖိုးတန်ပစ္စည်းများ သိမ်းယူခြင်းဖြင့် ဆင်းရဲသောနိုင်ငံများကို ထောင်ချောက်ဆင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly