ဂျပန်လွှတ်တော်အမတ်များ ထိုင်ဝမ်သို့သွားမည်

ဂျပန်လွှတ်တော်အမတ်များ ထိုင်ဝမ်သို့သွားမည်

ဂျပန်လွှတ်တော်အမတ် ၇ ဦးသည် ယခုလနှောင်းပိုင်းတွင် ထိုင်ဝမ်သို့ လာရောက်မည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဂျပန်လွှတ်တော် ၂ ရပ်မှ အဖွဲ့ဝင် ၇ ဦးပါသောအဖွဲ့သည် ဇူလိုင်လနှောင်းပိုင်းတွင် ထိုင်ဝမ်သို့ လာရောက်မည်ဖြစ်ကြောင်း ဂျပန်ရေးရာ ထိုင်ဝမ်ကိုယ်စားလှယ် ဖရန့်ရှေး၏ ကြေညာချက်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် အတည်ပြုခဲ့သည်ဟု Taipei Times ကဖော်ပြသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကွယ်လွန်သွားပြီးနောက် ထိုင်ဝမ်သို့ ကိုယ်စားလှယ်အဖွဲ့လာရောက်မည့် အစီအစဉ်သည် ဂျပန်လွှတ်တော် ၂ ရပ်မှ ကိုယ်စားလှယ်များအတွက် အဓိပ္ပါယ်လေးနက်ကြောင်းနှင့် အာဘေးမရှိတော့သော်လည်း ထိုင်ဝမ်အပေါ် လွှတ်တော် ၂ ရပ်ထောက်ခံမှုသည် ပပျောက်သွားခြင်းမရှိကြောင်း ဖရန့်ရှေးက ပြောသည်။

ကိုယ်စားလှယ်အဖွဲ့စာရင်းနှင့် ထိုင်ဝမ်ခရီးစဉ်၏ ရည်ရွယ်ချက်ကို သင့်တော်သောအချိန်၌ ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်နှင့် ဂျပန်တို့သည် နှစ်ပေါင်းများစွာ အပြန်အလှန် လည်ပတ်မှုနှင့် ဖလှယ်မှုများ ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၈ ရက်က အာဘေးသည် နာရာမြို့၌ မဲဆွယ်စည်းရုံးဟောပြောနေစဉ်အတွင်း ပစ်သတ်ခံခဲ့ရသည်။

အသက် ၄၁ နှစ်အရွယ် တဲဆုယာ ယာမာဂါမိဆိုသူက အာဘေးနောက်မှ ချဉ်းကပ်ခဲ့ပြီး ၁၀ မီတာအကွာမှ သေနတ်ဖြင့် ၂ ချက်ပစ်၍ လုပ်ကြံခဲ့ခြင်းဖြစ်သည်။

ဂျပန်အစိုးရက ရှင်ဇိုအာဘေးအား နိုင်ငံ၏အမြင့်ဆုံးဂုဏ်ပြုဘွဲ့ ချီးမြှင့်ရန် ဆုံးဖြတ်ထားပြီး ဂန္ဓမာဘွဲ့တံဆိပ်ကို လက်ခံရရှိလိမ့်မည်ဟု Kyodo News ကဖော်ပြသည်။ ဂျပန်သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် အာဘေးသည် စစ်ပြီးခေတ် ဖွဲ့စည်းပုံအရ ဘွဲ့တံဆိပ်ရရှိသည့် စတုတ္ထမြောက် ဝန်ကြီးချုပ်ဟောင်းဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required