ချင်းအမျိုးသားအဖွဲ့ချုပ်က ဖလမ်းမြို့နယ်တွင် ဆရာ၊ ဆရာမ ၂၀၀ အား ဆရာဖြစ်သင်တန်းပို့ချပေးထား

ချင်းအမျိုးသားအဖွဲ့ချုပ်က ဖလမ်းမြို့နယ်တွင် ဆရာ၊ ဆရာမ ၂၀၀ အား ဆရာဖြစ်သင်တန်းပို့ချပေးထား

ဇူလိုင် ၄

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၄ ရွာမှ ဆရာ၊ ဆရာမများအား ချင်းအမျိုးသား အဖွဲ့ချုပ်က ဆရာဖြစ် သင်တန်းပို့ချပေးထားကြောင်း သိရသည်။

ဧပြီလ ၇ ရက်မှ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့သောသင်တန်းတွင် သင်တန်းဆရာ ၁၇ ဦးက သင်တန်းသူ သင်တန်းသား ၂၀၀ အား ဆရာဖြစ် သင်တန်းပို့ချခဲ့ကြောင်း ဆိုသည်။

သင်ကြားပို့ချခဲ့သောဘာသာရပ်များမှာ ဆရာကောင်းတစ်ယောက်အတွက် လိုအပ်သောအရည်အချင်း ကိုးခု၊ အိမ်တွင်းအခြေပြုသင်ယူမှု၊ လူထုအခြေပြုပညာရေး၊ ဘာသာရပ်လေ့လာဆွေးနွေးခြင်းနှင့် သင်ကြားနည်းများလေ့လာခြင်းတို့ဖြစ်ပြီး ဖက်ဒရယ်ပညာရေးပေါ်ပေါက်လာရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

“အခုသင်ရိုးသစ်စနစ်နဲ့ သင်ပေးနေတယ်။ ပုံမှန်ဘာသာရပ်တွေပါပဲ။ ဒါပေမဲ့ မြန်မာ့သမိုင်းကိုတော့ မသင် ခိုင်းသေးဘူး။ ပညာရေးဘုတ်အဖွဲ့ကနေပြီး ချင်းပြည်ထောင် သမိုင်းကြောင်း ရေးဆွဲနေပါတယ်။ အဲဒါတွေ ပြီးရင် ချင်းပြည်ထောင်သမိုင်းကြောင်းကို ၈၀ ရာခိုင်နှုန်းသင်ပေးပြီး ကျန် ၂၀ ရာနှုန်းကတော့ မိမိဒေသ သမိုင်းကြောင်းတွေ သင်ပေးဖို့ စီစဉ်ထားတာရှိပါတယ်” ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကို ပြောသည်။

ထို့အပြင် ဘာသာရပ်အသစ်နေဖြင့် အမေရိကန်နိုင်ငံမှဝယ်ယူထားသော သမ္မာကျမ်းစာ သင်ရိုးညွှန်းတမ်း ပါကြောင်းနှင့် ဆရာ/ဆရာမ လုံလောက်မှုမရှိသေးကြောင်း ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံမှ ပညာရေးနှင့်ပတ်သက်ပြီး အကူအညီအချို့လက်ခံရရှိထားသော် လည်း ယခုကဲ့သို့ သင်တန်းများပြုလုပ်ရန်အတွက် ရန်ပုံငွေ မဟုတ်ကြောင်း သိရသည်။

လက်ရှိ စာသင်ပေးနေသော ဆရာ/ဆရာမများအတွက် လစာပုံမှန်မပေးနိုင်သေးသည့်အပြင် ပုံနှိပ်စာအုပ် အလုံအလောက်မရှိသေးကြောင်းနှင့် အဓိကကျဆုံးဖြစ်သော ပညာရေးလုပ်ငန်းများအတွက် ငွေကြေး အခက်အခဲများရှိနေကြောင်း ဆိုသည်။

Early Childhood Care and Development (ECCD)သင်တန်း၊ စီမံခန့်ခွဲ့ရေးသင်တန်းနှင့် အသက်မွေး ဝမ်းကြောင်း သင်တန်းအမျိုးမျိုးအား ထပ်မံသင်ကြားပေးသွားရန် အစီအစဉ်များရှိကြောင်း သိရသည်။

ဖလမ်းမြို့နယ်အတွင်း ချင်းအမျိုးသားအဖွဲ့ချုပ်/တပ်မတော် CNO/CNDF ၏လက်အောက်တွင် ကျောင်း ၉၀ ခန့်၌ ကျောင်းသူ၊ကျောင်းသား ၄,၅၀၀ ခန့်အား စာသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

#Mizzima

#ချင်းပြည်နယ်

#ဖလမ်းမြို့နယ်

#CNO/CNDF

#ဆရာဖြစ်သင်တန်း

#ပညာရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly