ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မော်တော်ပီကယ်ရဲကင်းအား ဖောက်ခွဲမှုပြုလုပ်

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မော်တော်ပီကယ်ရဲကင်းအား ဖောက်ခွဲမှုပြုလုပ်

ဇူလိုင်လ ၁ ရက်

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းနှင့် ပဲခူးမြစ်လမ်းဆုံရှိ မော်တော်ပီကယ် ရဲကင်းအား ဇွန်လ ၃၀ ရက် ည ၈ နာရီခန့်က ဖောက်ခွဲခဲ့ကြောင်း ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ ( SDGF ) ထံက သိရသည်။

"ပျက်စီးသွားဖို့ထက် အသံကို ဦးစားပေးဖောက်ခွဲတာမို့ ဆိပ်ကမ်းတဝိုက်က ကြားရတယ်။ အပျက်အစီးကတော့ ပတ်ပတ်လည် မှန်ချပ်တွေကွဲတယ်။ အမိုးလန် သွားတယ်"ဟု SDGF အဖွဲ့တာဝန်ရှိသူကပြောသည်။

အဆိုပါနေရာတွင် စစ်ကောင်စီတပ်၊ ရဲနှင့်ယာဉ်ထိန်းရဲများသည် စက်ဘီး၊ ဆိုင်ကယ်များ အားဖမ်းဆီးမှုများပြုလုပ်နေခြင်းကြောင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း SDGF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

"ကျွန်တော့်အသိတစ်ယောက် သုံးဘီးဆိုင်ကယ် အဖမ်းခံရတာ ၁၈၀,၀၀၀ နဲ့ ပြန်ရွေးခိုင်းတယ်။ ငွေမတက်နိုင်လို့ တောင်းတောင်းပန်ပန်နဲ့ ပြန်ရွေးတဲ့အခါ ၈၀,၀၀၀ နဲ့ရတယ်။ ဒါပေမဲ့ ဓာတ်ဆီနဲ့ ဘက်ထရီတွေ ဖြုတ်ခိုးထားလိုက်တယ်"ဟု SDGF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါလုပ်ဆောင်မှုကို SDGF အဖွဲ့နှင့် DYY (ဒို့ရိုးရာညီနောင်ပြောက်ကျားတပ်ဖွဲ့) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly