မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှု ကြိုးကိုင်သူကို ပါကစ္စတန်က တိတ်တဆိတ် ကြားနာစစ်ဆေးပြီး ထောင်ဒဏ်ချမှတ်

မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှု ကြိုးကိုင်သူကို ပါကစ္စတန်က တိတ်တဆိတ် ကြားနာစစ်ဆေးပြီး ထောင်ဒဏ်ချမှတ်

၂၀၀၈ ခုနှစ် မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှု ကြိုးကိုင်သူဖြစ်သလို လက်ရှ်ကာ-အီ-တိုင်ဘာ (LeT) အဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆာဂျစ်ဒ် မီအာကို ပါကစ္စတန်ရှိ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး တရားရုံးတစ်ခုက လျှိူ့ဝှက် ကြားနာစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည်။

၂၀၀၈ မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ကျူးလွန်မှုအတွက် အိန္ဒိယ၏ အလိုအရှိဆုံးသူများထဲတွင် ပါဝင်သည့် မီအာသည် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသည်။

မီအာသည် LeT အဖွဲ့၏ တိုက်ခိုက်မှုများအတွက် လုပ်ငန်းစီမံခန့်ခွဲသူ ဖြစ်ခဲ့ပြီး ၎င်းတို့အဖွဲ့၏ အစီအစဉ် ရေးဆွဲမှု၊ ကြိုတင်ပြင်ဆင်မှုနှင့် လက်တွေ့ဖော်ဆောင်မှုတို့တွင် ဦးဆောင်အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့သူဖြစ်သည်။

အသက် ၄၄ နှစ်ရှိ မီအာကို အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု အမှုကိစ္စတစ်ခုဖြင့် စီရင်ချက်ချပြီးနောက် ယခုလထဲတွင် လာဟိုးမြို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးတရားရုံးတစ်ခုက ၎င်းအား ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ဒဏ်ငွေအဖြစ် ပါကစ္စတန်ရူပီး ၄၂၀၀၀၀ လည်း ချမှတ်ခံခဲ့ရပြီး လက်ရှိတွင် ၎င်းသည် ကော့တ် လက်ခ်ပတ် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရကြောင်း သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

LeT အဖွဲ့က လေ့ကျင့်သင်ကြားပေးခဲ့သူ ၁၀ ဦးခန့်သည် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ပစ်မှတ် အများအပြားကို အကြမ်းဖက်တိုက်ခိုက်မှုများ ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ခဲ့ရာတွင် လူ ၁၆၆ ဦး သေဆုံးခဲ့သည်။ မွမ်ဘိုင်း တိုက်ခိုက်မှုများတွင် ပါဝင်ကျူးလွန်ခဲ့သည့် ၎င်း၏ အခန်းကဏ္ဍကြောင့် မီအာသည် ၂၀၁၁ ခုနှစ် ဧပြီလက အမေရိကန်တွင် စွဲချက်တင်ခံခဲ့ရသည်။

ပါကစ္စတန်အနေဖြင့် နိုင်ငံတကာ ဘဏ္ဍာငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ FATF ၏ အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု  စောင့်ကြည့်စာရင်းမှ ဖယ်ရှားခံရစေရေး အပြင်းအထန် ကြိုးပမ်းနေစဉ် မီအာကို ပြစ်ဒဏ်ချမှတ်မှု သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ပါကစ္စတန်သည် ယင်းနိုင်ငံ၌ အကြမ်းဖက်မှုကို တန်ပြန်တိုက်ဖျက်ရမည့် သတ်မှတ်ချက်ဘောင်များကို ဖြည့်ဆည်းထားနိုင်ခြင်း မရှိမှုအတွက် စောင့်ကြည့်အဖွဲ့၏ “မီးခိုးရောင် စာရင်း” တွင် ပါနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly