ပါကစ္စတန်နှင့် အီရန် ဆက်ဆံရေး ဆက်လက်ယိုယွင်းလာ

ပါကစ္စတန်နှင့် အီရန် ဆက်ဆံရေး ဆက်လက်ယိုယွင်းလာ

နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ လုပ်ဆောင်သည့် အကြမ်းဖက်သမားများကို လက်ခံခိုလှုံခွင့်ပေးထားကြောင်း ပါကစ္စတန်နှင့် အီရန်တို့အကြား ကာလကြာရှည်ကတည်းက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲထား ကြသည်။

ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် အခြေပြုသည့် စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်သော Sindhudesh Republican Army (SRA) ၏ အဖွဲ့ဝင်များကို အီရန်က လေ့ကျင့်သင်ကြားပေးခဲ့သည်ဆိုပြီး ပါကစ္စတန်အစိုးရက သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောဆိုပြီးနောက် အီရန်သည် ယခုလအစောပိုင်းတွင် ပါကစ္စတန်ဒုက္ခသည် ၁၀၇ ဦးကို နိုင်ငံမှ နှင်ထုတ်ခဲ့သည်။

SRA သည် ကရာချိမြို့တွင် လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့ရာတွင် ဆက်ဒါဈေးဧရိယာ၌ လူတစ်ဦး သေဆုံးပြီး အခြားလူတစ်ချို့ ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း Portal Plus မီဒီယာက ဖော်ပြသည်။

ကရာချိမြို့ မော်ရီပူလ် ဧရိယာတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုအတွင်း လူနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည်။ အဆိုပါ သေဆုံးသူနှစ်ဦးသည် ဖောက်ခွဲရေးပစ္စည်း ကျွမ်းကျင်သူများ ဖြစ်ကြသည့် အသက် ၂၈ နှစ်ရှိ အလာ ဒီနို နှင့် အသက် ၂၆ နှစ်ရှိ နာဝက်ဘ် အလီတို့ဖြစ်ကြောင်းနှင့် ၎င်းတို့သည် အီရန်နိုင်ငံတွင် သင်တန်းတက်ခဲ့သူများဖြစ်ကြောင်း ပါကစ္စတန် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဌာန (CTD) က ပြောသည်။

ထို့ပြင် SRA အဖွဲ့၏ အကြီးအကဲဖြစ်သည့် အက်ရှ်ဂါ အလီသည် အီရန်နိုင်ငံ၌ ဘေးကင်းခိုလှုံခွင့် ရရှိထား ခဲ့သည်ဟု ပါကစ္စတန်က စွပ်စွဲသည်။

ထို စွပ်စွဲချက်များက ခိုင်လုံပြီး ယုံကြည်ရနိုင်သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက ထောက်ခံ ခဲ့သည်။ ပါကစ္စတန်ဘက်မှ လှုပ်ရှားသော အကြမ်းဖက်သမားများကြောင့် အီရန်အပေါ် ထိခိုက်မှုများ ဖြစ်စေ ခဲ့သည်ဟု အီမရန် ခန်းက ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလ တီဟီရန်၌ အီရန်သမ္မတ
ဟက်ဆန် ရိုဟာနီနှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ကြောင်း Portal Plus က ဖော်ပြသည်။

အီရန်အရှေ့တောင်ပိုင်းတွင် လှုပ်ရှားသော Salafi ဂျီဟတ်ဒစ် စစ်သွေးကြွအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးနှင့် ၎င်း၏ သားနှစ်ဦးတို့သည် ၂၀၂၀ နိုဝင်ဘာလတွင် ကက်ချ်ခရိုင် တာဘတ်မြို့တွင် ပါကစ္စတန်ရဲတပ်ဖွဲ့၏ ပစ်ခတ် မှုကြောင့် သေဆုံးခဲ့သည်။

အီရန်နိုင်ငံတွင် ပိတ်ပင်ခံထားရသည့် အဖွဲ့တစ်ခုဖြစ်သော Jaish al Adl နှင့် ဆက်နွယ်ပတ်သက်သည့် မူလာ အိုမာသည် အီရန်အစောင့်တပ်ဖွဲ့ဝင်များကို ပြန်ပေးဆွဲ၊ သတ်ဖြတ်မှုအတွက် အလိုရှိခံထားခဲ့ရပြီး ၎င်းကို ဖမ်းဆီးရာတွင် ပါကစ္စတန်ဘက်မှ ကူညီပေးရေး အီရန်က တောင်းဆိုထားခဲ့ကြောင်း Portal Plus က ဖော်ပြသည်။

ဆွန်နီ အများစုရှိရာ ပါကစ္စတန်နှင့် ရှီးယား အများစုရှိရာ အီရန်တို့သည် အခြေခံအားဖြင့် ၎င်းတို့ စောင့်ထိန်း လိုက်နာသည့် အစ္စလမ်ဘာသာပုံစံအပေါ် လက်ခံကျင့်သုံးခြင်းအားဖြင့် ကွဲလွဲကြသည်။ နိုင်ငံကို အစစ်အမှန် အစ္စလမ္မစ် ဖြစ်စေမည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရေး ဆွေးနွေးမှုများနှင့်အတူ

မကြာသေးခင်က ပါကစ္စတန် တွင် အစွန်းရောက်သော ယိမ်းယိုင်မှုပိုင်းတွင် မြင့်တက်ခဲ့ခြင်းက အီရန်ကို စိတ်ချလက်ချ ရှိနေစေမည့် အခြေအနေမျိုး မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly