တရုတ်၏ ပွင့်လင်းမြင်သာမှုမရှိသလို ဈေးကွက်ကိုကမောက်ကမဖြစ်စေသော ကျင့်ဝတ်များကို ဖြေရှင်းရန် စက်မှုထိပ်သီးနိုင်ငံများ သဘောတူ

တရုတ်၏ ပွင့်လင်းမြင်သာမှုမရှိသလို ဈေးကွက်ကိုကမောက်ကမဖြစ်စေသော ကျင့်ဝတ်များကို ဖြေရှင်းရန် စက်မှုထိပ်သီးနိုင်ငံများ သဘောတူ

တရုတ်၏ တရားမျှတမှုမရှိသော စီးပွားရေးကျင့်ဝတ်များကို ရင်ဆိုင်ဖြေရှင်းရာတွင် တစ်ညီတစ်ညွတ်တည်း ချည်းကပ်သည့်အနေဖြင့် ကမ္ဘာစီးပွားရေး၌ ပွင့်လင်းမြင်သာသော ယှဉ်ပြိုင်မှုကို လက်ကိုင်ထားရေးနှင့် နိုင်ငံတကာစည်းမျဉ်းများ ခိုင်မာအားကောင်းစေရန် စက်မှုထိပ်သီး ၇ နိုင်ငံ (ဂျီ-၇) က ဇွန် ၂၈ ရက်တွင် ကတိပြုခဲ့ကြသည်။

“ကမ္ဘာ့စီးပွားရေးမှာ တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ပြိုင်ဆိုင်မှုကို လက်ကိုင်ထားဖို့နဲ့ နိုင်ငံတကာ စည်းမျဉ်းတွေ ကို ခိုင်မာအားကောင်းစေဖို့ ထပ်မံကတိပြုပါတယ်။ ကမ္ဘာ့စီးပွားရေးမှာ တရုတ်ရဲ့ အခန်း ကဏ္ဍနဲ့ပတ်သက်ပြီး ကမ္ဘာ့စီးပွားရေးကို ကမောက်ကမဖြစ်စေကာ စျေးကွက်မဟုတ်တဲ့ မူဝါဒတွေနဲ့ အလေ့အကျင့်တွေကြောင့်ဖြစ်တဲ့ စိန်ခေါ်မှုတွေကို ဂျီ-၇ အပြင် စုပေါင်းချဉ်းကပ်နည်းလမ်းတွေနဲ့ ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့သည် တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိသော၊ စျေးကွက်ကို ကမောက်ကမဖြစ်စေသော စွက်ဖက် မှုများနှင့် အခြားစီးပွားရေးနှင့် စက်မှုဆိုင်ရာ ညွှန်ကြားချက်ပုံစံများအကြောင်းကို ဝေမျှကြရန်လည်း ကတိပြု ခဲ့ကြသည်။

ဂျီ-၇ ခေါင်းဆောင်များသည် ထိပ်သီးဆွေးနွေးပွဲအတွက် ဂျာမနီတွင် စုဝေးခဲ့ကြသည်။ တရုတ်-ဗြိတိန် ပူးတွဲကြေညာစာတမ်းတွင် ပါရှိသည့် ၎င်းတို့၏ ကတိကဝတ်များကိုလည်း တရုတ်အနေဖြင့် လေးစားလိုက်နာရန် တောင်းဆိုလိုက်ကြသည်။

တရုတ်-ဗြိတိန်ကြေညာစာမ်းနဲ့ ဟောင်ကောင်ရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ မြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတွေ ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေပါ ကတိကဝတ်တွေကို တရုတ်အနေနဲ့ လေးစားလိုက်နာဖို့ တိုက်တွန်းပါတယ်” ဟု ဂျီ-၇ ထုတ်ပြန်သည်။

“အတင်းအကျပ်အလုပ်ခိုင်းစေမှုတွေ တွေ့ရတဲ့ တိဗက်နဲ့ရှင်ကျန်းအပါအဝင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့ တရုတ်ကို တောင်းဆိုပါတယ်။ ကမ္ဘာ့စံတန်ဖိုးတွေကိုလည်း ဆက်လက်မြှင့်တင်သွားပါမယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဂျီ-၇ အဖွဲ့သည် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကိုလည်း ရှုတ်ချခဲ့ကြပြီး နိုင်ငံရေး၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် လူ့အခွင့်အရေးအခြေအနေများအပေါ် လွန်စွာစိုးရိမ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

“စစ်အုပ်စုအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ပို့ဖို့ ကျွန်တော်တို့ တောင်းဆို ထားပါတယ်။ အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ်ကိုလည်း အကောင်အထည်ဖော်ဖို့ ဆက်လက်ပံ့ပိုး ကူညီသွားပါမယ်။ ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်မှုအားလုံးကို အပြည့်အဝ ထောက်ခံပြီး အာဆီယံ အထူးသံတမန်နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တို့အကြား ခိုင်မာတဲ့ ညှိနှိုင်းဆောင်ရွက်မှုကိုလည်း အားပေးပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly