တရုတ်ဆင်ဆာအဖွဲ့က ပါတီအကြီးတန်းအရာရှိ၏ အထင်မြင်လွဲမှားစေသော ကိုဗစ်ဆိုင်ရာ ရေးသားချက်ကို အင်တာနက်စာမျက်နှာပေါ်မှ ဖယ်ရှား

တရုတ်ဆင်ဆာအဖွဲ့က ပါတီအကြီးတန်းအရာရှိ၏ အထင်မြင်လွဲမှားစေသော ကိုဗစ်ဆိုင်ရာ ရေးသားချက်ကို အင်တာနက်စာမျက်နှာပေါ်မှ ဖယ်ရှား

ကွန်မြူနစ်ပါတီမှ စီနီယာအရာရှိတစ်ဦးက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် တရုတ်တွင် နောက်လာမည့် ၅ နှစ်အထိ ရှိနေလိမ့်မည်ဆိုသည့် ရေးသားချက်ကို တရုတ်ဆင်ဆာအဖွဲ့က အင်တာနက်မှ ဖယ်ရှားလိုက်သည်။
 
ပေကျင်းမြို့တော်ပါတီအရာရှိဖြစ်သည့် ချိုင်ရှီက ထိုအမြင်လွဲမှားစေသော ဖော်ပြချက်ကို ကွန်မြူနစ်ပါတီ သတင်းစာ Beijing Daily တွင် ရေးသားခဲ့ခြင်းဖြစ်သည်။

“တရုတ်သည် လာမည့် ၅ နှစ်အထိ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးအစီအမံများကို မဆုတ်မနစ် ဆက်လက်အကောင်အထည်ဖော်နေမည်ဖြစ်ကာ ပြည်ပမှကူးစက်မှုများနှင့် ပြည်တွင်းကူးစက်မှုများကို တားဆီးရန် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆက်လက် ဆွဲကိုင်သွားမည်” ဟု ချိုင်က ဇွန် ၂၇ ရက်က ရေးသားခဲ့သည်။

ချိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိပြီး သူ၏ နောက် ၅ နှစ်ဟူသော မှတ်ချက်သည် တရုတ်လူမှုမီဒီယာ၌ ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည်။

အွန်လိုင်းပေါ်၌ ဝေဖန်မှုများ လျော့ပါးသွားစေရန် Beijing Daily က အဆိုပါစာကြောင်းကို ပြန်ဖျက်ခဲ့ပြီး ချိုင်၏ ကပ်ရောဂါထိန်းချုပ်မှုဆိုင်ရာတခြားမှတ်ချက်များကို ချန်ထားကာ ‘နောက် ၅ နှစ်’ ဟူသောစာသားအား တည်းဖြတ်မှုအမှားအယွင်းကြောင့်ဟု အကြောင်းပြလျက် ဖယ်ရှားခဲ့သည်။

Weibo ၌လည်း ‘နောက် ၅ နှစ်’ ဟူသော ဟက်ရှ်တက်ပါစာသားများကို တားမြစ်ခဲ့သည်။

ဆက်လက်ထားရှိမည့် ကူးစက်ရောဂါထိန်းချုပ်မှုများတွင် ပုံမှန် ဓာတ်ခွဲစမ်းသပ်မှုများ၊ တင်းကျပ်သော ဝင်ခွင့်စည်းမျဉ်းများ၊ လူနေရပ်ကွက်များနှင့် အများသူငှာနေရာများတွင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ၊ ပေကျင်းမြို့သို့ အဝင်အထွက်ရှိသူများကို တင်းကျပ်စွာစောင့်ကြည့်ခြင်းနှင့် စမ်းသပ်ခြင်းများ ပါဝင်သည်ဟု ချိုင်၏ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာ Beijing Daily က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly