ဥကရစ်ထစခန်းကို ပစ်ကူပေးနေသည့် စစ်ကောင်စီ၏ ဂျက်လေယာဉ် ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်

ဥကရစ်ထစခန်းကို ပစ်ကူပေးနေသည့် စစ်ကောင်စီ၏ ဂျက်လေယာဉ် ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်

 

ဇွန်လ ၃၀ ရက် 

ဥကရစ်ထစခန်းကုန်းကို လေကြောင်းပစ်ကူပေးနေသည့် စစ်ကောင်စီဂျက်လေယာဉ်တစ်စီး ထိုင်းလေပိုင်နက်ထဲသို့ အကြိမ်ကြိမ်ဝင်ရောက်ခဲ့သည့်အတွက် ထိုင်းရွာသားများ စိုးရိမ်ထိတ်လန့် နေကြကြောင်းသိရသည်။

အဆိုပါစစ်ကောင်စီ၏ လေကြောင်းပစ်ကူ ဂျက်လေယာဉ်သည် ထိုင်း- မြန်မာနယ်စပ်မျဥ်းအနီးရှိ ထိုင်းနိုင်ငံဘက်ခြမ်း ဖော့ဖရာခရိုင်၊ ဝေါလေမြို့ပေါ်သို့ ယနေ့ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြိမ်ကြိမ်နေရာယူ ပျံဝဲခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီပိုင် ဂျတ်လေယာဉ်၏ပစ်ခတ်မှုကြောင့် ထိုင်းလူမျိုးပိုင် ကားတစ်စီး ကျည်ဆန်ထိမှန်ခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရ၊ မရ အသေးစိတ်ကို မသိရသေးပေ။

ဖော့ဖရာခရိုင် ထိုင်းလေပိုင်နက်ထဲသို့ အကြိမ်ကြိမ်ဝင်ရောက်လာနေသော ယင်းစစ်ကောင်စီ၏ ဂျက်လေယာဉ်ကို ထိုင်းဒေသခံများက ရုပ်သံမှတ်တမ်းရိုက်ယူပြီး ဖေစ်ဘွတ်လူမှုကွန်ရက်ပေါ်တွင် မျှဝေထားကြသည်။

စစ်ကောင်စီတပ်၏ လေပိုင်နက်ကျူးကျော်ဝင်ရောက်နေမှုကြောင့် ထိုင်းလေတပ်ဘက်ကလည်း F- 16 တိုက်လေယာဉ်များဖြင့် နယ်စပ်မျဉ်းတစ်လျှောက်ကင်းလှည့်နေပြီး ဒေသခံများကို ထိတ်လန့်မနေကြရန် ထိုင်းစစ်တပ်ဘက်မှ အသိပေးထားသည်။

မြန်မာ- ထိုင်းနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီခရိုင် တောင်ဘက် ၁၈ မိုင်ခန့်အကွာရှိ ဝေါလေဒေသမှ ဥကရစ်ထစစ်ကောင်စီခြေကုပ်စစ်စခန်းကုန်းကို KNDO နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ တိုက်ခိုက်သိမ်းယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

တိုက်ပွဲသည် သီတင်းပတ်တစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်ကာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးများပြားနေသော စစ်ကောင်စီတပ်မှ ဥကရစ်ထစခန်းကုန်းကို လက်မလွှတ်ရစေရန် လေကြောင်းပစ်ကူအများအပြား အသုံးပြုတိုက်ခိုက်နေခြင်းလည်းဖြစ်သည်။ #ဥကရစ်ထစခန်းကုန်း #လေပိုင်နက် #ထိုင်း_မြန်မာ #ဝေါလေမြို့ #ဖော့ဖရာခရိုင် #လေတပ် #တိုက်လေယာဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required