အလုံမြို့နယ်ရှိ Sky Way Club & KTV မီးလောင်မှုဖြစ်ပွါး

By ဂန္ဒမာ
30 June 2022
အလုံမြို့နယ်ရှိ Sky Way Club & KTV မီးလောင်မှုဖြစ်ပွါး

ဇွန်လ ၃၀ ရက်

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် ဖွင့်လှစ်ထားသော Sky Way Club & KTV မှာ ယမန်နေ့ မတ်လ ၂၉ ရက် ည ၁၀ နာရီ ၂၅ မိနစ်ခန့်က မီး စတင် လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“အဲ့ဒီ KTVက ညတိုင်းကို လူစည်တယ်။ ကျွန်မတို့က တိုက်ခန်း အထပ်မြင့်ကနေဆိုတော့ မီးလောင်နေတာကို အကုန်မြင်နေရတယ်။ အထဲကနေ လူတွေလည်း ထွက်လာတယ်။ မီးသတ်ကားတွေလည်း များတယ်။ လူနာတင်ကားတွေဆိုရင် အစီး ၂၀ ကျော် ၃၀ လောက်လာတာ။ လူဘယ်လောက်တောင် ထိခိုက်လို့လည်း မသိဘူး။ မီးလောင်မှုကလည်း များလို့ အကုန်နီးပါး ပျက်စီးဆုံးရှုံးတာတွေ့ရတယ် ” ဟု မီးလောင်မှုဖြစ်စဉ်အား မြင်တွေ့သည့် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

မီးလောင်မှုအား အဆင့် နှစ် (level 2) သတ်မှတ်ပြီး မီးငြှိမ်းသတ်ခဲ့ကာ ည ၁၁ နာရီတွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ စထွက်ပြီး ဟိုရောက်ရောက်ချင်း မီးများနေတာတွေ့တော့ မီးသတ်သမားတွေနဲ့အတူ မီးငြှိမ်းတယ်။ တံခါးပိတ်နေတာတွေ၊ လော့ကျနေတာတွေ ရိုက်ဖွင့် လိုတာတွေလုပ်၊ အထဲက ဂတ်စ်အိုးတွေ၊ အောက်ဆီဂျင်အိုးတွေ အပြင််ဆွဲထုတ် လုပ်ခဲ့တယ်။ အထဲကပစ္စည်းတော်တော်များများကတော့ ဆုံးရှုံးမှုများတယ်ဗျ။ အတိအကျမသိရပေမယ့် ကျွန်တော်တို့မြင်တွေ့ခဲ့တာတော့ အတော်များများ ထိခိုက်ပျက်စီးခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်” ဟု လူမှုကူညီကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ဖြေကြားသည်။

မီးလောင်မှုဖြစ်စဉ်အကြောင်းအရင်းအား လက်ရှိအချိန်ထိ မသိရှိရသေးပေ။ Sky Way Club & KTV ဘက်မှလည်း တစ်စုံတစ်ရာ ဖြေရှင်းမှုပြုလုပ်ခြင်းမရှိသေးပေ။ Sky Way Club & KTV သည် စစ်ကောင်စီကို ကျည်ဖိုးအဖြစ် အခွန်ပေးဆောင်ပြီး လူငယ်များကို မူးယစ်ဆေးဝါးနှင့်အပျော်အပါးများဖြင့် တော်လှန်ရေးတွင်မပါဝင်အောင် ဆွဲဆောင်နေသဖြင့် မတ်လအတွင်းကလည်း Dark Shadow အဖွဲ့၏ ဖောက်ခွဲတိုက်ခိုက်ခြင်းကို ခံရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly