မြောင်မြို့ပေါ်တွင် ဒရုန်းစစ်ဆင်ရေးပြုလုပ်ရာ စကစတပ်သား ၇ ဦး သေဆုံး

မြောင်မြို့ပေါ်တွင် ဒရုန်းစစ်ဆင်ရေးပြုလုပ်ရာ စကစတပ်သား ၇ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ မီးသတ်ရုံးနှင့် စစ်ကောင်စီတပ်စွဲထားသည့် စာသင်ကျောင်းတွင် နေရာ သုံးခုခွဲကာ ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ယမန်နေ့က လုပ်ဆောင်ခဲ့သည်။ ခုနစ်ဦး သေဆုံးပြီး ထိခိုက်သူများနိုင်ကြောင်းလည်း ကာကွယ်ရေးတပ်ဘက်က သုံးသပ်ထားသည်။

 

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM နှင့်အတူ မဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် တိုက်ခိုက်ရေးဒရုန်း သုံးစင်း၊ အရံဒရုန်း တစ်စင်းနှင့် ကင်းထောက်ဒရုန်း တစ်စင်း စုစုပေါင်း ငါးစင်းဖြင့် ပွိုင့် သုံးနေရာချ၍ စစ်ကောင်စီတပ်နှင့် လက်ပါးစေများအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ပထမဆုံးဖြစ်စဥ်တွင် မြောင်မြို့မီးသတ်ရုံးအား ဒရုန်း၌ အီနာဂါဗုံးချိတ်ဆွဲကာ ပစ်ချဖောက်ခွဲခဲ့သည်။

 

“မီးသတ်ရုံးထဲမှာ ဝန်ထမ်းတွေရှိတယ်၊ အဲ့ထဲကိုချတာ ခေါင်မိုးပေါ်မှာကွဲတာမဟုတ်ဘူး၊ အတွင်းထဲထိ ကျပြီးမှကွဲတာ၊ အဲ့မှာ တော်တော်ထိမယ်။ ဗီဒီယိုကို zoom ဆွဲကြည့်ရင်တော့ မြင်ရတယ်” ဟု CDSOM ဦးဆောင်သူ ကိုနွေဦးက ပြောသည်။

 

ဒုတိယစစ်ဆင်ရေးအနေဖြင့် ထိုမြောင်မြို့ မီးသတ်ရုံးရှေ့ရှိ သစ်ပင်အောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေချိန် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်၊ ယင်း မီးသတ်ရုံးရှိ စစ်ဆင်ရေး နှစ်ခုတွင် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးနိုင်ကြောင်း အဖွဲ့ဘက်က ပြောသည်။

 

“အဲ့မှာက စစ်သားတွေရော၊ ရဲတွေရော ပြီးလို့ရှိရင် CDM မလုပ်ထားတဲ့ဝန်ထမ်းတွေရော အဲ့ရုံးရှေ့က သစ်ပင်ကြီးအောက်မှာ အမြဲရှိတယ်။ အဲ့သစ်ပင်မှာက တစ်ပွိုင့်ပေါ့။ အဲ့မှာသူတို့ ၁၅ ယောက်လောက်ရှိတယ်။ အဲ့ဒီနားမှာ ချလိုက်တယ်။ ကျွန်တော်တို့ချချင်တဲ့ ပစ်မှတ်နေရာကို အတည့်ချလိုက်နိုင်တယ်။ ကပ်ပြီးကျတာဆိုတော့ သေမယ့်ဟာကတော့ များမယ်၊ ဒဏ်ရာကလည်း အကုန်ရမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ပြန်ထွက်ပြေးလာတဲ့လူ တစ်ယောက်မှကို မတွေ့ဘူး” ဟု ကိုနွေဦးက ဆက်ပြောသည်။

 

တတိယစစ်ဆင်ရေးမှာမူ မြောင်မြို့ပေါ် မြောက်ရပ်ကွက်ရှိ စစ်ကောင်စီတပ်များ စခန်းချထားသည့် အထက်တန်းကျောင်းအား တိုက်ခိုက်ရန် ကနဦးရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုနောက် အဆိုပါမစ်ရှင်တွင် စစ်ကောင်စီဘက်မှ ဒရုန်းဖျက်လက်နက် (Drone Killer) ဖြင့် ပစ်ခတ်၍ ပစ်မှတ်မရောက်မီ ဒရုန်းပျက်ကျခဲ့ရကြောင်း အဖွဲ့ထံမှ သိရသည်။

 

“အခုက ကျောင်းက ပိတ်ထားပြီး အဲ့ထဲမှာ စခန်းချထားတာ၊ ကျောင်းက မစ်ရှင်ကတော့ မအောင်မြင်လိုက်ဘူး၊ ကျောင်းကိုသွားနေတဲ့အချိန် ပထမနှစ်ပွိုင့်ပစ်ထားတဲ့ အသံတွေကြားတော့ စစ်ကားတစ်စီးက အရှိန်နဲ့ပြေးတာနဲ့ ကျောင်းကိုမသွားဘဲ အဲ့စစ်‌ကားနောက်ကို လိုက်တာ။ အဲ့မှာ သူတို့က ဒရုန်းဖျက်လက်နက် (Drone Killer) နဲ့ပြန်ပစ်တယ်ထင်တယ်။ ဒရုန်းက ထိန်းမရတော့ဘဲ ပြန်ပြုတ်ကျတယ်၊ အဲ့အချိန် ကျွန်တော်တို့က ချက်ချင်း ဗုံး အီနာဂါကို ပစ်ချပစ်လိုက်တယ်၊ အဲ့မှာ အီနာဂါကွဲတာက အသံပဲကြားတယ်၊ လူထိမထိတော့ ကျွန်တော်တို့ မသိရဘူး” ဟု ၎င်းက ပြောဆိုသည်။

 

၎င်းဒရုန်းစစ်ဆင်ရေးများအား မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM နှင့်အတူ PDF Taloke၊ MGN Ranger၊ Chaung U Revolution Army တပ်ခွဲ (၂)၊ စော်ဘွားကြီးအဖွဲ့၊ Young Fighter People Defense Force - YFPDF၊ Myaung Union Army စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ (၂) မှ တပ်ခွဲ (၃) နှင့် Myinmu Civil Revolution Force - CRF Myinmu စသည့် မဟာမိတ် ရှစ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းနောက် စစ်ကောင်စီတပ်သားများမှ မြောင်မြို့အနီးတစ်ဝိုက်ရှိ တောများတွင် ကာကွယ်ရေးတပ်များအား အပြင်းအထန် တောနင်းရှာဖွေသော်လည်း ကာကွယ်ရေးတပ်ဖွဲ့များမှာမူ အန္တရာယ်ကင်းစွာဆုတ်ခွာခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required