လားရှိုးမြို့တွင် ပြည်သူများအား PDF ဆန့်ကျင်သည့် ဆိုင်းဘုတ်များကိုင်ကာ ဓာတ်ပုံရိုက်ခိုင်း

လားရှိုးမြို့တွင် ပြည်သူများအား PDF ဆန့်ကျင်သည့် ဆိုင်းဘုတ်များကိုင်ကာ ဓာတ်ပုံရိုက်ခိုင်း

မဇ္ဈိမ အယ်ဒီတာခင်ဗျာ

ကျွန်တော်က လားရှိုးမြို့ နယ်နမိတ်ထဲရှိတဲ့ ကျေးရွာတစ်ရွာက ပြည်သူတစ်ဦးဖြစ်ပါတယ်။

ကျွန်တော်တို့ ကျေးရွာအပါအဝင် လားရှိုးမြို့ပေါ်က ရပ်ကွက်တွေအချို့မှာ ပြည်သူတွေကို

PDF အားဆန့်ကျင်ကြောင်း စာသားတွေနဲ့အတူ ဓာတ်ပုံရိုက်ခိုင်းနေတဲ့အကြောင်းလေးပြောပြချင်လို့ပါ။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့ ရပ်ကွက်ထဲ ၊ ရွာထဲက စစ်ဗိုလ်ကတော်တွေ ပူးပေါင်းပြီးတော့ တစ်အိမ်တက် တစ်အိမ်ဆင်းလုပ်ပြီး ပြည်သူတွေကို စေခိုင်းနေတာပါ။

ပြီးခဲ့တဲ့မေလ နောက်ဆုံးပတ် တိတိကျကျပြောရရင် မေလ 27 ရက်က ကျွန်တော် အလုပ်ကိစ္စနဲ့ခရီးထွက်ရပါတယ်။ အိမ်မှာ အသက် ၇၀ ကျော်အမေအိုနဲ့ ကိုးနှစ်အရွယ်ကလေးပဲ ကျန်ခဲ့ပါတယ်။ အဲ့ဒီမှာ ရွာထဲက ဆယ်အိမ်မှူးတွေ၊ ပြည်သူ့စစ်တွေ၊စစ်ဗိုလ်ကတော်တွေက အိမ်ရောက်လာပြီး ဗမာစကားနားမလည်တဲ့ ကျွန်တော့်အမေကို "အကြမ်းဖက်သမား PDF များကို လက်မခံ " ဆိုတဲ့ဆိုင်းဘုတ် ကိုင်ခိုင်းပြီး ဓာတ်ပုံရိုက်သွားပါတယ်။

ကျွန်တော့်အမေဟာ ဗမာစာ၊ ဗမာစကားလည်း မသိ၊ ကြောက်လည်းကြောက်ဆိုတော့ သူတို့ခိုင်းတဲ့အတိုင်းဓာတ်ပုံရိုက်ပေးလိုက်ရပါတယ်။ ကျွန်တော်အိမ်ပြန်လာမှ ကျွန်တော့်တူလေးက သူတို့ဆိုင်းဘုတ်က ရေးထားတဲ့စာသားကို ကူးရေးပြီး ကျွန်တော့်ကို ပြန်ပြောပြလို့ ဒီအဖြစ်အပျက်ကို သိခဲ့ရတာပါ။ အလားတူ ကျွန်တော်တို့ ရွာထဲက အိမ်အချို့နဲ့ တခြားသူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေရဲ့ရပ်ကွက် သုံးခုလောက်မှာလည်း ဒီလိုအဖြစ်မျိုးကြုံခဲ့ရတယ်လို့ ပြောပါတယ်။

ကျွန်တော့်အမေရဲ့ဓာတ်ပုံကိုတော့ သူတို့ဘယ်နေရာမှာ ပြန်အသုံးချမလဲဆိုတာ မသိရပါဘူး။ တကယ်လို့များ စစ်တပ်ကို ကျွန်တော်တို့ ပြည်နယ်က တိုင်းရင်းသားတွေ ထောက်ခံတယ်လို့ ဝါဒဖြန့်တာတွေ ရှိလာတဲ့အခါ စစ်တပ်ကို တကယ် ထောက်ခံကြတာ မဟုတ်ဘဲ အခုလို မသိနားမလည်တဲ့ ပြည်သူတွေကို အသုံးချနေကြတယ်ဆိုတာကို အများသူငှာသိစေဖို့ မဇ္ဈိမအယ်ဒီတာထံပေးစာကနေ တင်ပြလိုက်ရပါတယ် ခင်ဗျား။

#Mizzima

#အယ်ဒီတာထံ ပေးစာ

#လိမ်လည်ဓာတ်ပုံရိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly