ကချင်မှာ တစ်သျူးငှက်ပျောခေတ်အလွန်

ကချင်မှာ တစ်သျူးငှက်ပျောခေတ်အလွန်

ဇွန် ၄

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး မြန်မာ၏သွင်းကုန်၊ ထုတ်ကုန်အများစုကို ပိုင်ဆိုင်ထားသည်။ ၂၀၁၉ ခုနှစ် ဒေတာများအရ ကုန်သွယ်မှုပမာဏအားလုံးပေါင်း အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံနီးပါးရှိခဲ့သည့်အထဲ တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၁၂ ဘီလီယံဝန်းကျင်ရှိခဲ့သည်။

သို့သော် ကိုဗစ်နှင့် မြန်မာနိုင်ငံဘက်တွင် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာပြည်တွင်းမှာ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု သိသိသာသာကို ကျဆင်းသွားခဲ့သည်။

အလားတူပင် ကချင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ တစ်သျူးငှက်ပျောတင်ပို့မှုလည်း ကျဆင်းသွားခဲ့သည်။

ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံသို့ တစ်သျူးငှက်ပျောတင်ပို့မှုမှာ ၂၀၁၉- ၂၀၂၀ ကာလတွင် ၇၃၃,၄၉၄ တန်ချိန် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၉၈.၇၇၀ သန်းရရှိခဲ့သည်။

၂၀၂၂ ဝင်လာသည့်အခါ လက်ရှိအချိန်အထိ တစ်သျူးငှက်ပျောတင်ပို့ရောင်းချမှုများက ယခင်နှစ်များကာလအတူအချိန်ကထက် သိသိသာသာကိုကျဆင်ခဲ့ပြီး၊ တစ်သျူးငှက်ပျောအများဆုံးတင်ပို့နေသည့် ကန်ပိုက်တည်နယ်စပ်ဂိတ်မှ ပို့ကုန်အနေဖြင့် ၁၀၁၁ တန်သာ တင်ပို့နိုင်ခဲ့ပြီး လွယ်ဂျယ်နယ်စပ်ဂိတ်ကနေတော့ တင်ပို့ရောင်ချမှု မပြုလုပ်နိုင်ခဲ့ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနရဲ့ အချက် အလက်များအရ သိရသည်။

ကချင်ပြည်နယ်မှထွက်ရှိသည့် တစ်သျူးငှက်ပျောများကို ကံပိုက်တီ ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး ကူမင်း၊ ပေကျင်း၊ ကွမ်တုံ၊ သုံးပိတ်၊ ဟိန်းလုံကျန်၊ ရှီအန်၊ စွေကျုံး၊ ဝုဟန်၊ ထုံချင်း၊ ကျိန်ကျုံး စသည့် ပြည်နယ်များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ တစ်သျူးငှက်ပျောတင်ပို့မှုမှ ရရှိသည့် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံရရှိမှုအနေဖြင့် ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁,၄၀၀ ကျော်၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၂,၁၀၀ ကျော် ၊ ၂၀၁၈ ခုနှစ် ဧပြီလမှ ဒီ ဇင်ဘာလအထိ ကျပ်သန်းပေါင်း ၃,၀၀၀ ကျော် ကောက်ခံရရှိခဲ့​ကြောင်း မဇ္ဈိမ၏စုံစမ်းမှုအရ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှ တိုက်ပွဲများကြောင့် ဒေသခံအများစုက စစ်ဘေးတိမ်းရှောင်ရင်း ယနေ့အချိန်ထိ ဘာသာရေးဆိုင်ရာ သာသနာမြေများအပေါ်မှာ ယာယီစစ်ဘေးရှောင်စခန်းများကို ဆောက်လုပ်ကာနေထိုင်နေကြရသည်။ ထိုသို့သော အခြေအနေများကြောင့် စိုက်ပျိုးရေးလုပ်ငန်းအများစုကို ယနေ့အချိန်ထိ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပါ။

ကချင်ပြည်နယ်အတွင်းက တစ်သျူးငှက်ပျော စိုက်ပျိုးရေးအများစုက အာဏာသိမ်းကာလအတွင်း အထိနာအရှုံးပေါ်ခဲ့ကြောင်း ဒေသတွင်းစိုက်ပျိုးလုပ်ကိုင်နေကြသည့် ကုန်သည်များထံကနေ သိရသည်။ ယခုလို အရှုံးပေါ်မှုက တစ်သျူးစိုက်ပျိုးလုပ်ငန်းတွင်းမှ အလုပ်သမားများကို လုပ်ခလစာ ပေးချေမှုအထိ ခက်ခဲမှုတွေရှိလာခဲ့သည်။

တရုတ်နိုင်ငံဘက်ကိုသာ အဓိကထားပြီး တင်ပို့နေသည့် ကချင်ပြည်နယ်အတွင်းက တစ်သျူးငှက်ပျောများက ၂၀၂၁ ခုနှစ်အတွင်း အမှည့်လွန်သည်အထိ တင်ပို့နိုင်ခဲ့ခြင်းမရှိတာကြောင့် ကြွေကျပျက်စီးကုန်သည့်အပြင်တရုတ်လုပ်ငန်းရှင်များက ကိုဗစ်ကူးစပ်ရောဂါအခြေအနေကို အကြောင်းပြကာ ပြည်တွင်းမှ ရုတ်ချည်း ပြန်လည်ထွက်ခွာသွားသည့်အတွက် တစ်သျူးအလုပ်သမားအများစု လုပ်ခလစာမရကြသေးသည့် ဖြစ်ရပ်များပင် ရှိလာခဲ့တာဖြစ်ခဲ့သည်။

တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှု

တရုတ် - မြန်မာနှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် တစ်သျူးငှက်ပျောစိုက်ပျိုးခြင်းကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကတည်းကနေ ယနေ့အချိန်ထိ စစ်တပ်နှင့် အလွန်နီးစပ်ခဲ့သည့် သူဌေးကြီးအုပ်စု ကချင်ခရိုနီအသိုင်းအဝိုင်းက “ဘိန်းအစားထိုးသီးနှံ”အဖြစ် စတင်စိုက်ပျိုးခဲ့ကြပြီး၊ ယနေ့အထိ စိုက်ပျိုးလုပ်ကိုင်နေကြဆဲဖြစ်သည်။ အဆိုပါ သူဌေးကြီးအုပ်စုက စိုက်ပျိုးမြေငှားရမ်းပေးခြင်းနှင့် အစားထိုးနာမည်ခံခြင်းများလုပ်ကိုင်ခဲ့သော်လည်း ၎င်းတို့အုပ်စုကို နောက်ကွယ်က အရင်းအနှီးစိုက်ထုတ်ကာ ရင်းနှီးမြှုပ်နှံနေသူများသည် တရုတ်စိုက်ပျိုးရေးကုန်သည်များသာဖြစ်သည်။ သို့ဖြစ်ပါ၍ တရုတ်စိုက်ပျိုးရေးကုန်သည်များသာ မရှိခဲ့လျှင် တစ်သျူးငှက်ပျောလုပ်ငန်း ပြန်လည်တည်ထောင်ရန် လွန်စွာမှခက်ခဲနေသည့် အခြေအနေဖြစ်နေသည်။

ကချင်ပြည်နယ်အတွင်း ဖားကန့်ကျောက်စိမ်းရတနာမြေပြီးလျှင် တစ်သျူးငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းက မြန်မာပြည်တစ်ဝန်းမှ ရွေ့ပြောင်းအလုပ်လာလုပ်သူ သောင်းချီရှိနေသည့် နေရာတစ်ခုလည်း ဖြစ်သည်။

ဈေးကွက်ပျက်သွားတဲ့ တစ်သျူးငှက်ပျောနေရာမှာ တခြားလုပ်ငန်းနဲ့ အစားထိုနိုင်မလား။

လက်ရှိစစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်သော ဦးခက်ထိန်နန် ဦးဆောင်နေသည့် “ကချင်ပြည်နယ်အစိုးရအဖွဲ့”ဟုခေါ်သော အဖွဲ့အစည်တစ်ခုလုံး၏ လူကြီးများက ကျောက်စိမ်းတူးဖော်ရေးအပြင် တစ်သျူးငှက်ပျောစိုက်ပျိုးရေးနှင့် ဆက်နွယ်ကာ ချမ်းသာလာခဲ့ကြသူများပင်ဖြစ်သည်။ အာဏာမသိမ်းခင်က ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးရေးမြေဧက ထောင်ပေါင်းများစွာလုပ်ခဲ့သည်။

“လက်ရှိစစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သည့် ဦးခက်ထိန်နန်ကိုယ်တိုင်က နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ တစ်သျူးငှက်ပျောစိုက်ပျိုးရေးအတွက် မြေဧကသောင်းချီ စိုက်ပျိုးခဲ့တယ်” ဟု တစ်သျူးငှက်ပျောစိုက်ပျိုးရေး ကချင်ကုန်သည် တစ်ဦးက ပြောသည်။

ယခုအချိန်တွင်လည်း တစ်သျူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်ဦးမော့လာနိုင်ရန် ကချင်လုပ်ငန်းရှင်များက တာစူပြင်ဆင်နေသည်။

သို့သော် တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှုမရှိဘဲ တစ်သျူးငှက်ပျောစိုက်ပျိုးခြင်းလုပ်ငန်း ပြန်လည်ဦးမော့လာဖို့က အထူးစိန်ခေါ်ချက် တစ်ခုဖြစ်နေကြောင်း စိုက်ပျိုးရေးတာဝန်ခံတစ်ဦးဖြစ်သည့် ဦးဂမ်အောင်က ပြောသည်။

လက်ရှိတွင် ပြည်နယ်အတွင်း တစ်သျူးစိုက်ပျိုးရေးလုပ်ငန်း ၆၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားပြီဖြစ်ကြောင်းနှင့် “တရုတ်ဘက်ကနေ ကိုဗစ်အကြောင်းပြတာကြောင့် ကျနော်တို့ကုန်ကားတွေ မဝင်နိုင်ခဲ့တာကြောင့် ငှက်ပျောတွေက အဓိကပျက်စီးရတာပါ။ နယ်စပ်ကုန်သွယ်ရေးဥပဒေကိုလည်း ဖြေလျော့ရမယ်။ နောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ မြေဩဇာတွေ၊ မျိုးစေ့ဥပဒေတွေ၊ ပိုးသတ်ဆေးဥပဒေအပြင် ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ စည်ပင်ရဲ့ ဘေးအန္တရာယ်ဖြစ်စေတဲ့ လုပ်ငန်းဥပဒေတွေကြောင့်လည်း မြေပြင်မှာ လုပ်ရကိုင်ရတာ ခက်ခဲတယ်” ဟု သူက ပြောသည်။

ပြည်နယ်မှာ တစ်သျူးငှက်ပျောစိုက်ခင်းအများဆုံးတည်ရှိရာ ဝိုင်းမော်ဒေသခံလည်းဖြစ်ပြီး၊ တစ်သျူးငှက်ပျော စိုက်ပျိုးရေးနှင့်ပတ်သက်ခဲ့သည့် အဆင့်မြင့်အရာရှိတစ်ဦးက “ပြည်တွင်းမတည်ငြိမ်မှုမှာ ကချင်ပြည်နယ်အတွင်း အထူးသဖြင့် ဝိုင်းမော်လို တစ်သျူးငှက်ပျောဒေသကို တခြားစီမံကိန်းပြောင်းဖို့ဆိုတာက Product အပေါ်မူတည်တယ်။ ဟိုဘက်(တရုတ်ကုန်သည်များ)က ဝယ်လက် လက်ကြီးသမားက ဘာတွေဝယ်နိုင်လဲဆိုတဲ့အပေါ်မှာ ဒီကနေပဲ စိုက်ပျိုးလို့ရမယ်။ ကျန်တာက လုပ်လို့မရနိုင်လောက်ဘူး။ ပြည်တွင်းမှာလည်း ပရောဂျက်ကြီးတွေလုပ်ပြီးတော့မှ လုပ်လာနိုင်တဲ့နေရာတွေတော့ မဟုတ်ဘူးကွာ ဒီနေရာတွေက။ အခုလုပ်နေတာကလည်း တရုတ်တွေရဲ့ဝယ်လက်ရှိလိုသာ သူတို့လုပ်ငန်းရှင်တွေလာ ရောက်စိုက်ပျိုးတာ။ ကိုယ်တွေဘက်ကတော့ မြေငှားတဲ့အဆင့်ပဲရှိတယ်။ ဆိုတော့ အဲ့သဘောအခြေအနေမှာ နိုင်ငံခြား(တရုတ်ကုန်သည်များကိုဆိုလို)ကနေ ကိုယ်စီကို လာရောက်ရင်းနှီးမြှုပ်နှံမှု မလုပ်ရင် ဧကသောင်းချီပြီးတော့ ဘာမှမလုပ်နိုင်ဘူး။ နယ်မြေကလည်း အေးချမ်းတဲ့နယ်မြေမဟုတ်တော့ ဒီမှာအလုပ်လာလုပ်မယ့် နိုင်ငံခြားသားတစ်ယောက်အတွက် ကုန်ကျစရိတ််က အရမ်းများတယ်။ သိပ်စွန့်စားရာကျတယ်။ ဒါကြောင့် မလာကြတော့ဘူးထင်တယ်။” လို့ သုံးသပ်ပြောဆိုသည်။

ကိုဗစ်အခြေအနေကြောင့် နယ်စပ်ဂိတ်များ တရုတ်ဘက်က မကြာခဏပိတ်လေ့ရှိသည်။

မြန်မာ-တရုတ်နယ်စပ်တွင်ချင်းရွှေဟော်၊ ကျိုင်းတုံ၊ ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များရှိသော်လည်း ပိတ်လိုက်ဖွင့်လိုက် မကြာခဏဖြစ်ကာ မူဆယ်ဂိတ်သာ အဓိက စီးဆင်းနေသည်။

သို့သော် အခြားသော တရုတ်ရင်းနှီးမြှုပ်နှံမှုများ လုပ်လာဖွယ်ရှိနေပါသေးသည်။

“ ဝဥ၊ ကြံ၊ သကြားနှင့် ဂျုံ” အစရှိသည့်စိုက်ပျိုးရေး လုပ်ငန်းများက လက်ရှိတစ်သျူးငှက်ပျောစိုက်ခင်းကြီးများနေရာတွင် အစားထိုးထွက်ပေါ်လာနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လေ့လာသုံးသပ်နေကြသည့် ပညာရှင်များက ဆိုကြသည်။ ဤလုပ်ငန်းများက တစ်သျူးငှက်ပျောလုပ်ငန်းများလောက် အရင်းအနှီးမကြီးမားသည့်အပြင် တရုတ်နိုင်ငံ၏ဝယ်လိုအားကလည်း ခိုင်မာနေသည့်အတွက် ခရိုနီအုပ်စု အစားထိုးစိုက်ပျိုးလာနိုင်တယ်လို့ သုံးသပ်ပြောဆိုကြသည်။

“တခြားပရောဂျက်ကြီးတွေတော့ ဒီနေရာမှာ မဖြစ်လာနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကုန်ကြမ်းကဒီနေရာမှာ တတ်နိုင်လို့လား။ မရှိဘူးလေ။ အဲ့ဒါကြောင့်မို့လို့ ကုန်ကြမ်းရတဲ့နေရာမှာမှ ကုန်ပစ္စည်းတွေထုတ်တာကိုး။ ဒီနေရာမှာက ကုန်ကြမ်းမရှိဘူး ။ နောက်ပြီး ဒီနေရာတွေက သံခြောက်တော့ထွက်တယ်လို့ပြောတယ်။ အဲ့ဒါကြောင့် သံနဲ့ပက်သက်တဲ့ စီမံကိန်းကို အဲဘက်မှာထားဖို့ကကျပြန်တော့ နယ်မြေမတည်ငြိမ်တဲ့အတွက် တောထဲကယောက်ဖ (ကေအိုင်အေတပ်ဖွဲ့များကို ရည်ညွှန်းခြင်းဖြစ်သည်)တွေနဲ့ တွေ့မယ်။ အဲ့ဒါကြောင့် မဖြစ်နိုင်ဘူး။ အဖြစ်နိုင်ဆုံးက ဒီဝဥတို့၊ ကြံတို့၊ ဂျုံတို့ကိုပဲ စိုက်ပျိုးလာနိုင်တယ်။ ဒါတွေက တရုတ်ရဲ့ဝယ်ယူတဲ့အပေါ်မှာပဲ စိုက်ပျိုးနိုင်သလို၊ တစ်သျူးငှက်ပျောလောက်လည်း အရင်းအနှီးမကြီးတော့ ဒီစီမံကိန်းကြီးတွေတော့ ဖြစ်လာနိုင်တယ်” လို့ ကချင်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လေ့လာသုံးသပ်နေသည့် ပညာရှင်တစ်ဦးကပြောသည်။

အခြားတဘက်တွင်လည်း ကချင်လုပ်ငန်းရှင်ကြီးများက ၂၀၂၂ ခုနှစ်အတွင်း နာလန်ပြန်ထူနိုင်ဖို့အတွက် တရုတ်ဖက်မှတာဝန်ရှိသူများနှင့် ညှိနှိုင်းလျက်ရှိနေသလို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ အတားအဆီးဖြစ်နေသည့် ကိုဗစ်ကူးစက်ရောဂါထိန်းချုပ်နိုင်ရန် တရုတ်နိုင်ငံ၊ ပေါင်ဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ကလည်း တိုးတိုးတိတ်တိတ်လုပ်ဆောင်နေသည်။

မေလ ၅ ရက်နေ့က ပေါင်ဆန်းပြည်နယ်ခွဲအစိုးရအဖွဲ့က မြစ်ကြီးနားမြို့သို့လာရောက်တွေ့ဆုံခဲ့ပြီး တရုတ်ယွမ်ငွေ ၅၁,၅၀၀ ကျော်တန်ဖိုးရှိတဲ့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများကိုလည်း ပေးအပ်ခဲ့သည်။

ကချင်ဒေသဖွံ့ဖြိုးရေးနှင့် ထိန်းချုပ်ရဦးမယ့် တရုတ်နိုင်ငံက စိုက်ပျိုးရေးသွင်းကုန်များ

ရွေ့ပြောင်းအလုပ်သမားအများဆုံးအသုံးပြုရသည့် တစ်သျူးငှက်ပျောစိုက်ပျိုးရေးမှာ သက္ကရာဇ်၂၀၀၇ ကတည်း ယနေ့အချိန်ထိ အလုပ်သမားခေါင်းပုံဖြတ်မှု၊ လူမှုရေးပြဿနာများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ သတင်းများထွက်ပေါ်နေခဲ့သည်။

တစ်သျှူးငှက်ပျောစိုက်ရာတွင် ဓာတုဆေးအများအပြားအသုံးပြုခြင်းက သဘာဝပတ်ဝန်းကျင်ကို လွန်စွာထိခိုက်စေသည်။

တရုတ်နိုင်ငံမှ အတားအဆီးမရှိ တင်သွင်းလာသည့် ဓါတ်မြေဩဇာကို တစ်သျူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းမှာ အလွန်အကျွံအသုံးပြုကြလေ့ရှိသည့်အပေါ် သဘာဝတ်ပန်းကျင်ထိန်းသိမ်းရေးသမားများက ဝေဖန်ထောက်ပြပြီး ဒေသခံများက ကန့်ကွက်မှုရှိသော်လည်း လုပ်ငန်းရှင်များကတော့ မသိကျိုးကျွန်ပြုနေခဲ့သည်။ ပြည်နယ်အစိုးရအဆက်ဆက်ကလည်း မထိန်းကျောင်းနိုင်သလို နိုင်ငံတော်မှာလည်း ဒီပြဿနာအတွက် အဖြေမရှိခဲ့ပါ။

ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ပြည်နယ်အမှုလုပ်ဆောင်ဝင်တစ်ဦးက “NLD လက်ထက်မှာ ပိုးသတ်ဆေးနဲ့ မြေဩဇာ ၁၄ မျိုးကို စိစစ်ပြီး၊ အခွန်အကောက်လုပ်နေတုန်းပဲရှိသေးတယ်။ ကန့်သတ်ထားတဲ့ ပိုးသတ်ဆေးတွေ၊ မျိုးစေ့တွေကို ခိုးသုံးပြီး တရားဝင်လိုလိုလုပ်နေခဲ့ကြတာက ဦးခက်ထိန်နန်တို့အုပ်စု ”ဟု ဆိုသည်။

ကန့်သတ်ထားသည့် မျိုးစေ့များ၊ ပိုးသတ်ဆေးများနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များကို ဝိုင်းမော်မြို့ထဲက လမ်းဘေးတစ်လျှောက်မှာ လက်ညိုးထိုးမလွဲ တွေ့မြင်နိုင်ပါသည်။ ဆိုင်အများစုက တရုတ်နိုင်ငံသားများက ရင်းနှီးမြှုပ်နှံထားကြပေမယ့် ကချင်သူဌေးအုပ်စုက နာမည်ခံထားကြသည်။

ထို့အပြင် စိစစ်မှုမရှိဘဲ အဆင်သင့်ဝင်လာသည့် တရုတ်ပြည်က မျိုးစေ့များမှ ကချင်ဒေသတွင်းက နေရာအနှံ့မှာ နေရာရယူထားကြပြီ ဖြစ်ရာ ဒေသတွင်း မျိုးစေ့များက ပျောက်ကွယ်မည့် အန္တရာယ်ရှိသည်။

မြန်မာနိုင်ငံတွင် မျိုးစေ့ဥပဒေကို ပြဋ္ဌာန်းထားပြီး၊ ဥပဒေပါအချက်အလက်အရ “မည်သူမျှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားခြင်းမရှိသော အပင်သစ်များကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်းမပြုရ။ မည်သူမျှ လိုင်စင်မရှိဘဲ မျိုးစေ့လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။ လိုင်စင်ရရှိသူမည်သူမျှ မျိုးစေ့အရည်အသွေး အာမခံချက်နှင့် ကိုက်ညီခြင်းမရှိသော မျိုးစေ့များကိုသော်လည်းကောင်း ဖြန့်ဖြူးခြင်းမပြုရ” ဟု ဖော်ပြထားသည်။ ဖောက်ဖျက်ပါက ပြစ်မှုပြစ်ဒဏ်အနေဖြင့် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်ဟုလည်းပါရှိသည်။

သို့သော်လည်း ပေါက်ရောက်သော ခရိုနီများက ကန့်သတ်ထားသော ပိုးသတ်ဆေးများ၊ မျိုးစေ့များနှင့် ဓာတ်မြေဩဇာများကို တရုတ်နယ်စပ်ကနေ အတားအဆီးမရှိ တင်သွင်းနေကြဆဲ ဖြစ်သည်။

တစ်သျူးငှက်ပျောစိုက်ပျိုးခြင်းမှ ကချင်ပြည်နယ်က အခွန်မည်မျှရသည်၊ စိုက်ဧကပေါင်းမည်မျှရှိသည်၊ စိုက်ပျိုးမှုနောက်ဆက်တွဲ အကျိုးဆက်ဆိုင်ရာ သုတေသနတို့ကို အစိုးရအဆက်ဆက်က ပွင့်လင်းမြင်သာမှုနည်းပါးခဲ့သည်။

စစ်ကောင်စီလက်ထက် ခရိုနီများနှင့်ပူးပေါင်းကာ ဖြစ်ပေါ်လာမည့် အစစ်အဆေးမရှိလုပ်ငန်းများကိုကား ကချင်ပြည်နယ်က စိုးတစ်ထိတ်ထိတ်ဖြစ်နေရတော့သည်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required