စစ်ကောင်စီတပ်က အလံဖြူထောင်ပြီး စစ်ရှောင်စခန်းများထံ ဆန်သွားလှူ

စစ်ကောင်စီတပ်က အလံဖြူထောင်ပြီး စစ်ရှောင်စခန်းများထံ ဆန်သွားလှူ

ဇွန် ၃

မကွေးတိုင်းနှင့် ချင်းပြည်နယ်နယ်စပ် စံကျေးရွာအတွင်းရှိ စစ်ဘေးရှောင်စခန်းများကို ဇွန်လ ၂ ရက်နေ့ တွင် စစ်ကောင်စီတပ်များက အလံဖြူထောင်ပြီး ဆန်၊ ဆီ သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

ကျောက်ထုလေယာဉ်ကွင်းတွင် စခန်းချထားသည့် စစ်ကောင်စီတပ်များမှ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စံကျေးရွာရှိ တေးဘုန်းကြီးကျောင်းနှင့် စစ်ဘေးရှောင်စခန်းများကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

'' မနေ့က စစ်ကောင်စီတပ်တွေက ကျောက်ထုလေယာဉ်ကွင်းထဲကနေ ခြင်းကြားတွေ ရိက္ခာတွေသယ်ပြီး ထွက်လာကြတာ အင်အား ၂၀၀ လောက်ရှိမယ်။ တချို့ကလည်း စံကျေးရွာမှာရှိတဲ့ မင်းတပ်စစ်ဘေးရှောင်တွေကို အလံဖြူထောင်ပြီး ဆန်၊ ဆီတွေသွားလှူတယ်ပြောတယ်။ တချို့ကလည်း တောထဲမှာ တပ်ဖျောက်နေကြတယ်။ သူတို့ (စကစ) တွေ ဒီလိုစစ်ကြောင်းထွက်တော့ တိုက်နယ် (၂) ဘက်ကသူတွေ ပြေးဖို့ပြင်ဆင်နေကြရတယ်။ မိုးတွင်းကာလကြီးမှာ တော်တော်လေး ဒုက္ခရောက်နေကြရတယ်'' ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ မင်းတပ်မြို့ တိုက်နယ်အမှတ် (၂ )အတွင်း ထိုကဲ့သို့ ဝင်ရောက်လာသောကြောင့် ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင်များ ထပ်မံ ထွက်ပြေးနေကြရကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မတီကလည်း သတင်းထုတ်ပြန်ထားသည်။

ယခုစစ်ကောင်စီတပ်များဝင်ရောက်လာသည့် စံကျေးရွာသည် အိမ်ခြေ ၂၄၀ ကျော် ရှိသည့်ရွာကြီးဖြစ်ပြီး မင်းတပ်မှ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၈၂ စုနှင့် လူဦးရေ ၄၀၀ ကျော် နေထိုင်ကြသည်။

ဓာတ်ပုံ - စံကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များ

#စံကျေးရွာ

#မကွေးနှင့်ချင်းနယ်စပ်

#ဆန်နှင့်ဆီ

#စစ်ဘေးရှောင

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly