မြို့ကြီးပြကြီးက မလုံခြုံတော့တဲ့ အန္တရာယ်တွေကို သတိပြုပါ

မြို့ကြီးပြကြီးက မလုံခြုံတော့တဲ့ အန္တရာယ်တွေကို သတိပြုပါ

မေ ၂၉

"နင့်ကို စစ်စရာ ရှိတယ်။ ဖုန်းပေး" ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် အုပ်စုဖွဲ့ နှောင့်ယှက်ခြင်းခံရသည့် မိန်းကလေးငယ် တစ်ဦးက ၎င်းကြုံတွေ့လိုက်ရသည့် အခြေအနေကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားခြင်းဖြစ်သည်။

ကျူးလွန်သူများက လေသံမာမာထန်ထန် စတင် ပြောခဲ့ကြောင်း အစချီ၍ ရေးသားထားသည်။ ထို့အပြင် ဘေးက လူ နှစ်ယောက်က သူမကို ချုပ်သလို ကိုင်ခဲ့ကြောင်းနှင့် သူမက အနီးရှိ ကားတစီးပေါ်မှ ဆင်းလာသည့် ဦးလေးကြီး တစ်ဦးကို အဖေဟု အသားကုန် အော်ကာ အကူအညီတောင်းလိုက်မှသာ ထိုလူသုံးယောက် ကားပေါ်ပြန်တက်ပြေးသွားကြောင်း ရေးသားချက်တွင် ပါရှိသည်။

အဆိုပါ မိန်းကလေးငယ်ကို Pro Box Taxi ပေါ်မှ ဆင်းလာသည့် လူသုံးယောက်က ဖုန်းစစ်ဆေးစရာ ရှိသည်ဟု လိမ်လည်ကာ အနိုင်ကျင့် လုယက်မည့် အပြုအမူတချို့ ပြုမူခဲ့ပြီး အဆိုပါ မိန်းကလေးမှ ပါးပါးနပ်နပ်ဖြင့် အနီးက ကားတစ်စီးကို အကူအညီ တောင်းခဲ့မှုကြောင့်သာ လွတ်မြောက်ခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း VoiceofAhlone ကရေးသားဖော်ပြထားသည်။

စစ်ကောင်စီထိန်းချုပ်ရာနေရာများဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တရားဥပဒေမဲ့ လုယက်အကြမ်းဖက်ခြင်းနှင့် အုပ်စုဖွဲ့လုယက်ခြင်းများကို ပြောင်ကျကျ ရဲတင်းစွာပြုလုပ်လာခြင်းများ တစ်နေ့တခြား ပို၍တိုးလာနေသည်။

ကျူးလွန်ခံရသူများက ၎င်းတို့၏လူမူကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ဖော်ရေးသာလာကြသော်လည်း အချိန်ပိုင်းအတွင်း ပြန်ဖျက်သွားကြသည်။ လုံခြုံအတွက် စိုးရိမ်ရသည့် အခြေအနေများက မိမိလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြုံတွေ့ရသည့် အခြေအနေကို လွတ်လပ်စွာမထုတ်ဖော်ရဲ့သည်အထိ စိုးရိမ်စိတ်များ ကြီးစိုးနေရမည်ကို တွက်ဆနိုင်မည်ဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မေလ ၂၆ ရက် ညနေပိုင်းမှ စတင်ပြီး ပြည်သူအများ သတိထားနိုင်ရန်ဆိုသည့် စာသားကို သတိပေးသည့် အမှတ်အသားများဖြင့် ခြံရံထားသည့် စာကြောင်းရေ ခြောက်ကြောင်းခန့် ရေးသားထားသည့် စာသားတစ်ခု ပျံ့နှံ့လာခဲ့သည်။

ထိုပျံ့နှံ့လာသည့် စာသားအပြည့်အစုံမှာ “ပြည်သူအများသတိထားနိုင်ရန် ရန်ကုန်မြို့- လမ်းမတော်၊ အလုံ၊ လသာနှင့် သခင်မြပန်းခြံ ပတ်ဝန်းကျင်တွင် ကားအနက်ရောင်တစ်စီးနှင့် လူ လေးဦး လက်ထိပ်များပြ၍ ခရီးသွားပြည်သူ လူငယ်လူရွယ် အမျိုးသမီးများကိုအဓိကပစ်မှတ်ထားပြီး ဖုန်းများလုယူခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်နေပြီး အရိုက်နှက်ခံရသူများကို ကားနံပါတ်လှည့်မကြည့်ရန်ပြောဆိုပြီး ခြိမ်းခြောက် ပစ္စည်းလုယူမှုများ ပြုလုပ်နေသည်ဟု ကြားသိနေရပါသဖြင့် ဂရုစိုက်သတိထားသွားလာနိုင်ကြရန်သတိပေးအပ်ပါသည်။ ပြည်သူအချင်းချင်းရိုင်းပင်းကူညီကြရန်လည်း တောင်းဆိုအပ်ပါသည်။ ” ဟူ၍ ဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အဆိုပါ စာသားကို မည်သူမှ စတင်ဖြန့်ဝေကြောင်းကို မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိခဲ့သော်လည်း ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ဖော်ပြကာ အပြင်ပုံမှန်ထွက်နေရသည့် ပြည်သူများကို သတိပေးသူများ၊ ထင်ရှားသည့် လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် ပြန်လည် မျှဝေဖော်ပြမှုများဖြင့် ပြည်သူအချင်းချင်း ပြန်လည် သတိပေးမှုများ ရှိခဲ့သည်။

စာသားပါ ရေးသားထားသည့် အကြောင်းအရာများသည် လက်ရှိ မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များ ဖြစ်နေသလို ပို၍ ထူးခြားသည်က စစ်ကောင်စီ၏ လုံခြုံရေး တင်းကျပ်စွာချထားသည့် ရန်ကုန်မြို့၏ လူစည်ကားသည့် မြို့ထဲဧရိယာအတွင်း ဖြစ်နေခြင်းပင် ဖြစ်သည်။

စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက် စီးပွားရေးကျပ်တည်းလာမှု၏ နောက်ဆက်တွဲအပြင် တရားဥပဒေစိုးမိုးမှုကင်းမဲ့လာသည့် အခြေအနေများက ဒုစရိုက်မှု ကျူးလွန်သူများအတွက် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်စေခဲ့သည်။

အနီးစပ်ဆုံး ဖြစ်စဉ်တစ်ခုသည် ရန်ကုန်မြို့ရှိ လူအစည်းကားဆုံး နေရာဖြစ်သည့် ကမာရွတ်မြို့နယ် လှည်းတန်းတစ်ဝိုက်တွင် မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အလုပ်သွားသည့် အမျိုးသမီးတစ်ဦး လ်ိုင်းကားပေါ်မှအဆင်း အမျိုးသားသုံးဦး အနားကပ်လာပြီး VPN စစ်မည်ဟုဆိုကာ ဖုန်းတောင်းသည့်အတွက် ဖုန်းထုတ်ပေးချ်ိန် ဓားဖြင့်ထောက်ကာ ဖုန်းနှင့် လူကို အနီးရှိ အိမ်စီးကား Probox ယာဉ်ပေါ်ကို ဆွဲတင်ကာ နေ့ခင်းကြောင်တောင် ပေါ်တင်ဓားထောက် ပြန်ပေးဆွဲမှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးက ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို လူမှုကွန်ရက်တွင် ပြန်လည်ရေးသားမျှဝေထားခဲ့ပြီး သူမကိုယ်တိုင် သတိရှိသည့် အတွက်ကြောင့်သာ ယခုကဲ့သို့ လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်းတွေ့ရှိရသလို လွတ်မြောက်ဖို့ ကြိုးစားခဲ့သည့် အခြေအနေတွင် စိတ်ခြောက်ခြားခြင်းနှင့် ထိခိုက်ဒဏ်ရာတချ်ို့လည်း ရရှိခဲ့ရသည်။

သူမက “ အခုလိုထွက်မပြေးနိုင်ခဲ့တဲ့သူတွေလည်းဘယ်လောက်တောင်ရှိလိမ့်မလဲလို့တွေးပြီး သွားလာနေကြသူများသတိရှိကြပါ” ဟုဆိုသည့်စာသားကိုပါ ရေးသားထားခဲ့ပြီး သူမသာမလွတ်မြောက်ခဲ့ပါက ပြန်ပေးဆွဲသွားသည့် သူများ၏ ရည်ရွယ်ချက်သည် မည်သို့ဖြစ်သည်ဆိုသည်မှာ ခန့်မှန်းရခက်ခဲလွန်းလှသလို ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာကောင်းလွန်းလှသည်။

အဆိုပါ ဖြစ်ရပ်များသည် နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားသည့် စစ်ကောင်စီ၏ တရားဥပဒေစိုးမိုးမှုအပေါ် မေးခွန်းထုတ်ချင်စရာဖြစ်သော်လည်း ကျူးလွန်သူများကိုယ်တိုင်ကပင် အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ ရဲများ၏ ပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေသည့် ပုံစံများဖြင့်သာ လုယက်မှုနှင့် ပြန်ပေးဆွဲမှု ဖြစ်စဉ်များကို ကျူးလွန်နေကြခြင်းဖြစ် သည်။

“လောလောဆယ် ကြားနေရတဲ့ သတင်းတွေကြောင့် အပြင်ကိုတောင် သိပ်မထွက်ဖြစ်တော့ဘူး။ ကြောက်တယ်လေ။ အပြင်မုန့်ထွက်ဝယ်ရင်တောင် ဖုန်းတွေ ပိုက်ဆံတွေကို လက်ထဲမကိုင်ထားတော့ဘူး။ မုန့်ဝယ်မယ့် ပ်ိုက်ဆံပမာဏလောက်ပဲ ယူသွားဖြစ်တော့တယ်။ အပြင်သွားဖြစ်ရင်လည်း လက်တား တက္ကစီမစီးဘူး။ ညီမတို့နေတဲ့ နေရာက လူနေထူထပ်တဲ့နေရာ အဲ့လိုနေရာမှာတောင် ဆိုင်ကယ်တွေနဲ့ လုယက်မှုတွေ မကြာခဏဖြစ်နေတယ်။ ကိုယ့်အန္တရာယ် ကိုယ်ကာကွယ်နေရတယ်” ဟု လှိုင်မြို့နယ်တွင်နေထိုင်သည့် အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လူနေထူထပ်ပြီး စီးပွားရေးလုပ်ငန်းများပြားသည့် ရန်ကုန်မြို့တွင် ယခုကဲ့သို့ အလားတူ ဖြစ်စဉ်များသည် ယခုနှစ် ၂၀၂၂ နှစ်စပိုင်းက စတင်ကာ ခပ်စိတ်စိတ်ကြားလာနေရပြီး ကျူးလွန်ခံခဲ့ရသူများတွင် လူငယ်အရွယ် ယောက်ျားလေး၊ မိန်းကလေးများသာ ဖြစ်နေသည်ကို တွေ့ရသည်။

ကျူးလွန်သူများသည်လည်း ကားကို အသုံးပြုပြီး လူလေးယောက် ငါးယောက်ဖြင့် အဖွဲ့လိုက် လှုပ်ရှားကာ လူသွားလူလာရှင်းလင်းသည့် နေရာများနှင့် တစ်ယောက်တည်းသွားလာသူများကိုသာ အဓိကပစ်မှတ်ထားပြီး လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ထို့အပြင် ၎င်းတို့တွင် လက်ထိပ်၊ သေနတ်နှင့် ဓား စသည့် ပစ္စည်းများ ပါဝင်ပြီး စစ်ဆေးစရာရှိသည့် အတွက်ကားပေါ်တက်ခဲ့ရန် ခေါ်ဆောင်ပြီးနောက်မှသာ ပါလာသည့် တန်ဖိုးရှိသည့် ပစ္စည်းများကို လုယက်နေခြင်း ဖြစ်သည်။

လုယက်ခံခဲ့ရသည့် ဖြစ်စဉ်များသည် ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူများက ပြန်လည်ရေးသားဖော်ပြခြင်းကြောင့်သာ ပြည်သူများ သိရှိရခြင်း ဖြစ်သလို လက်ရှိမြေပြင်တွင် အလားတူဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရသူများလည်း များစွာ ရှိနေနိုင်သည်။

မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိသည့် ရန်ကုန်တိုင်းအတွင် စစ်ကောင်စီတပ်က အင်အားများစွာဖြင့် လုံခြုံရေးကိစ္စများအတွက် အသုံးပြုထားသော်လည်း ၎င်းတို့ကို တော်လှန်ကြသူများကိုသာ ဖမ်းဆီးဖို့ စိတ်အားထက်သန်နေကြပြီး ပြည်သူများ၏ လူမှုဘ၀ နေထိုင်မှုနှင့် လုံခြုံရေး ကိစ္စရပ်များကို လျစ်လျူရှုထားကြောင်း မြို့နေပြည်သူများက ဝေဖန်နေကြသည်။

ထိုအချက်သည်ပင် ဒုစရိုက်သမားများ ပိုမိုရဲတင်းလာရသည့် အကြောင်းအရင်းဖြစ်ပြီး ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံများတွင် ဆိုင်ကယ်အသုံးပြုကာ လုယက်ကျူးလွန်မှုများ တစ်ရက်လျှင် တစ်ကြိမ် အနည်းဆုံး ဖြစ်ပေါ်နေပြီး သတိထားနေထိုင်ကြရန်နှင့် အသွားအလာဆင်ခြင်ကြဖို့ ပြည်သူအချင်းချင်း သတိပေးကာ အချင်းချင်းသာ ပြန်လည်ကာကွယ်နေကြရသည်။

မေလ ၂၇ ရက်နေ့ မနက်ပိုင်းကလည်း အင်းစိန်မြို့နယ်တွင် ဖယ်ရီကားစောင့်နေသည့် အမျိုးသမီးတစ်ဦးကို အမျိုးသား သုံးဦးက ဓားရှည်ကိုင်ကာ လူမြင်ကွင်းတွင် ပေါ်ပေါ်တင်တင်ဓားပြတိုက်ကာ အနီးရှိ သူများကို ရန်ပြုခြင်းများပါပြုလုပ်ခဲ့ပြီး ပြည်သူများက လုယက်မှုကျူးလွန်သူများကို ဝိုင်းဝန်းဖမ်းဆီးခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

“ရန်ကုန်မှာ လုယက်မှုတွေ ခြိမ်းခြောက်ငွေတောင်းမှုတွေက နေ့ဘက်ရော ညဘက်မှာပါ ဖြစ်နေတာ။ နေ့ခင်းကြောင်တောင်ဖြစ်တာတွေ ပိုများလာတာကို ကြည့်ရင် ရန်ကုန်ဟာ ဘယ်လောက်မလုံခြုံဘူးလည်းဆိုတာ သက်သေပဲ။ ညီမဆိုလည်း အပြင်သွားရင် အိတ်ထဲမှာ ငရုတ်ကောင်းစပရေး ဆောင်ထားတယ်။ အရင်ကတော့ အပြင်သွားရင် နားကြပ်လေးတပ်ပြီး သွားတာပေါ့။ အခုတော့ အဲ့လိုလုပ်လို့မရတော့ဘူး။ ပတ်ဝန်းကျင်ကို အမြဲတမ်းသတိထားနေရပြီ” ဟု ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် နေထိုင်သည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။

လုယက်မှု၊ ပြန်ပေးဆွဲမှုများသည် ရန်ကုန်မြို့၏ မြို့နယ် ရပ်ကွက် တော်တော်များများတွင် ဖြစ်ပေါ်နေပြီး ပြည်သူများအနေဖြင့် အပြင်သို့ သွားလာရာတွင် ယခင်ကထက် ပိုမိုသတိရှိကာ မိမိနှင့် ပတ်ဝန်းကျင်ကို အမြဲမပြတ်သတိထားကာ ဂရုပြုဆင်ခြင်သွားလာသင့်ကြောင်းလည်း သူမက သတိပေးပြောကြားသည်။

စစ်ကောင်စီတပ်အာဏာသိမ်းလ်ိုက်သည့်နောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ လူမှုဘဝမလုံခြုံမှုနှင့် မတည်ငြိမ်သည့် နိုင်ငံရေးအခြေအနေများကြား ခေါင်းစဉ်အမျိုးမျိုးဖြင့် လုယက်မှုများ ရန်ကုန်အပြင် မြို့ကြီးများတွင် ဆက်တိုက်ဖြစ်ပွားလျက်ရှိနေသည်။

မန္တလေးမြို့တွင်လည်း လုယက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မနက်ဝေလီဝေလင်းအချိန်များနှင့် ညမှောင်ရီပျိုးစ အချိန်များတွင် ဓားဖြင့် ခုတ်ကာ ဆိုင်ကယ်လုယက်ခြင်းများ ပိုမိုဖြစ်ပွားနေပြီး လုယက်ခံရသည့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အသက်အန္တရာယ်ဆုံးရှုံးရသည့် အခြေအနေများလည်း ကြုံတွေ့နေရသည်။

“ ရန်ကုန်မှာက လူတွေ နေနေတာပဲ ရှိတော့တယ်။ ဘာစည်းကမ်း ဘာဥပဒေမှ မရှိတော့ဘူး။ မြို့ပျက်ကြီးလို ဖြစ်နေပြီ။ တစ်ခုခုဖြစ်လာရင် ကူညီပေးကြမယ့်သူ မရှိတော့ဘူး။ ဘာမှ မလုံခြုံတော့ဘူး။ က်ိုယ့်ဟာကိုယ် လုံခြုံအောင် နေနေရတဲ့ သဘောမျိုး ဖြစ်နေပြီ။ ဆိုတော့ ဒီလိုအခြေအနေကြီးမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ကလွဲပြီး တခြားဘာနည်းလမ်းမှမရှိတော့ဘူး” ဟု လမ်းမတော်မြို့နယ်တွင် နေထ်ိုင်သည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးနှစ်ဦး၏ မိခင်ဖြစ်သူက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင် ပြည်သူတစ်ဦးထံမှ ဖုန်းလုယက်သူကို ဖမ်းဆီးပေးခဲ့သည့် အမျိုးသားတစ်ဦးကို လုယက်သည့် အဖွဲ့မှ လူတစ်စုက နောက်နေ့တွင် လာရောက်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံရသူအတွက် တရားမျှတမှုလည်း မရရှိခဲ့သလို အဆိုပါ ဖြစ်စဉ်ကြောင့် ပြည်သူအချင်းချင်း အပြန်အလှန်ကူညီပေးရန် လက်တွန့်ခြင်းနှင့် ကြောက်ရွံမှုများ ဖြစ်ပေါ်လာရသည်။

ထို့အပြင် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် လုယက်သူများကိုလည်း စစ်ကောင်စီလက်အောက်ခံ ရဲလက်အပ်ပါကလည်း ကျူးလွန်ခဲ့သည့် ပြစ်မှုအပေါ် ထိုက်တန်သည့် တရားစီရင်မှု မရသည့် အခြေအနေများလည်း ရှိနေကြောင်း ရန်ကုန်မြို့နေ ဒေသခံများက ဆိုသည်။

ထို့ကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် အာဏာသိမ်းစစ်ကောင်စီတပ် ထိန်းချုပ်နိုင်ရန်ကြိုးစားနေသည့် မြို့ကြီးများတွင် တရားဥပဒေ စိုးမိုးမှု ယိုယွင်းလာခြင်းကြောင့် ဆက်တိုက်ဖြစ်ပွားလာသည့် ခိုးမှု၊ လုယက်မှုနှင့် နည်းလမ်းအမျိုးမျိုးဖြင့် ဒုစရိုက်မှုများကို ပြည်သူအချင်းချင်းသာ ကူညီရိုင်းပင်းခြင်း၊ အပြန်အလှန်စောင့်ရှောက်ခြင်းများ ဖြင့်သာ ကာကွယ်နိုင်မည်ဖြစ်ပြီး မဖြစ်မနေ အပြင်ထွက်သွားလာနေရသူများလည်း မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို အမြဲမပြတ်စူးစမ်းကာ သတိထားဆင်ခြင်သွားလာသင့်နေပြီ ဖြစ်ပါသည်။

ဓာတ်ပုံ - CJ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly