သီရိလင်္ကာပြီး မြန်မာ အလှည့်လား (အယ်ဒီတာ့အာဘော်)

သီရိလင်္ကာပြီး မြန်မာ အလှည့်လား (အယ်ဒီတာ့အာဘော်)

မေလ ၂၇ ရက်

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှစကာ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အထိန်းအကွပ်မဲ့ ကျဆင်းသလောက် ဖြစ်လာသည်။ နိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းထားသည် ၂၀၀၅ ခုနှစ်မှ ‌​ေ နာက်ပိုင်း မမြင်ဘူးသောအဆင့်သို့ ပြန်လည်ရောက်ရှိမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP အစီရင်ခံစာက ခန့်မှန်းထားချိန် မရှိမဖြစ် စားသောက်ကုန် ဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လျက်ရှိသည်။ ဖြစ်ပွားဆဲ COVID-19 ကပ်ဘေးနှင့် ယူကရိန်းအား ရုရှ ကျူးကျော်စစ်ကြောင့် ဖြစ်ရသော ရေနံျဈေး မြင့်တက်ခြင်းတို့ကလည်း မြန်မာ့စီးပွားရေးအပေါ် သက်ရောက်လျက် ရှိနေသည်။

သို့သော် မြန်မာနိုင်ငံက စီးပွားရေးအခြေအနေသည် ပို၍ ဆိုးဝါးလာဖို့ ရှိသလား။ လက်ရှိ သီရိလင်္ကာတွင် မြင်တွေ့နေရသည့်အတိုင်း မြန်မာ့စီးပွားရေး ဘက်စုံပေါက်ကွဲမှုကို မကြာမီမှာ မြင်တွေ့လာနိုင်သလား။

သီရိလင်္ကာတွင် နိုင်ငံခြားငွေကြေး အလွန်အမင်း ရှားပါးပြတ်လပ်မှုကြောင့် မရှိမဖြစ် သွင်းကုန်များအတွက် ပေးချေနိုင်ခြင်း မရှိရာမှ မကြာသေးသော သီတင်းပတ်များအတွင်း နိုင်ငံက လမ်းများတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်များကြား ပြင်းထန်သည့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားလာတော့သည်။ အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီ ဝယ်ယူနိုင်ရေးအတွက် လူတန်းရှည်ကြီးဖြင့် နာရီများစွာ စောင့်ဆိုင်းကြရသည်။

သီရိလင်္ကာ ရူပီးငွေကြေး တန်ဖိုးကျဆင်းရာမှ ငွေကြေးဖောင်းပွမှုနှုန်းကလည်း မြင့်တက်နေသည်။ စားသောက်ကုန်ဈေးနှုန်များ ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခြင်းနှင့်အတူ ဧပြီလအတွင်းက ငွေကြေးဖောင်းပွမှုသည် ၃၀ ရာခိုင်နှုန်းရှိကြောင်း သီရိလင်္ကာ ဗဟိုဘဏ်က ပြောသည်။ နိုင်ငံ၏ နိုင်ငံခြားအရန်ငွေမှာလည်း ကုန်လွန်ခဲ့သော နှစ်နှစ်က ၇၀ ရာခိုင်နှုန်း နည်းပါးလာခြင်းနှင့်အတူ သိသိသာသာ ထပ်လောင်း၍ ကျဆင်းနေသည်။ အကြီးစား အခြေခံအဆောက်အအုံများအတွက် တရုတ်ချေးငွေအများစုဖြစ်သော နိုင်ငံခြား ကြွေးမြီမှာလည်း မိုးထိုးလျက် ရှိသည်။ ခရီးသွားလုပ်ငန်းနှင့် ပြည်ပမှ ငွေလွှဲငွေပို့ခြင်းကဲ့သို့သော လုပ်ငန်းများမှ ပုံမှန် ရရှိနေသော နိုင်ငံခြားငွေကြေးလဲလှယ်မှု ပမဏာမှာလည်း COVID-19 ကပ်ဘေး ကန့်သတ်စည်းမျဉ်းများကြောင့် ကြီးကြီးမားမား ကျဆင်းနေရာ အခြေအနေက ကူကယ်ရာ မရှိဖြစ်နေသည်။ မြန်မာ့စီးပွားရေးမှာလည်း အလားတူ ဂယက်ရိုက်ခတ်လျက် ရှိနေသည်။

၂၀၂၁ စစ်အာဏာ မသိမ်းခင် နှစ်လက မြန်မာနိုင်ငံ၏ နိုင်ငံခြား ငွေလဲလှယ်မှု အရန်ငွေသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံ ရှိထားခဲ့သည်။ လက်ရှိ အချက်အလက်များကို မရရှိနိုင်သော်လည်း COVID-19 ကပ်ဘေး၊ ပြည်တွင်းရေး မတည်ငြိမ်မှုနှင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုတို့နှင့် ရင်ဆိုင်နေရရာ အရန်ငွေနှုန်းထားသည် တော်တော်လေး နည်းပါးသွားရန်သာ ရှိသည်။ နိုင်ငံခြားကြွေးမြီက ဒေါ်လာ ၁၁ ဘီလီယံ နီးပါး ရှိခြင်းကြောင့် ပြည်ပကြွေးမြီနှင့် နိုင်ငံခြားအရန်ငွေ အလွန်အမင်း ကွာဟာနေရာ ကြွေးမြီပေးချေမှု ပျက်ကွက်ခြင်း ဘေးအန္တရာယ်သည် ထင်းထင်းမြင်သာ ရှိနေတော့သည်။

ဖြစ်တန်ခြေရှိနေသော ကြီးစိုးနေသည့် ရုတ်တရက်ကပ်ဘေးကို မြန်မာနိုင်ငံသည် အထူး ဂရုစိုက်နေရပြီဆိုသော လက္ခဏာရပ်များကိုလည်း မြင်နေတွေ့နေရသည်။

ပြီးခဲ့သည့်လကပင် စစ်ကောင်စီ၏ နိုင်ငံခြား အရန်ငွေ တိုးပွားရရှိရေးကို ရည်ရွယ်ဖော်ဆောင်ဟန်ရှိသည့် မူတစ်ရပ်ကို ကြေညာလာခဲ့သည်။ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံခြားငွေအားလုံးကို ပြည်တွင်း ကျပ်ငွေဖြင့် မဖြစ်မနေ လဲလှယ်ရမည်ဟု စစ်ကောင်စီက ကြေညာလာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသားများအတွက် မထောင်းသာသော ယင်းမူအရ အမေရိကန် တစ်ဒေါ်လာကို တရားဝင်နှုန်းထား ၁၈၅၀ ကျပ်ဖြင့် မဖြစ်မနေ လဲလှယ်ရခြင်းပင် ဖြစ်သည်။ တစ်ဒေါ်လာ၏ ပြင်ပဈေးကွက်ပေါက်ဈေးမှာ ကျပ် ၂၀၀၀ ဝန်းကျင်တွင် ရှိနေသည်။

မြန်မာပြည်သူများအနေဖြင့် ကိုယ်တိုင်ရပ်တည်နိုင်ရေးနှင့် အသုံးအစွဲ လျှော့ချရေးတို့ လိုအပ်ကြောင်းကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က မကြာသေးခင်က ပြောလာခဲ့သည်။ ယင်းသို့သော ပြောဆိုချက်သည် ဓာတုဓာတ်မြေဩဇာ တင်ပို့မှုကို ပိတ်ပင်သည့် သီရိလင်္ကာအစိုးရ၏ အမိန့်အတိုင်းပင် ဆင်တူဖြစ်တော့သည်။ အစိုးရ၏ သွင်းကုန် ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန် တောင်သူလယ်သမားများအနေဖြင့် ပြည်တွင်း အော်ဂဲနစ်နည်းလမ်းကို အသုံးပြုကြရန် သီရိလင်္ကာအစိုးရက တိုက်တွန်းခဲ့သည်။ ယင်းသို့ လုပ်ဆောင်လိုက်ခြင်းက စားနပ်ရိက္ခာ အခြေအနေကို ပို၍ ဆိုးဝါးသွားစေပြီး ပိတ်ပင်မိန့်ကို သီရိလင်္ကာအစိုးရက နောက်ဆုံး၌ ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

လျင်မြန်စွာ ကြီးထွားလာနေသော ပြည်ပကြွေးမြီကို ရင်ဆိုင်ရာ၌ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ တုံ့ပြန်ဆောင်ရွက်မှုမှာ တရုတ်ရန်ပုံငွေ စိုက်ထူသော အခြေခံအဆောက်အအုံ စီမံကိန်းများကို ပို၍ အတည်ပြုပေးလာခြင်းပဲ ဖြစ်တော့သည်။ မြန်မာနိုင်ငံ၏ ထုတ်ယူနိုင်သော ရင်းမြစ်များနှင့် အခြား စီးပွားရေးများတွင် တရုတ်၏ စီးပွားရေးအကျိုးအမြတ်ကို လိုက်လျောမှု ပေးလာခဲ့ရာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အတည်ပြုပေးခဲ့သော တရုတ်စီမံကိန်းများမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံနီးပါး ရှိသည်။

သေချာသည်မှာ မြန်မာ့စီးပွားရေးသည် အာဏာမသိမ်းခင်ကပင် စီးပွားရေးအုတ်မြစ်၌ အက်ကြောင်းထင်နေပြီးသား ဖြစ်သည်။ အာဏာသိမ်းမှုနှင့် စီးပွားရေးကို ပို၍ ကျပ်တည်းစေသော COVID-19 ကပ်ဘေး ကန့်သတ်ချက်များ မတိုင်ခင်နှစ်များကပင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဖော်ဆောင်ရမှုများ ပျက်ကွက်ခဲ့သည်။ COVID-19 ကပ်ဘေးကြောင့် စီးပွားရေးလုပ်ငန်းများကို ပိတ်ခဲ့ရပြီး အထည်ချုပ်၊ ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဂယက်လှိုင်းထခဲ့ရသည်။ သို့ရာတွင် ၂၀၂၁ အာဏာသိမ်းမှုနှင့် စစ်ကောင်စီ၏ လုပ်ရပ်များက မီးထဲ လောင်စာ လောင်းထည့်လိုက်ခြင်းပဲ ဖြစ်တော့သည်။

စစ်ကောင်စီတပ်နှင့် ခုခံတွန်းလှန်ရေးတပ်ဖွဲ့များ (EAOs၊ PDFs စသဖြင့်) ကြား လက်နက်ကိုင်ပဋိပက္ခများကလည်း နေ့စဉ် မြင့်တက်နေသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ကြပြီး ရခိုင်ပြည်နယ်တွင်လည်း ပဋိပက္ခများ ပေါ်ပေါက်လာရန် တာဆူနေသည်။ လက်နက်ကိုင် ပဋိပက္ခများသည် သက်ရောက်ရာ ဒေသ၏ စီးပွားရေးကွင်းဆက်များကို အကြီးအကျယ် ထိခိုက်စေလျက် ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကျေးရွာများမှ လူငယ်များသည် ကာကွယ်ရေးတပ်ဖွဲ့များသို့ ဝင်ရောက်ကြခြင်းကြောင့် နိုင်ငံ၏ ဒုတိယအကြီးဆုံး တိုင်းဒေသကြီး၏ နေရာတော်တော်များများတွင် လယ်ယာစိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုများ ရပ်တန့်လာနေသည်။

ပြီးခဲ့သည်နှစ်က တိုက်ပွဲများ ပြင်းထန်သထက် ပြင်းထန်လာခြင်းကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူ ထောင်ပေါင်းများစွာရှိလာခဲ့ပြီး ထိုင်းနှင့် အိန္ဒိယနယ်စပ်များသို့ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရသည်။ စစ်အာဏာသိမ်းပြီး ၁၅ နီးပါးအကြာတွင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသား ၁၀၀ လျှင် တစ်ဦးနှုန်းက နေရပ်ရွှေ့ပြောင်းကြရရာ ပြည်တွင်း ဒုက္ခသည်ဦးရေ စုစုပေါင်းသည် ၉၁၂၇၀၀ အထိ ရှိလာကြောင်း လူသားချင်းစာနာထောက်ထားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNOCHA က ၂၀၂၂ ဧပြီလအတွင်း ပြောသည်။

ရလဒ်အားဖြင့် မြန်မာနိုင်ငံ၏ မူဘောင်မဲ့ စီးပွားရေးသည် ပြန်လည်နိုးထလာမှုအချို့ ရှိသည့်တိုင် အတွင်းလှိုက် ပြိုကျမှု လက္ခဏာများ ကြီးထွားလာသည်။ မြန်မာနိုင်ငံသည် COVID-19 နှင့် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု မရှိခဲ့လျှင် ဖြစ်လာနိုင်သော စီးပွားရေးဖွံ့ဖြိုးမှုထက် ၃၀ ရာခိုင်နှုန်းနီးပါး ဖွံ့ဖြိုးမှု ကျုံ့ကာ ‘သေရေးရှင်ရေး အားနည်သော စီးပွားရေး’ ဖြစ်ပေါ်နေကြောင်း ယခုနှစ် ဇန်နဝါရီလအတွင်း၌ ကမ္ဘာ့ဘဏ်က ပြောသည်။ မြန်မာစီးပွားရေးလုပ်ငန်းများ၏ ထက်ဝက်သည် ကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းခြင်းကြောင့် လုပ်ငန်းကွင်းဆက် အမျှင်ပြတ်မှုများကို ကြုံတွေ့ရကြောင်း အလားတူ အစီရင်ခံစာက တွေ့ရှိသည်။

ဖြစ်ပွားဆဲ လက်နက်ကိုင်ပဋိပက္ခများ မပါသည့်ကြားမှပင် သွင်းကုန် ကုန်ကျစရိတ် မြင့်တက်မှု၊ နိုင်ငံခြားအရန်ငွေ ရုတ်ခြည်း လျော့နည်းမှု၊ ၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဂျီဒီပီ ဖွံ့ဖြိုးနှုန်း ၄ မှ ၅ ရာခိုင်နှုန်း ကျုံ့နိုင်သည့် အလားအလာနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းတို့ကို တွက်ဆခြင်းအားဖြင့် နောက်ထပ် သီရိလင်္ကာလိုနိုင်ငံမျိုး မြန်မာနိုင်ငံက ဖြစ်လာနိုင်သည့် လမ်းကြောင်းပေါ် ရောက်နေသည်။

မျှော်လင့်အားရဖွယ်မရှိသော ခန့်မှန်းချက်နှင့် ရင်ဆိုင်နေရစဉ် မြန်မာစစ်အာဏာသိမ်းအုပ်စုနှင့် တစစ ပြိုကျပျက်စီးနေသော မြန်မာ့စီးပွားရေးတို့ကို တရုတ်က အာမခံပေးလာမည်လား။ သီရိလင်္ကာကို အကူအညီများ ပေးရန် တရုတ်သည် တွန့်ဆုတ်နေကောင်း နေနိုင်သည်။ အိန္ဒိယသမုဒ္ဒရာ စစ်နယ်ဝန်းအား ဩဇာလွှမ်းနိုင်ရေးအတွက် ရုန်းကန်နေရရာတွင် သီရိလင်္ကာ ကျွန်းနိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာနှင့် အခြေခံ အဆောက်အအုံ နှစ်ရပ်စလုံးတွင် တရုတ်၏ အကျိုးစီးပွားများ ရှိသည့်ကြားမှပင် သီရိလင်္ကာကို ကူညီရေး လက်နှေးနေခြင်းလည်း ဖြစ်သည်။

သို့ရာတွင် ကြွေးမြီ ပေးချေနိုင်ရေးကို ကျော်လွှားနိုင်ဖွယ် မရှိသော လူထု မလိုလားသည့် မြန်မာစစ်ကောင်စီအတွက် တရုတ်က အာမခံလိုခြင်း မရှိခဲ့လျှင် ယနေ့ သီရိလင်္ကာတွင် ကြုံတွေ့နေရသော အကျပ်အတည်းများက မြန်မာနိုင်ငံတွင် ဖြစ်ပွားပေါ်ပေါက်လာရန် ဖြစ်တန်ခြေ တိုးများလာနေပြီး လာမည့် လများ သို့မဟုတ် နှစ်များတွင် မြန်မာနိုင်ငံ၌ ထပ်တိုး ဘေးဒုက္ခ ကျရောက်လာမည်သာ ဖြစ်တော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly