ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ် ရေကြီးကမ်းပြို၍ စစ်ရှောင်စခန်းများ အရေးပေါ် ရွှေ့ပြောင်းနေရ

ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ် ရေကြီးကမ်းပြို၍ စစ်ရှောင်စခန်းများ အရေးပေါ် ရွှေ့ပြောင်းနေရ

မေ ၂၂

ကရင်ပြည်နယ် ၊ မြဝတီခရိုင် ဒေါနတောင် အရှေ့ဘက်ခြမ်းရှိ သောင်းရင်းမြစ်ရေသည် ယမန်နေ့ မေလ ၂၁ မှ စတင် တိုးလာပြီး ကမ်းပါးများ ပြိုကျနေခြင်းကြောင့် ကမ်းအနီးရှိ စစ်ဘေးရှောင် စခန်းများ အရေးပေါ် ရွှေ့ပြောင်း နေရသည်။

မုန်တိုင်းကြောင့် မေလ ၂၀ ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး စစ်ရှောင် စခန်းများရှိ ယာယီတဲများ ပျက်စီးခြင်း ၊ မြေပြိုကျခြင်း ရိက္ခာများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နေကြောင်း စစ်ရှောင် စခန်းကို ကူညီ ပေးနေသူများက ပြောသည်။

“ကမ်းပါးတွေ အတော် ပြိုနေတာဗျ။ မယ့်ကော်ကင်းဘက်ပေါ့။ မြန်မာဘက်ဆို ဖလူးလေး ကျေးရွာ ဘက်ပေါ့။ အဲ့ဒီက စစ်ရှောင်စခန်း အသစ်မှာ ပိုဆိုးတယ်။ လူဦးရေ ၁,၀၀၀ ကျော်လောက် ရှိတယ်ဗျ။ မြစ်ရေက နေ့ချင်းညချင်း တက်တာ။ အရင်က လူနဲ့ ဖြတ်ကူးလို့ ရတဲ့ နေရာက စက်လှေတောင် သွားမရတော့ဘူး။ ရေစီး အရမ်းသန်တယ်။ တောင်ကျရေကြောင့် ”ဟု စစ်ရှောင်များကို ကူညီပေးနေသူ ကိုချစ်ဖြိုးကိုက ပြောသည်။

တောင်ကျချောင်းရေကြောင့် ရသေ့ဂူ ကျေးရွာနှင့် ၎င်းအနီးဝန်းကျင်မှ ကျေးရွာ ဒေသခံများသည် ရေလွတ်ရာ အမြင့်နေရာများသို့ ပြောင်းရွှေ့ နေကျရပြီး နေထိုင်ရေးနှင့် ရိက္ခာများ အထူး လိုအပ်လျက် ရှိသည်။

“ အခု ကျွန်တော် ပို့လိုက်တဲ့ ပုံတွေက ဒီနေ့မနက် ၅ နာရီခွဲ က ကျွန်တော်တို့ စစ်ရှောင်စခန်းဘေးက သောင်းရင်းမြစ် အခြေနေပါ။ မိုးရွာတာ အခုထိ မရပ်သေးဘူး။ ကမ်းစပ်နဲ့ နီးတဲ့ စစ်ဘေးရှောင် တဲအိမ်တွေ ရေလွတ်တဲ့ နေရာကို ပြောင်းနေရတယ် ”ဟု စစ်ရှောင် စခန်းတွင် နေထိုင်သူ စစ်ရှောင် တစ်ဦးက ပြောသည်။

ယခုကဲ့သို့ မြစ်ရေကြီးနေသည့် အချိန်တွင် စစ်ကောင်စီက စစ်ကြောင်း ထိုးလာမည်ကို စစ်ဘေးရှောင်များ အလွန်စိုးရိမ်နေပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပါက ထိုင်းနိုင်ငံဘက်ကို ခိုလှုံရန် အခက်ခဲ များစွာ ဖြစ်နိုင်ကြောင်း စစ်ရှောင်များက ပြောသည်။

မေလ ၁၈ ရက်နေ့ သေ့ဘောဘိုးစခန်း တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက် မှုကြောင့် သေ့ဘောဘိုး ကျေးရွာ အပါဝင် ကျေးရွာ လေးရွာနီးပါး သောင်းရင်းမြစ် ဘေးသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ အဆိုပါ စစ်ရှောင်များလည်း မြစ်ရေ တိုးခြင်းနှင့် ကမ်းပါး ပြိုကျမှုကြောင့် အခက်ခဲ များစွာရှိနေကြသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ ထိုင်းနိုင်ငံနယ်စပ်‌ သောင်းရင်းမြစ် ဘေးတွင် တိုက်ပွဲကြောင့် စစ်ရှောင်နေရသည့် စခန်းပေါင်း ခုနစ်ခု ရှိနေပြီး လူဦးရေ ၁၀,၀၀၀ ကျော် ခိုလှုံ နေကြရသည်။

#Mizzima

#ထိုင်း-မြန်မာနယ်စပ်

#သောင်းရင်းမြစ်

#ရေကြီးကမ်းပြို

#စစ်ရှောင်စခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly