ရေဦးနှင့်ဒီပဲယင်း တိုက်ပွဲတွင် သေဆုံးသည့် စစ်ကောင်စီတပ်၏ ရုပ်အလောင်းများ ဒေသခံနေအိမ်များတွင် မီးတင်ရှို့

ရေဦးနှင့်ဒီပဲယင်း တိုက်ပွဲတွင် သေဆုံးသည့် စစ်ကောင်စီတပ်၏ ရုပ်အလောင်းများ ဒေသခံနေအိမ်များတွင် မီးတင်ရှို့

မေ ၂၁

စစ်ကိုင်းတိုင်း၊ ရေဦးနှင့် ဒီပဲယင်းနယ်တွင် ဖြစ်ပွားသည့် နှစ်ရက်တာတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်မှ ၂၀ ကျော်သေဆုံးကာ ရုပ်အလောင်းများအား ဒေသခံများ၏ နေအိမ်များထဲတွင် ထည့်သွင်းကာ မီးတင်ရှို့ထားခဲ့ကြောင်း  Khin U Local Guerrilla Force(KUGF) တပ်ဖွဲ့ တာဝန်ခံ ဗိုလ်ဂျက်စတင်က ပြောသည်။

ပြီးခဲ့သည့် မေ ၁၈ နှင့် ၁၉ ရက် များတွင် ရေဦးမြို့နယ် ၊ မူးသာကုန်းကျေးရွာ နှင့် ပိဠိကတ်ကျကျေးရွာကြား ၊ ဒီပဲယင်း မြို့နယ် ချောင်းပေါက်ကျေးရွာ နှင့် ညောင်လှကျေးရွာတို့ကြားတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည် အဆိုပါတိုက်ပွဲများတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ရုပ်အလောင်းများကို ကျေးရွာများကို မီးရှို့ရာတွင် ထည့်သွင်းရှို့ခဲ့ခြင်းဖြစ်သည်။ 

“မေလ ၁၈ရက်နေ့မှာ ရေဦးမြို့နယ်ကနေ စစ်အင်အား ၁၀၀လောက်နဲ့ သူတို့ စစ်ကြောင်းစထွက်လာတယ်။ ရွာသာလေးကိုရောက်တော့ အပြစ်မဲ့ပြည်သူ နှစ်ဦးကို ဖမ်းတယ်။ ပြီးတော့ကုက္ကိုလ်စုရွာကိုဝင်တယ်။ မူးတာကုန်းရွာမှာ တော့ နေအိမ်တွေ ကိုမီးရှို့တယ်။ ညနေခင်း ၄ နာရီအချိန် လောက်ကျတော့ ကျွန်တော်တို့က မိုင်းဆွဲပြီး ၁၅ မိနစ်လောက်အပြန်အလှန်ပစ်ကြတယ်” ဟု ဗိုလ်ဂျက်စတင်က မေလ ၁၈ ရက်နေ့တိုက်ပွဲ အကြောင်းပြောသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် မေလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် စစ်ကြောင်းနှစ်ကြောင်းခွဲကာတက်လာသည့် အဆိုပါ စစ်ကြောင်းအား ဒီပဲယင်းမြို့နယ် ၊ ချောင်းပါက်ကျေးရွာနှင့် ညောင်လှကျေးရွာကြားတွင်  မိုင်းနှစ်လုံးခွဲ၍  ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြန်သည်။

“ပေ ၁၀၀ အတွင်းကို သူတို့ရောက်လာတယ်။ ကျွန်တော်တို့က အပိုင် ထိုင်စောင့် နေတာ။ သူတို့ကတပ်စုနှစ်စုခွဲပြီးတော့တက်လာတာ ရှေ့ကတပ်စုက ကျွန်တော်တို့ ပစ်ကွင်းထဲရောက်လာတာနဲ့ ခေါင်းမထောင်နိုင်အောင်ကိုပစ်တာ။ သူတို့ဘက်က ပြန်တောင်မပစ်နိုင်ဘူး။ နောက်မှာကျန်ခဲ့တဲ့ တပ်စုကသာ လက်နက်ကြီးတွေ ဘာတွေနဲ့ လှမ်းပစ်နိုင်တာ။ ရှေ့ကတပ်စုကတော့ တော်တော်ထိသွားတယ်” ဟု   ဗိုလ်ဂျက်စတင်က ပြောသည်။

 Khin U Local Guerrilla Force(KUGF)တပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် တိုက်ပွဲရုပ်သံတွင်လည်း လမ်းကွင်းပြင်များကြားတွင် အကာအကွယ်မရှိ ပစ်ခတ်ခံနေရ သည့် စစ်ကောင်စီတပ်သားများကို တွေ့မြင်ရသည်။ မိနစ် ၃၀ ခန့်ကြာတိုက်ပွဲ ဖြစ်ပွားပြီးနောက်  ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်ကောင်စီတပ်သည် ညောင်လှကျေးရွာတွင် တပ်စွဲထားလိုက်ကြောင်းသိရသည်။ 

“နောက်နေ့(မေလ ၂၀ ရက်)မှာ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်တော့ သူတို့နေရာယူထားတဲ့ လယ်ကွင်းတွေထဲမှာ သွေးကွက်တွေ ၊ စစ်အသုံးအဆောင်တွေ ၊ ဦးထုပ်တွေနဲ့ ဖိနပ်တွေ တွေ့တယ်။  ပြီးတော့သူတို့က တပ်စွဲသွားတဲ့ သရက်တော ကျေးရွာရဲ့နေအိမ် ၂၁ လုံးကိုမီးရှို့တယ်။ အဲ့ဒီမှာ အထဲမှာ သူတို့ရဲ့အလောင်းတွေကိုပါ မီးထည့်ရှို့သွားကြတယ်ဗျ။ ကျွန်တော်တို့တွေ့တဲ့အလောင်းက ၂၀ ကျော်လောက်ရှိ တယ်။ သူတို့အလောင်းတွေလို့ပြောနိုင်တာက ဒီဘက်က ရွာတွေထဲမှာ ရွာသားတွေ သတ်ဖြတ်ခံရတာမျိုးမရှိတာတွေကြောင့်ပါ။ အဲ့ဒီဘက်က ရွာတွေမှာ ရွာသားတွေက တိုက်ပွဲ မဖြစ်ခင် ကတည်းက အကုန်လုံးရွှေ့ပြောင်းပြီးသွားပြီ” ဟု ဗိုလ်ဂျက်စတင်က  ပြောသည်။ 

 KhinU Local Guerrilla Force(KUGF)မှ ရိုက်ကူးထားသည့် ညောင်လှကျေးရွာ နေအိမ်များ မီးလောင်ထားသည့်ပြာပုံကြားတွင်လည်း ရုပ်အလောင်းပုံအချို့ကို တွေ့မြင်ရသည်။ 

အဆိုပါ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် ရမ်းသန်းပစ်ခတ်၍   စစ်ဘေးရှောင် ပြည်သူအမျိုးသား ငါးဦးသေဆုံးခဲ့ကြောင်း  ဗိုလ်ဂျက်စတင်ထံက သိရသည်။ 

"မူးမြစ်တစ်ဘက်ကမ်းကနေ စစ်ဘေးရှောင်တွေက ခပ်လှမ်းလှမ်းကနေ အစုလိုက် ကြည့်နေကြတာ။ ကျွန်တော်တို့က စစ်ကောင်စီတပ်တွေကိုမိုင်းဆွဲရော စစ်သားတွေက သူတို့ကိုမိုင်းဆွဲခံရတာ အဲ့ဒီကထင်ပြီး လက်နက်ကြီးနဲ့ပစ်လိုက်တာ ၁၃ ယောက် လောက်ရှိတဲ့ ရွာသားတွေအနားကျသွားလို့ ငါးယောက်သေသွားတာပါ။ ဘယ်ရွာတွေက ဆိုတာတော့ အတိအကျမသိရသေးပါဘူး” ဟု ဗိုလ်ဂျက်စတင်ကပြောသည်။

အဆိုပါ နှစ်ရက်တာတိုက်ပွဲတွင် ကာကွယ်ရေးတပ်ပေါင်းစုဘက်မှ တပ်သားတစ်ဦး လက်နက် ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်ဂျက်စတင် ထံကသိရသည်။

အဆိုပါ တိုက်ပွဲများကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Khin U Local Guerrilla Force (KUGF)၊နတ်ဆိုးပြောက်ကျား၊၅/မဟူရာကျွဲရိုင်း၊ RDDF ၊ ရွှေဘိုခရိုင်တပ်ရင်း(၄)၊၊ ရွှေဘိုခရိုင်တပ်ရင်း(၅)၊ ရွှေဘိုခရိုင်တပ်ရင်း(၉)၊ ရွှေဘိုခရိုင်တပ်ရင်း(၁၂) ၊ Ye-U Freedom Comrades နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ကြခြင်းဖြစ်သည်။

#Mizzima
#စစ်ကိုင်းတိုင်း
#ရေဦးဒီပဲယင်း
#စစ်ကောင်စီ
#ရုပ်အလောင်းများ
#နေအိမ်များတွင်မီးတင်ရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly