စစ်မှုထမ်းရန် ဖိတ်ခေါ်နေသည့် မွန်ပြည်နယ်ကာကွယ်ရေးတပ် ၊မြောက်ပိုင်းဒေသ တာဝန်ခံ နိုင်ကိုသူအား ဆက်သွယ် မေးမြန်းခြင်း

စစ်မှုထမ်းရန် ဖိတ်ခေါ်နေသည့် မွန်ပြည်နယ်ကာကွယ်ရေးတပ် ၊မြောက်ပိုင်းဒေသ တာဝန်ခံ နိုင်ကိုသူအား ဆက်သွယ် မေးမြန်းခြင်း
Photo : CJ

မေ ၁၉

မွန်ပြည် ကာကွယ်ရေးတပ် -Mon State Defense Force (MSDF) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကုန်ပိုင်းတွင် စတင်ဖွဲ့စည်းဖို့ ရည်ရွယ်ခဲ့သည်။ MSDF ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံရေးတတ်ကြွလှုပ်ရှားသည့် တိုင်းရင်းသားလူငယ်များဖြင့် မွန်ပြည်နယ်တွင် ဖွဲ့စည်းကြောင်းကို တရားဝင်ကြေညာခဲ့သည်။

မွန်ပြည် ကာကွယ်ရေးတပ် ကို MSDF တပ်ရင်း ၊ တောင်ပိုင်း ၊ မြောက်ပိုင်းတပ်ခွဲ ၊ တစ်စုများ ဖွဲ့စည်းခဲ့ပြီး တောင်ပိုင်းတိုင်းအတွက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလပိုင်းမှ စတင်၍ စစ်မှုထမ်းရန် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ မြောက်ပိုင်းတိုင်းအတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ စစ်မှုထမ်းရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

MSDF ၏ စစ်မှုထမ်းရန် တရားဝင်ဖိတ်ခေါ်ချက် ၊ အမျိုးသားညီညွတ်ရေး အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု တို့ကို သိရှိနိုင်ရန် မဇ္ဈိမသတင်းဌာန ၊ သတင်းထောက် ကိုထွန်းထွန်းဝင်း က မွန်ပြည် ကာကွယ်ရေးတပ် -Mon State Defense Force (MSDF) မြောက်ပိုင်းဒေသ တာဝန်ခံ နိုင်ကိုသူ အားဆက်သွယ်မေးမြန်းခဲ့သည်။

မဇ္ဈိမ ။ ။ မွန်ပြည် ကာကွယ်ရေးတပ် Mon State Defense Force (MSDF) ပေါ်ပေါက်လာပုံကို သိချင်ပါတယ်။ ပြောပြပေးပါဦး ခင်ဗျာ။

နိုင်ကိုသူ (မြောက်ပိုင်းဒေသ တာဝန်ခံ) ။ ။ ကျွန်တော်က စစ်တပ်အာဏာ မသိမ်းခင်ကာလ၊ နွေဦးတော်လှန်ရေး မပေါ်ပေါက်ခင် ကာလကတည်းက နိုင်ငံရေး လူမှုရေး လုပ်ငန်းတွေမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ ဆယ်စုနှစ် တစ်ခုကျော် ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မွန်အမျိုးသားရေး ကိစ္စရပ်တွေနဲ့ မွန်ပြည်အရေးတွေမှာလည်း ကိုယ်တတ်စွမ်းတဲ့ ဘက်ကနေ ပါဝင်လုပ်ကိုင်ခဲ့တယ်။

စစ်တပ် အာဏာသိမ်းလိုက်တဲ့ အချိန်မှာတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေက နည်းမျိုးစုံနဲ့ ဆန့်ကျင် တော်လှန်ခဲ့ကြတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့က ရန်ကုန်မှာ ရောက်နေတဲ့ မွန်လူငယ်တွေနဲ့ ချိတ်ဆက်ပြီး “အာဏာရှင် တော်လှန်သော မွန်လူငယ်များ အင်အားစု (MAD)” ကို ဖွဲ့စည်းခဲ့တယ်။ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ - GSCN ဖွဲစည်းတဲ့အခါမှာလည်းပါဝင်ခဲ့ပြီး အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ငြိမ်းချမ်းစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ နောက်မွန်ပြည် ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC) ဖွဲ့စည်းတဲ့ အခါမှာလည်း ကော်မတီဝင် တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး အာဏာရှင် ဆန့်ကျန်ရေး လုပ်ငန်းတွေမှာ နည်းမျိုးစုံနဲ့ ပါဝင်လုပ်ကိုင်ခဲ့တယ်။

ကျွန်တော်တို့ရဲ့ “အာဏာရှင် တော်လှန်သော မွန်လူငယ်များ အင်းအားစု (MAD)” နဲ့ “လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ - GSCN” တို့ ပူးပေါင်းပြီး (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်မှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပခဲ့တယ်။ မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပနေတဲ့အချိန်မှာပဲ အာဏာသိမ်း စစ်တပ် က လက်နက်အားကိုးပြီး အကြမ်းဖက် ဖြိုခွင်းတာကို ခံခဲ့ရတယ်။ အလားတူ အာဏာသိမ်းစစ်တပ်က တစ်နိုင်ငံလုံးမှာ အကြမ်းဖက် ဖြိုခွင်းမှုတွေ ၊ ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်မှုတွေကို အကြိမ်ကြိမ် လုပ်ဆောင်လာတဲ့ အခါမှာတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ကျွန်တော်တိုရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ ၊ တော်လှန်ရေး ရပ်တည်ချက်တွေက အချိန်တိုအတွင်း ပြောင်းလဲခဲ့တယ်။ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို လျှောက်လှမ်းဖို ရွေးချယ်ဖြစ်ခဲ့တယ်။

အကြမ်းဖက် စစ်တပ်ကို လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့ ဆန့်ကျင် တော်လှန်ဖို့ ဆုံးဖြတ်ပြီးတဲ့ အချိန်မှာတော့ တပ် တစ်ခုကိုထူထောင်ဖို့ အချိန်ယူ ပြင်ဆင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေနဲ့ ချိတ်ဆက်ဆောင် ရွက်ခဲ့တယ်။

မဇ္ဈိမ ။ ။ မွန်ပြည် ကာကွယ်ရေးတပ် - MSDF ရဲ့ ရည်ရွယ်ချက်နဲ့ အနာဂတ် ရည်မှန်းချက်ကို ပြောပြပေးပါ။

နိုင်ကိုသူ (မြောက်ပိုင်းဒေသ တာဝန်ခံ) ။ ။ MSDF ရဲ့ အဓိက ရည်မှန်းချက်ကတော့ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် အမျိုးမျိုး အမြစ်ဖြတ် ချေမှုန်းရေး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေးပါ။

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက်ဆိုရင် အကြမ်းဖက် စစ်တပ်ကို ပြတ်ပြတ်သားသား တော်လှန်မယ့် မွန်တပ် တစ်တပ် ရှိဖို လိုလာပြီ။ ဒါကြောင့် အချိန်ယူ ပြင်ဆင်ခဲ့ပြီး မွန်ပြည် ကာကွယ်ရေးတပ် - MSDF ဖွဲ့စည်းတည်ထောင်ခဲ့တယ်။

မဇ္ဈိမ ။ ။ မွန်ပြည် ကာကွယ်ရေးတပ် - MSDF ကို ဘယ်လို ပုံစံမျိုး ဖွဲ့စည်း တည်ထောင်ထားပါသလဲ။

နိုင်ကိုသူ (မြောက်ပိုင်းဒေသ တာဝန်ခံ) ။ ။ မွန်ပြည်နယ်ဟာ ပထဝီ အနေအထားအရ ကွဲပြား ခြားနားနေတဲ့အတွက် မွန်ပြည် ကာကွယ်ရေးတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မြောက်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသ ဆိုပြီးတော့ သတ်မှတ်ဖွဲ့စည်းထားပါတယ်။

လက်ရှိအချိန်မှာတော့ ကျွန်တော်က မွန်ပြည် ကာကွယ်ရေးတပ် - MSDF ရဲ့ မြောက်ပိုင်းဒေသကို တာဝန်ခံ အနေနဲ့ တာဝန်ယူထားတယ်။ တပ်တည် ဆောက်ရေးကိစ္စ၊ အခြေခံစစ်သင်တန်းပေးရေးကိစ္စတွေနဲ့ စွမ်းရည်မြှင့်တင်ရေး ကိစ္စတွေကို အဓိကထားပြီး ပြင်ဆင်ဆောင်ရွက်နေပါတယ်။

မဇ္ဈိမ ။ ။ မွန်ပြည် ကာကွယ်ရေးတပ် - MSDF က စစ်မူထမ်းဖို့ ဖိတ်ခေါ် နေတာတွေ့ရတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါ။

နိုင်ကိုသူ (မြောက်ပိုင်းဒေသ တာဝန်ခံ) ။ ။ မွန်ပြည် ကာကွယ်ရေးတပ် - MSDF မှာ တာဝန်ထမ်းဆောင်ချင်တဲ့ ပြည်သူတွေအနေနဲ့ အဓိက လိုအပ်တဲ့ အချက်ကတော့ အာဏာရှင် ဆန့်ကျင် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်‌ရေးအတွက် စိတ်အား ထက်သန်သူ ဖြစ်ရပါမယ်။ အခြေခံစစ်သင်တန်း ပြီးတဲ့အချိန်က စပြီး အနည်းဆုံး နှစ် နှစ် စစ်မှု ထမ်းဆောင်နိုင်သူ ဖြစ်ရပါမယ်။

- ကျန်းမာရေး ကောင်းမွန်ရမယ်။

- ပင်ပန်း ဆင်းရဲမှုဒဏ် ခံနိုင်ရမယ်။

- မိသားစု၊ ဆွေမျိုး၊ အချိန်အတိုင်းအတာ တစ်ခုအထိ အဆက်အသွယ် ဖြတ်နိုင်ရမယ်။

ဒါတွေက သင်တန်းကာလကို ဆိုလိုတာ ဖြစ်ပါတယ်။

- မွန်လူမျိုးနှင့် မွန်ပြည်နယ် ကောင်းကျိုးအတွက် တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရပါ မယ်။

- စစ်မှုထမ်းလိုသူသည် အသက် (၁၈) နှစ်မှ (၄၀) နှစ်အတွင်း ဖြစ်ရပါမယ်။

တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းဖို့ ဆက်သွယ်လာသူတွေထဲက အချို့ကိုတော့ MSDF တပ်ဖွဲ့ရဲ့ သတ်မှတ်ချက်စည်းမျဉ်း စည်းကမ်းတွေနဲ့ မကိုက်ညီလို့ ငြင်းပယ်လိုက်ရ တာမျိုးတွေလည်း ရှိပါတယ်။ အခြေအနေအရ ဖြစ်တဲ့အတွက် နားလည်ပေးစေ လိုပါတယ်။

မဇ္ဈိမ ။ ။ အနည်းဆုံး နှစ် နှစ်စစ်မူထမ်းရမယ် ဆိုတာက ဘယ်လို အကြောင်းကြောင့်ပါလဲ။ ပြောပြပေးပါဦးခင်ဗျာ။

နိုင်ကိုသူ (မြောက်ပိုင်းဒေသ တာဝန်ခံ) ။ ။ International Army တွေမှာ National Service အနေနဲ့ နှစ် နှစ် စစ်မူထမ်းရတယ်ဆိုတာကို အခြေခံပါတယ်။ ဒါကြောင့် မွန်ပြည် ကာကွယ်ရေးတပ် - MSDF တပ်ဖွဲ့ဝင်တွေအနေနဲ့ အနည်းဆုံး နှစ် နှစ် စစ်မှုထမ်းရမယ် ဆိုတဲ့ မူကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မဇ္ဈိမ ။ ။စစ်မှုထမ်းဖို့ ဖိတ်ခေါ်တာက ကျား/မ မရွေး ဖိတ်ခေါ်တာလား ။

နိုင်ကိုသူ (မြောက်ပိုင်းဒေသ တာဝန်ခံ) ။ ။ အဲ့ဒါကတော့ သင်တန်းသားခေါ်ယူတဲ့ ကြေညာချက်တွေမှာ ပါပြီးဖြစ်ပါတယ်။ အဓိက ကတော့ အာဏာရှင် ဆန့်ကျင် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်‌ရေးအတွက် စိတ်အား ထက်သန်တဲ့ မည်သူကိုမဆို မူဝါဒ စည်းမျဉ်း စည်းကမ်းများနဲ့အညီ စိစစ်ပြီးလက်ခံပါတယ်။ ကျား/မ လိင်စိတ် ကွဲပြားမှုပေါ်အခြေခံပြီး ခွဲခြား ဆက်ဆံတာမျိုးတော့ မရှိပါဘူး ။

မဇ္ဈိမ ။ ။ မွန်လူမျိုးနဲ့ မွန်ပြည်နယ် ကောင်းကျိုးအတွက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

နိုင်ကိုသူ (မြောက်ပိုင်းဒေသ တာဝန်ခံ) ။ ။ အဓိကကတော့ ဖက်ဒရယ် ပြည်ထောင်စုကို ရည်မှန်းပြီး အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်နေတာဖြစ်ပါတယ်။ အခုလိုအချိန်မှာ ပြတ်ပြတ် သားသား ရပ်တည်ပြီး ကိုယ့်အလုပ်ကိုယ် မှန်မှန် ကန်ကန်နဲ့ သတိရှိရှိ လုပ်ကြဖို့ လိုအပ်ပါတယ်။ မွန်လူမျိုးနဲ့ မွန်ပြည်နယ် ကောင်းကျိုးအတွက် ဆိုတာကတော့ နောင်တစ်ချိန် မွန်ပြည်မှာ ဖက်ဒရယ်တပ် ဖွဲ့စည်း တည်ထောင်နိုင် ရေးအတွက် ရည်မှန်းပြီး မွန်ပြည် ကာကွယ်ရေးတပ် - MSDF ကိုတည်ထောင်တာပါ။ ဒါကို ရှင်းရှင်း လင်းလင်း နားလည် သဘောပေါက်အောင် အဲ့ဒီအချက်ကို ထည့်သွင်း ထားတာ ဖြစ်ပါတယ်။

မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ဆောင်ရွက်မှုက ဘယ်လိုအခြေနေ ရှိပါသလဲ။

နိုင်ကိုသူ (မြောက်ပိုင်းဒေသ တာဝန်ခံ) ။ ။ မွန်ပြည် ကာကွယ်ရေးတပ် - MSDF စတင်ဖွဲစည်းပြီးတဲ့ အချိန်ကတည်းက အဖွဲ့အစည်းရဲ့ မူဝါဒ စည်းမျဉ်း စည်းကမ်းနဲ့ ရည်ရွယ်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများဆီကို အီးမေးလ် ပေးပို့ပြီး အကြောင်းကြားထားပါတယ်။ လက်ရှိ NUG မှာ တာဝန်ယူထားတဲ့ မွန်ဝန်ကြီးတွေနဲ့လည်း ပုံမှန် ချိတ်ဆက် ဆောင်ရွက်နေ တာတွေ ရှိပါတယ်။

မဇ္ဈိမ။ ။ လက်နက်ထောက်ပံ့မှု အခြေအနေနဲ့ လက်နက်ထုတ်လုပ်နိုင်မှု အနေအထားက ဘယ်လိုရှိပါသလဲ။

နိုင်ကိုသူ (မြောက်ပိုင်းဒေသ တာဝန်ခံ) ။ ။ အခုအချိန်မှာတော့ လက်နက် ထောက်ပံ့မှု ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အဖွဲ့စည်းတိုင်းမှာ အခက်အခဲတွေ များစွာရှိနေပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ တပ်ရဲ့ လိုအပ်ချက်တွေကို ကိုယ့် အဆက်အသွယ်နဲ့ ကိုယ်၊ ကိုယ့်နည်း ကိုယ်ဟန်နဲ့ကိုယ် ဖြေရှင်း ဆောင်ရွက်နေပါတယ်။

မဇ္ဈိမ ။ ။ မွန်ပြည်ကာကွယ်ရေးတပ် - MSDF နဲ့ အတူ စစ်အာဏာရှင်ကို တော်လှန်ဖို့ ပါဝင်ကြမယ့် ပြည်သူတွေကို ဘာများ ပြောပြချင်တာ ရှိမလဲ။ အကိုတို့အနေနဲ့ ပြောပြချင်တာ ဘာတွေများ ရှိမလဲ ။

နိုင်ကိုသူ (မြောက်ပိုင်းဒေသ တာဝန်ခံ) ။ ။ ယခုအချိန်က အကြမ်းဖက် စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင် တော်လှန်ရမဲ့ အချိန် ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးနဲ့ ဖယ်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး အတွက် အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် မွန်လူမျိုးတွေအနေနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါ။ တော်လှန်ရေးမှာ ယခုထက်ပိုပြီး ပါဝင်ပေးကြပါ။ လူထု တော်လှန်ရေးမှ တစ်ဆင့် ဖက်ဒရယ် တပ်မတော် ဆီသို့ တက်လှမ်းကြဖို့ကို တိုက်တွန်းချင်ပါတယ်။

မဇ္ဈိမ ။ ။ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

#Mizzima
#MSDF
#မြောက်ပိုင်းတာဝန်ခံ
#အင်တာဗျူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly