စစ်ကောင်စီက ရွှေဈေးကွက် ထိန်းချုပ်ဖို့ပြင်ဆင်နေပြီလား

စစ်ကောင်စီက ရွှေဈေးကွက် ထိန်းချုပ်ဖို့ပြင်ဆင်နေပြီလား

မေ ၁၈

စစ်ကောင်စီက ပြည်တွင်းရွှေဈေးကွက်ကို ထိန်းချုပ်ဖို့ ပြင်ဆင်နေပြီလားဆိုတာ စဉ်းစားစရာဖြစ်နေပါပြီ။

​ပြည်တွင်းရွှေဈေးကွက်ကို စစ်ကောင်စီက ထိန်းချုပ်ပြီးရင် သူ့အတွက် ဘာတွေအကျိုးအမြတ်ရနိုင်မလဲဆိုတာကိုလည်း တွေးကြည့်ရအောင်ပါ။

ပြည်တွင်းမှာရှိတဲ့ ရွှေဆိုင်တွေက ရွှေတုံး၊ ရွှေခဲစာရင်းတွေကို စစ်ကောင်စီက စာရင်းကောက်ယူနေပါတယ်။ဒါဟာ ရွှေဈေးကွက်ကို ထိန်းချုပ်ဖို့ ခြေလှမ်းစနေပြီလို့ မှတ်ယူရမှာပါ။

ပြည်တွင်းရွှေဈေးကွက်ကို ဈေးသတ်မှတ် နေတဲ့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ရွှေအရောင်းအဝယ်နဲ့ပတ်သက်တဲ့ အချက် ခုနစ်ချက် ကို မေလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲ့ဒီ အချက် ခုနစ်ချက်အရဆိုရင် ပြည်တွင်းရွှေတုံးရွှေခဲများပမာဏနဲ့ အရောင်းအဝယ် စီးဆင်းမှုကို စစ်ကောင်စီကထိန်းချုပ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များမှ တစ်ဆင့်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့လည်း ရန်ကုန်မြို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက သုံးသပ်ထားပါတယ်။

" ရွှေအတုံးအခဲဆိုတာမျိုးကလည်း အလျော့တွက် လက်ခ သက်သာချင်ပြီး တကယ်စုဆောင်းမယ့်သူလုပ်တာများတယ်။ အခုက ဒီလိုဝယ်မယ့်သူတွေတောင် လိုင်စင်လုပ်ရမယ့် သဘောဖြစ်နေတယ်။ တစ်ခါမှ ဒီလိုစည်းကမ်းချက်ဆိုတာ မထုတ်ဖူးဘူး။ အခုက စာရင်းနဲ့အတိအကျလုပ်ခိုင်းတာပါ။ ဆိုင်မှာဘယ်လောက်ရှိတယ်၊ ပမာဏက ဘယ်လိုဆိုတာ အားလုံးသိချင်နေတဲ့သဘောမှာရှိတယ်။ သိပြီးရင်လည်း ဘယ်လိုလုပ်မလဲဆိုတာ ခန့်မှန်းလို့ရနေတာပဲ။ ဒါက အသင်းကနေတစ်ဆင့် လူမိုက်ငှားပြီး စာရင်းကောက်ခိုင်းနေတဲ့သဘောပဲပေါ့" ဟု ပြောသည်။

ရွှေအရောင်းအဝယ်လိုင်စင် ပြုလုပ်ထားခြင်းမရှိတဲ့ ရွှေဆိုင်တွေ လိုင်စင်ပြုလုပ်ထားဖို့၊ မီးလင်းရွှေအတုံးအခဲ အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ လိုင်စင်ပြုလုပ်ထားကြဖို့ လိုအပ်တယ်လို့ အချက် ခုနစ်ချက်မှာပါရှိပါတယ်။

ပုံမှန်အားဖြင့် ရွှေအတုံးအခဲဝယ်စုလေ့ရှိပြီး ပြင်ပမှာအရောင်းအဝယ်မလုပ်ပေမယ့်လည်း ရွှေဈေးအတက်အကျအပေါ်မူတည်ပြီး မူလဝယ်ထားတဲ့ဆိုင်မှာ ပြန်ရောင်းလေ့ရှိတဲ့ အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးကလည်း ရွှေလုပ်ငန်းရှင်အသင်းရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အခုလိုပြောပြထားပါတယ်။

" စာအရဆိုရင် အရောင်းအဝယ်လိုင်စင်ပါလုပ်ရမယ့်သဘောဖြစ်နေတယ်။ ဟိုးအရင်ခေတ်တွေကတည်းက လူတွေက ရွှေဝယ်တယ်၊ စုကြတယ်။ ငွေလိုအပ်ရင်ပဲဖြစ်စေ၊ ဈေးတက်ရင်ပဲဖြစ်စေပြန်ရောင်းတယ်။ ဈေးကျရင်ပြန်ဝယ်တယ်။ ဒါကို အရောင်းအဝယ်သမားလို့တော့ သတ်မှတ်လို့မရဘူးထင်တာပဲ။ ကျွန်မဆိုရင်လည်း အလျော့တွက်လက်ခ သက်သာတဲ့ ရွှေအတုံးအခဲ၊ ရွှေစ ဝယ်စုလေ့ရှိတယ်။ အသင်းကထုတ်ပြန်ထားသလို အရောင်းအဝယ်လိုင်စင်ရှိမှ ဆိုတာမျိုးက အဆင်မပြေဘူး" ဟု ပြောသည်။

ရွှေအရောင်းအဝယ် လိုင်စင်ပြုလုပ်မထားတဲ့သူတွေအနေနဲ့ အွန်လိုင်းကတစ်ဆင့် အရောင်းဝယ်ပြုလုပ်ပါက အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီအချက်ဟာ လူမှုကွန်ရက်စာမျက်နှာများမှာ Live Sale ဖြင့်ရောင်းချနေတဲ့ အနုပညာရှင်များ၊ Social Influencer စတဲ့ သူတွေအတွက်ရော အကျုံးဝင်သလားဆိုတာ တွေးကြည့်ရမှာပါ။

" ရွှေဆိုင်ပိုင်ရှင်တွေက ငှားတဲ့အခါ Live Sale ရောင်းတယ်။ဒါက ကိုယ့်ကိုငှားလို့ ကိုယ်ကလည်း ရောင်းပေးတယ်လေ။ စာအရဆိုရင် ကိုယ်တွေပါ ပါနေမလားမသိဘူးပေါ့" ဟု ရွှေဆိုင်များမှာLive Sale လွှင့်ရောင်းနေကြဖြစ်တဲ့ အမည်မဖော်လိုတဲ့အနုပညာရှင်တစ်ဦးက ပြောဆိုထားတာပါ။

ရွှေဆိုင်များအနေနဲ့ ရွှေတုံးရွှေခဲစာရင်းတွေကို တိတိကျကျ မှန်မှန်ကန်ကန်စာရင်းပြုစုပြီးပေးရမယ့်အပြင်၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး နေရာတွင်သာ ရွှေအရောင်းအဝယ်ပြုလုပ်ရန်နဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုရောင်းဝယ်ခြင်းမပြုရဘူးလို့လည်း အသင်းရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

" ရွှေအရောင်းအဝယ်ကိုလည်း အသင်းရုံးမှာပဲအရောင်းအဝယ်လုပ်ရမယ်ဆိုတော့ အပြင်က ရွှေဆိုင်တွေက မလိုအပ်တဲ့သဘောဖြစ်နေတာလား။ ကိုယ့်ဆိုင်ကို လာဝယ်တဲ့သူကိုရော ဝယ်မယ့်ရွှေကိုရော ကားနဲ့တင်ခေါ်ပြီး အသင်းရုံးမှာ သက်သေခံပြီး ရောင်းရမယ့် ပုံစံဖြစ်နေတယ်။ အလုပ်မဟုတ်တာတွေလုပ်နေတယ်။ အကြောင်းပြချက်ကတော့ ရွှေဈေးတည်ငြိမ်ပြီး၊ မှောင်ခိုဈေးကွက်ပပျောက်အောင်လို့ဆိုပြီးပြောထားတယ်။ မှောင်ခိုဈေးကွက်ဆိုတာက နေရာတိုင်းမှာရှိနေတာပဲလေ" ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကလည်း သုံးသပ်ထားပါတယ်။

စစ်ကောင်စီက ရွှေလုပ်ငန်းရှင်အသင်းကို ထိန်းချုပ်ထားပြီး ၎င်းတို့ သတ်မှတ်ဈေးအတိုင်းရောင်းချရန် ဖိအားပေးထားသလို၊ ၎င်းတို့ သတ်မှတ်​​သော​ဈေးဖြင့် ဈေးကွက်အတွင်းရွှေဝယ်ယူ၍ မရကြောင်းလည်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံခြားလိုငွေများလာခြင်းကြောင့်ပြည်တွင်းရှိ ဒေါ်လာနဲ့ ရွှေကို ပိုမိုထိန်းချုပ်လာတာဖြစ်ပြီးတော့ ပြည်သူပိုင်ရွှေများကို အဓမ္မသိမ်းယူရန် ကြံစည်နေခြင်းဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

​ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကလည်း အထက်မှာရေးသားထားတဲ့ အချက် ခုနစ်ချက်ကို မလိုက်နာပါက ဖမ်းဆီးအရေးယူမယ်လို့လည်း ရေးထားပါတယ်။

စစ်ကောင်စီက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အဖွဲ့ဝင်များ အပါအဝင် ရွှေလုပ်ငန်းရှင် ကိုးဦးကို မေလ ၁၆ရက် ညနေပိုင်းက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုးဦးကိုတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတာ စုံစမ်းသိရခြင်းမရှိသေးပါဘူး။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကတော့ ဖမ်းဆီးခံရသူတွေဟာ ရွှေလုပ်ငန်းရှင်များ မဟုတ်ဘဲ ​လေပက်ကား​ရောင်းဝယ်သူများဖြစ်တယ်လို့ မီဒီယာအချို့ကို​ဖြေကြားထားပါတယ်။

"မနေ့က ဖမ်းဆီးခံရသူတွေက ရွှေကုန်သည်တွေမဟုတ်ဘဲ လမ်းပေါ်က လေပတ်ကားရောင်းချတဲ့သူတွေပါ။ ရုံးချိန်ပြင်ပ အပြင်မှာ အရောင်းအဝယ်လုပ်တဲ့သူတွေ။ နယ်စပ်ကိုသွားနေတာတွေကို စုံစမ်းနေချိန်မှာ အခုလို အဖမ်းခံရတာပါ’’

လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌက ပြောထားပါတယ်။

မေလ ၁၆ရက်နေ့မှာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အဖွဲ့ဝင်များ အပါအဝင် ရွှေလုပ်ငန်းရှင် ကိုးဦးဖမ်းဆီးပြီးတဲ့နောက်မှာ အသင်းဘက်ကနေ အချက် ခုနစ်ချက်ကို ထုတ်ပြန်ခဲ့တာပါ။

ဒါဟာစစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးပြီးတော့ ရွှေဈေးကွက်ကို ထိန်းချုပ်ဖို့အတွက် ပြင်ဆင်နေပြီဆိုတာ သုံးသပ်လို့ရနိုင်မှာပါ။

#Mizzima

#စစ်ကောင်စီ

#ရွှေစျေးကွက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly