မအူပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၆၂ လုံးပျက်စီး

မအူပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၆၂ လုံးပျက်စီး

မေ ၁၇

ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် မေလ ၁၆ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ အုပ်စု ၁၂ စုမှ နေအိမ် ၁၆၂ လုံးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျွဲဒုံးကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာအုပ်စုနှင့် နတ်စင်ကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စု ၁၂ စုမှ နေအိမ်များပျက်စီးခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ လူနေအိမ် ၁၃၀ လုံး အမိုးလန်ပြီး ၃၂ လုံး ပြိုကျ ပျက်စီးသွားပါတယ်။ ပြိုကျပျက်စီးသွားတဲ့ လူနေအိမ် ၃၂ လုံးက မိသားစုတွေကိုတော့ သက်ဆိုင်ရာဆွေမျိုးတွေရဲ့ အိမ်တွေမှာ ထားထားပါတယ်။ ကယ်ဆယ် ရေးစခန်းပုံစံ သီးသန့်ဖွင့်ထားတာမျိုးတော့ မရှိပါဘူး” ဟု ၎င်းကဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အဆိုပါလူနေအိမ်များကို မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကူညီခဲ့သည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြိုကျပျက်စီးခဲ့သည့်နေအိမ်များမှ မိသားစုဝင်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးအစီအစဥ်များ ပြုလုပ်ရန်စီစဥ်ဆောင်ရွက်နေသည်ဟု ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ၏ အဆိုအရသိရသည်။

#Mizzima

#မအူပင်မြို့နယ်

#လေပြင်းတိုက်ခတ်

#နေအိမ်၁၆၂လုံးပျက်စီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required