ထိုင်းနိုင်ငံက အဝယ်လိုက်နေမှုကြောင့် မြိတ်ကျွန်းစု ဒေသထွက် ဒူးရင်းစေ့ ဈေးကောင်း ရရှိ

By ကိုရွှေမြိတ်
10 May 2022
ထိုင်းနိုင်ငံက အဝယ်လိုက်နေမှုကြောင့် မြိတ်ကျွန်းစု ဒေသထွက် ဒူးရင်းစေ့ ဈေးကောင်း ရရှိ

မေ ၁၀

မြိတ်ကျွန်းစု ဒေသထွက် ရာသီပေါ်သီးနှံ ဒူးရင်းသီး၏ ဒူးရင်းစေ့သည် ယခုနှစ်တွင် ထိုင်းနိုင်ငံဘက်မှ အဝယ်လိုက်နေမှုကြောင့် ဈေးကောင်း ရရှိနေကြောင်း မြိတ် အဝယ်ဒိုင် များထံက သိရသည်။

ထိုင်းနိုင်ငံသည် အဆိုပါ ဒူးရင်းစေ့ကို ၂၀၂၁ ခုနှစ် ရာသီတွင် အဖွင့်ဈေး တစ်ကီလိုလျင် ငွေကျပ် ၁၇၀၀ ပေါက်ဈေးနှင့် ဝယ်ယူခဲ့ပြီး ယခုနှစ်တွင် တစ်ကီလိုလျင် ငွေကျပ် ၃၅၀၀ ကနေ ၇၀၀၀ ကျပ် အထိ ဈေးကောင်းပေးဝယ်ယူနေသည်ဟု ဒူးရင်းစေ့ အဝယ်ဒိုင်က သိရသည်။

“မြိတ် ဒူးရင်းစေ့တွေ အများစုကတော့ ထိုင်းကို အဓိက တင်ပို့တာပါ။ ဒါကို သူတို့က မြန်မာ မျိုးနဲ့ ထိုင်းမျိုး ပင်ပျိုး ကိုင်းကူးပြီး ပြန်စိုက်တယ်”ဟု မြိတ်တောင်ကျေးရွာရှိ အရှေ့သိမ်ကျောင်း အနီးဒူရင်းစေ့ အဝယ်ဒိုင်မှ တာဝန် ရှိသူက ပြောသည်။

ထို့အပြင် တဆင့် ပြန်လည် ဝယ်ယူထားသည့် ဒူးရင်းစေ့များကို အပင်ပျိုးပြီး မျိုးကြမ်း တစ်ပင်ကို ၅၀၀ ကျပ် နှင့် ကိုင်းကူး ပျိုးပင် တစ်ပင်ကို ၄၀၀၀ ကျပ် အထိ ဒေသတွင်း အရောင်း/အဝယ် ဖြစ်နေကြောင်း ဒူးရင်းစေ့ အဝယ်ဒိုင်များထံက သိရ သည်။

“ထိုင်းကတော့ ဒေသ မျိုးစေ့ ဒူးရင်းစေ့ကို နှစ်တိုင်းတော့ ဝယ်ပါတယ်။ ဒီနှစ်က ဈေးပို ကောင်း လာတယ်” ဟု မြိတ်ဒေသခံ တစ်ဦးက ပြော သည်။

အဆိုပါ ဒူးရင်းစေ့များကို မြိတ်မှ တဆင့် တနင်္သာရီ-မောတောင် နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန် ခရိုင်သို့ တင်ပို့ ရောင်းချကြောင်း ဒူးရင်းစေ့ အဝယ်ဒိုင်များထံက သိရ သည်။

#Mizzima

#ထိုင်းနိုင်ငံ

#မြိတ်ဒူးရင်းစေ့

#အဝယ်လိုက်

#ဈေးကောင်းရ

#PhotoNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly