အိုဘယ့် Q ဟိုတယ်(အယ်ဒီတာထံပေးစာ)

အိုဘယ့် Q ဟိုတယ်(အယ်ဒီတာထံပေးစာ)

ဧပြီ ၂၁

ကျနော်ရဲ့ မြန်မာပြည်ပြန် ကွာရန်တင်းအတွေ့အကြုံမှာ ဟိုတယ်နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ပေါင်းပြီး လုပ်စားတာကို ပြန်ပြောပြချင်ပါတယ်။ တိုင်းပြည်မှာ အစိုးရမရှိ၊ အရေးယူမယ့်သူမရှိလို့ ကိုဗစ်အကြောင်းပြပြီး ရသလောက်ငွေညှစ်နေကြတာ မြင်မကောင်းအောင်ပါပဲ။

ထိုင်းကိုဝင်တော့ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးသား၊ ခရီးမသွားခင် သက်ဆိုင်ရာဌာနမှာ ဆေးစစ် ပြီးသားဆိုရင် Q ဝင်ရတာ တစ်ရက်ပဲနေရပါတယ်။

မြန်မာပြည်ပြန်တော့ ဟိုတယ်မှာ Q ဝင်ရတာ ငါးရက်နေရပါတယ်။

Facility quarantine လား၊ hotel Q လားဆိုပြီး ရွေးချယ်စရာနှစ်ခုတော့ပေးပါတယ်။ ဒါပေမဲ့ အဲဒီ ရွေးချယ်မှုမေးတဲ့နေရာ လေဆိပ်ဂိတ်မှာတာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့အရပ်ဝတ်ရဲတွေက စကားပြော အတော်မောက်မာပါတယ်။

ဟိုတယ် ရွေးချယ်စရာဆိုလို့ နှစ်ခုကြီး တောင်ပေးထားပါတယ်။ ဒေါ်လာနဲ့တည်းမလား၊ မြန်မာကျပ်ငွေနဲ့ တည်းမလားပေ့ါ။ ဟိုတယ်ရွေးဖို့ ငွေကြေးမတတ်နိုင်ရင် Facility quarantine ရပါတယ်။ ဒါပေမဲ့ အဲဒီ Facility quarantine က ဘယ်လိုနေလဲတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ ကိုဗစ်မဖြစ်ဖူးရင် အဲဒီရောက်မှ ဖြစ်ဖူးကြတယ်ဆိုပြီး ပြောသံတွေကြားတော့ ဟိုတယ်ပဲရွေးဖြစ်ပါတယ်။ ဒါမျိုးကလည်း စမ်းသပ်လို့ ကောင်းတာမှ မဟုတ်လား။

လူဝင်မှုကြီးကြပ်ရေးဖြတ်၊ အကောက်ခွန်ဖြတ်ဖြတ်ပြီးတာနဲ့ ကားအဝါကြီးတွေပေါ်ကိုတက်၊ သက်ဆိုင်ရာ ဟိုတယ်ကို ပို့ပါတယ်။

မသေမချာ မရေမရာ ဟိုလွှဲချ ဒီလွှဲချတာတွေ စပါတယ်။ ကိုဗစ်အတွက် ဟိုတယ်မှာ တိုင်းကျန်းမာရေး ဆိုတဲ့အဖွဲ့တွေ စောင့်နေပါတယ်။ ပြည်တော်မပြန်ခင်ကစုံစမ်းထားတာအရ သုံးလအတွင်း ကိုဗစ်ဖြစ် ထားဖူးတာပြနိုင်ရင် သုံးရက်ပဲနေရမယ်လို့ ဆိုပါတယ်။

ဟိုတယ်ရောက်လို့ ထပ်မေးတော့လည်း သုံးလအတွင်းဖြစ်ဖူးတယ်ဆို သုံးရက်ပါတဲ့။ ကဲ ဒါဆို ဖြစ်ထားဖူး တဲ့ ဆေးစာပြပါတယ်။ နောက်တစ်ရက်မှာတော့ ကျန်းမာရေးက ပေါ်လစီပြောင်းလို့ပါတဲ့။ ခရီးသွားလာ ခဲ့တဲ့ နိုင်ငံမှာ PCR စစ်တာမရှိရင် သုံးရက်မဟုတ်တော့ဘူး ငါးရက်နေရပါမယ်လို့ ပြောလာပါတယ်။ PCR စစ်လာတာထုတ်ပြတဲ့အခါကြတော့လည်း သုံးလအတွင်း ကိုဗစ်ဖြစ်ဖူးတာကို ဆေးကုသခံဖူးတဲ့ ဆေးရုံက ဆရာဝန်မှတ်ချက်လိုပါတယ်တဲ့။ အဲဒါဆိုလည်းရှိပါတယ်လို့ဆိုပြန်တော့ relief flight ဖြစ်နေလို့ ငါးရက် နေကိုနေမှ ရမယ်တဲ့။

နောက်ဆုံးမှတော့ ငါးရက်မှမနေရင် ပြန်မလွှတ်ဘူးလုပ်တော့ ကျနော့်မှာ ငါးရက်နေခဲ့ရပါတယ်။

ငါးရက်အတွင်း PCR နှစ်ကြိမ်စစ်ဖို့ ငွေကောက်ပါတယ်။ တစ်ကြိမ် ၁၀၀,၀၀၀နဲ့ နှစ်ကြိမ်ဆိုတော့ ၂၀၀,၀၀၀ ပေးရတာပေါ့။ အဲဒီကာလ ပိုးတွေ့ရင်နောက်ထပ် ခုနစ်ရက် ထပ်နေရပါမယ်။

ကျနော့်အသိတစ်ယောက်ကတော့ ရန်ကုန်ကနေမထွက်ခင်မှာ P ထွက်ပါတယ်။ Result ကို မေးလ်နဲ့ မပို့ခင် ဖုန်းနဲ့ဆက်ပြောပြီးတာနဲ့ ဘာဆိုဘာမှမလုပ်ပါ။ မညွှန်ကြားပါ။ ဘယ်တိုင်းကျန်းမာရေးကမှ ကားနဲ့ လည်းလာမခေါ်ပါ။ သူ့ဘာသူ home Q ဝင်ပြီးပျောက်မှ ထပ်စစ် ပြည်ပထွက်တာပါ။ ပြောချင်တာက ပြည်တွင်းမှာ တကယ်တန်းမကုသပေးဘဲနဲ့ ပြည်ပကပြန်လာသူဆို ငွေယားလေးမြင်တော့ ရိုက်စားလုပ်ပုံ ကို ပြောတာပါ။

အဆင်မပြေတဲ့အကြောင်း ဟိုတယ်ကိုပြောရင် ဟိုတယ်က တိုင်းကျန်းမာရေးအုပ်စုကို လွှဲချပါတယ်။ တိုင်းကျန်းမာရေးအုပ်စုကိုပြောတော့ နေပြည်တော်ညွှန်ကြားချက်ကို ဘော်လီဘောပုတ်ပါတယ်။ နောက်ဆုံးတော့လည်း မယ်မယ်ရရ အဖြေမရပါဘူး။

ဒေါ်လာနဲ့မဟုတ်တဲ့ ဟိုတယ်ရဲ့အစားအသောက်က အင်းစိန်ထောင်ကို အမှတ်ရစေပါလိမ့်မယ်။ မရောက်ဖူးသူများလည်း အတွေ့အကြုံယူလို့ရတာပေါ့။ ဆန်ကြမ်းနဲ့ ဟင်းဝေပုံကျ လက်တစ်ဆစ်လောက် သာသာတွေကို ကျွေးပါတယ်။ ထမင်းဘူးတွေက တိုင်းကျန်းမာရေးကနေ စီစဉ်ပေးတာလို့ ဆိုပါတယ်။ တစ်နေ့ ၅၀,၀၀၀ ကနေ ၇၀,၀၀၀ နီးပါးပေးရပြီး ပြန်ပေးတဲ့ဝန်ဆောင်မှုကတော့ ဒီလိုပါပဲ။

ဧပြီ ၁၇ ကစလို့ ကိုဗစ်အတွက် တစ်ရက် Q ဆိုတာကိုလည်း ဟိုတယ်တွေနဲ့ တိုင်းကျန်းမာရေးဝန်ထမ်း တချို့တို့ ပူးပေါင်းပြီးကန့်ကွက်တာတွေကြောင့် မသေချာသေးပါဆိုပြီး သတင်းလည်း ထပ်ကြားရပါ တယ်။ ပြန်လာမည့်သူများကြိုတင်ပြင်ဆင်ထားနိုင်အောင်လို့ အယ်ဒီတာထံပေးစာကဏ္ဍကနေ လက်ဆင့် ကမ်းလိုက်ရပါတယ်။

ပြည်တော်ပြန်တစ်ဦး

#Mizzima

#အယ်ဒီတာထံပေးစာ

#quarantine

#ကိုဗစ်

#ပြည်တော်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly