ယူကရိန်း အရှေ့ပိုင်း၌ ရုရှတို့ ထိုးစစ်ဆင်မှု စတင်လုပ်ဆောင်နေပြီဟု ဇယ်လန်စကီး ပြော

ယူကရိန်း အရှေ့ပိုင်း၌ ရုရှတို့ ထိုးစစ်ဆင်မှု စတင်လုပ်ဆောင်နေပြီဟု ဇယ်လန်စကီး ပြော
Photo - AFP

ဧပြီ ၁၉

ရုရှသည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ယင်း၏ အဓိကထိုးစစ်တစ်ရပ်ကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ယူကရိန်း အာဏာပိုင်များက ပြောသည်။

ရုရှသည် ယင်းမတိုင်မီက ယူကရိန်း၏ မြို့တော် ကိယက်ဗ်ကို သိမ်းယူမည့် ကြိုးပမ်းအားထုတ်မှုများ ပျက်ပြားခဲ့ရပြီးနောက် ယခုအခါ ယင်း၏ ကျူးကျော်မှု၏ အဆင့်သစ်တစ်ခုကို ဖွင့်လှစ်လာခြင်းဖြစ်သည်။

အမေရိကန်သည် ယူကရိန်း ပဋိပက္ခအရေး ဆွေးနွေးရန် အင်္ဂါနေ့တွင် ယင်း၏ မဟာမိတ်များနှင့် ဗီဒီယိုအစည်းအဝေးတစ်ခု ပြုလုပ်သွားရန် ရှိနေသည်။ ယူကရိန်းတွင် ရုရှတပ်များသည် ၂၀၁၄ ခုနစ်နောက်ပိုင်း ရုရှလိုလားသော ခွဲထွက်ရေးသမားများ တစ်စိတ်တစ်ဒေသ ထိန်းချုပ်ထားသည့် အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ပြန်လည် အာရုံစိုက်ထားခဲ့သည်။

“ရုရှတပ်ဖွဲ့တွေဟာ ဒွန်ဘတ်စ်ဒေသအတွက် သူတို့ အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တဲ့ တိုက်ပွဲကို စတင်ထားခဲ့ပြီ ဆိုတာကို ကျွန်တော်တို့ ခုချိန်မှာ အတည်ပြုနိုင်ပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက တနင်္လာနေ့ ညနေပိုင်းက တယ်လီဂရမ်ကနေ ပြောသည်။

“ဒီမှာ ရုရှစစ်သည် အင်အားဘယ်လောက်များများ ခေါ်လာပါစေ၊ ကျွန်တော်တို့ကတော့ ကိုယ်တိုင် ခုခံတိုက်ခိုက်သွားပါမယ်” ဟု ၎င်းက ပြောသည်။

ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်တွက်ဆထားခဲ့သည့် ရုရှ၏ ထိုးစစ်ချီမှု မတိုင်မီ ဒွန်ဘတ်စ်ဒေသရှိ ပြည်သူများ ဘေးလွတ်စေရန် အနောက်ဘက်ဒေသများသို့ ထွက်ပြေးကြရန် ယူကရိန်းအာဏာပိုင်များက တိုက်တွန်းထားသည်။

“စစ်ပွဲရဲ့ ဒုတိယအဆင့် စတင်ခဲ့ပါပြီ” ဟု ကိယက်ဗ်၏ သမ္မတရုံး အရာရှိချုပ် အန်ဒရီ ယာမက်ခ်က ပြောသည်။

ရုရှတို့အနေဖြင့် ဒွန်ဘတ်စ်ဒေသကို ထိန်းချုပ်နိုင်ပါက ယင်း၏ သိမ်းပိုက်ထားသော ခရိုင်းမီးယား ကျွန်းဆွယ်အထိ ချိတ်ဆက်မည့် တောင်ပိုင်း စင်္ကြံတစ်ခုကို ထူထောင်၍ ရသွားနိုင်မည်ဖြစ်သည်။

ဒေသတောင်ပိုင်းတွင် ရုရှသည် ဝိုင်းထားသည့် ဆိပ်ကမ်းမြို့ မာရီယူပိုလ်ကို သိမ်းယူနိုင်ရန် ရှေ့တိုးလုပ်ဆောင်နေပြီး ယင်းမြို့တွင် လက်ကျန် ယူကရိန်းစစ်သားများက အညံ့မခံဘဲ အဆုံးစွန်အထိ ခုခံတိုက်ခိုက်သွားရန် ရှိနေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly