ဘားအံမြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉ ဦးဖမ်းဆီးခံရ၊ ရက်ပေါင်း ၂၀ ကျော်ကြာ အဆက်အသွယ်မရ

ဘားအံမြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉ ဦးဖမ်းဆီးခံရ၊ ရက်ပေါင်း ၂၀ ကျော်ကြာ အဆက်အသွယ်မရ

ဧပြီ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၇) ရပ်ကွက်တွင် မတ်လ ၁၇ ရက်နေ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုးဦးကို စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

အမှတ် (၇) ရပ်ကွက်ရှိ သံလွင်ရတနာဟိုတယ်၌ ကိုဇော်မျိုးထိုက်(ခေါ်)ကိုမျိုးဆိုသူအား စတင်ဖမ်းဆီး ခဲ့ပြီး ၎င်းနှင့်ဆက်စပ်သည့် အဆိုပါရပ်ကွက်အတွင်း နေအိမ်တစ်လုံးရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရပြီး ရက် ၂၀ ကျော်ကြာသည်အထိ အဆက်အသွယ် မရရှိသေးကြောင်း ကိုဇော်မျိုးထိုက်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

"ကိုဇော်မျိုးထိုက်ကို အရင်ဖမ်းပြီး သူကနေမှတဆင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရှောင်နေတဲ့ (၇) ရပ်ကွက်ထဲက အိမ်ကိုဝင်ဖမ်းတာပါ။ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားရှစ်ယောက် အဖမ်းခံလိုက်ရ တယ်။ ဖမ်းပြီးနောက်ပိုင်း လိုက်စုံစမ်းတာလည်း စုံနေပြီ။ သေသလား ရှင်သလားဆိုတာလဲမသိရဘူး။ ဘယ် မှာ ဖမ်းပြီးစစ်နေတယ်ဆိုတာလည်းမသိရဘူး"ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

ကိုဇော်မျိုးထိုက်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ အမည်နှင့် နေရပ်လိပ်စာ များကို အတိအကျမသိရှိရသေးကြောင်း ၎င်းကဆက်ပြောသည်။

"ကိုဇော်မျိုးထိုက်ကတော့ ဘားအံဇာတိပဲ။ သူနဲ့အတူအဖမ်းခံရတဲ့သူတွေကတော့ ဆန္ဒပြတုန်းက သူနဲ့ အတူတူပြပြီး အတူတူစုပြီးရှောင်နေကြတာလို့ပဲသိရတယ်။ ဘယ်သူ ဘယ်ဝါဆိုတာ အခုထိ မသိရသေး ဘူး။ ရဲစခန်းတွေကိုလည်းလိုက်မေးပြီးသွားပြီ။ ဘယ်မှာမှ မရှိဘူး အခုအချိန်အထိ အဆက်အသွယ် မရသေးတော့ အသက်မသေဖို့ပဲဆုတောင်းနေရတယ်"ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုးဦးသည် ဆန္ဒပြပွဲများတွင် တက်ကြွလှုပ်ရှားစွာ ပါဝင်ခဲ့ ကြပြီး စစ်ကောင်စီတပ်များနှင့် ရဲများကလိုက်လံဖမ်းဆီးနေသည့်အတွက် ဘားအံမြို့ အမှတ်(၇)ရပ်ကွက် အတွင်း ရှောင်တိမ်းနေကြခြင်းဖြစ်ကြောင်း မိသားစုဝင်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ကိုဇော်မျိုးထိုက်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဦးကို မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေသည်ကို မသိရှိရသေးသည့်အတွက် မိသားစုဝင်များ စိုးရိမ်နေကြကြောင်း ကိုဇော်မျိုးထိုက်၏မိသားစုဝင်က ပြောသည်။

ဓာတ်ပုံ-ဖမ်းဆီးခံရသူ ကိုဇော်မျိုးထိုက်

#Mizzima

#ကရင်ပြည်နယ်

#ဘားအံမြို့

#နိုင်ငံရေးတက်ကြွလှုပ်ရှားသူ

#ဖမ်းဆီးခံရ

#အဆက်အသွယ်မရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required