ယင်းမာပင် လူသတ်မှုကြီးနောက်ကွယ်

ယင်းမာပင် လူသတ်မှုကြီးနောက်ကွယ်

မတ်လ ၁၉ ရက်

(ဝေယံမိုးနှင့် အောင်မျိုးထွဋ်တို့ရေးသားသည်)

လူငယ်လေးဦးလိုက်ပါလာသော ဒဗယ်ကက်အဖြူရောင်လေးတစ်စီးသည် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် သံတောင်လပို့ရွာမှသည် ယင်းမာပင်ဘက်သို့ အမေရေယာဉ်လမ်းမအတိုင်း နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ် သောကြာနေ့ နံနက်ကမောင်းနှင်သွားသည်။ ကားမောင်းသူက ခရိုင်မီးသတ်ဦးစီးမှူး၏သား ကိုကောင်းခန့်ကျော်ဖြစ်ပြီး ကားပေါ်တွင် တာဝန်ထမ်းဆောင်နေဆဲ မီးသတ်ရဲဘော်များဖြစ်ကြသော ကိုသက်ပိုင်ထွန်းနှင့်ကိုစိုးကိုကိုတို့အပြင် တောင်သူတစ်ဦးဖြစ်သော ကိုအောင်နိုင်လင်းလည်း လိုက်ပါခဲ့သည်။

အလုပ်လုပ်ရင်းမတော်တဆခြေထောက်ဒဏ်ရာရသွားခဲ့သော ကိုသက်ပိုင်ထွန်းကို ယင်းမာပင်မြို့တွင်ဆေးကုရန်အတွက် နံနက် ၉ နာရီခွဲခန့်တွင် ထွက်လာကြခြင်းဖြစ်သည်။ မီးသတ်တံဆိပ်ပါသော ကားပေါ်တွင် အပိုပစ္စည်းဆို၍ ချိုင်းထောက်တစ်ခုသာပါသွားခဲ့သည်။

သူတို့ကားမထွက်ခင်ကတည်းက လမ်းခရီးတွင်ကားကိုမှားယွင်းပြီး မိုင်းမဆွဲမိစေရန် သံတောင်လာပို့ရွာရှိ ကာကွယ်ရေးအဖွဲ့ငယ်ခေါင်းဆောင် ကိုထိုက်မောင်ကို အကြောင်းကြားခဲ့သည်။

သို့သော် ယင်းမာပင်မရောက်ခင်စပ်ကြား ဆက်သွယ်ရေးတာဝါတိုင်တစ်ခုနားအရောက်မှာပင် လက်နက်ကိုင်လူတစ်စုက သူတို့ကားကိုရွေးလို့တားလိုက်ကြသည်။

" ၁၀ နာရီမတ်တင်းကြတော့ ကလေးက ကျမဆီကိုဖုန်းဆက်တာရှင့်။ ကျနော်တို့ကိုတော့တဲ့ PDF ( ကာကွယ်ရေးတပ်) တွေကတားထားတယ်။ တားထားတယ်ဆိုတော့ မင်းတစ်စီးတည်းတားတာလား၊ အများကိုတားတာလားလို့ ကျမကမေးတော့ မဟုတ်ဘူးတဲ့၊ အများမတားဘူး၊ သားတို့တစ်စီးတည်းတာတာတဲ့" ဟု အဖမ်းခံရသူတွေထဲမှ တစ်ဦးဖြစ်သူ၏ ဆွေမျိုးရင်းဖြစ်သူက MCIJ သို့ပြောသည်။    

“ အဆင်ပြေမှာပါခင်ဗျားတဲ့။ (ဖမ်းထားတဲ့အဖွဲ့) ဗိုလ်လာရင်ပြေမှာပါတဲ့။ သူကအဲသလိုပြောတော့ ကျမကလည်း အေးအေးဆိုပြီး ဖုန်းတော့ချနေလိုက်တာ။ ” ဟု သူက ဆက်ပြောသည်။  

ဖမ်းဆီးသွားသူများမှာ YMB PDF ဟုအတိုကောက်ခေါ်သော ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ခွဲမှူးအဆင့်ရှိသူ ကိုတိုက်ကောင်းနှင့် ရပ်ကျေးခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဇော်လတ်တို့ဖြစ်ကြောင်း နောင်တွင်သိရှိလာခဲ့ကြရသည်။ YMB PDF ကိုဦးဆောင်သူကား သပြေအေးဆရာတော်ဟုလည်း လူသိများသည့် ဗိုလ်သံမဏိဖြစ်သည်။  

နံနက် ၁၀ နာရီထိုးတွင် ကိုတိုက်ကောင်းဆိုသူက ko" ထိုက်မောင်ရေ မင်းတို့ရွာက ကလေးလေးယောက်နဲ့ကားတစ်စီးကိုတော့ ငါခေါ်သွားပြီ" ဟု ဖုန်းဆက်လာတော့သည်။ ဒီဒေသမှာတော့ အဖွဲ့မတူသော်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ကိုတော်လှန်သော ကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်းအကြားအဆက်သွယ်ရှိတတ်ကြသည်။  

ဖမ်းသွားပြိီဆိုတော့ လူငယ်များကိုပြန်တောင်းယူရန် ကိုထိုက်မောင်၊ ကိုအောင်ကိုဝင်း၊ ကိုသိန်းထွန်းအေး၊ ကိုဝင်းမင်းထက်၊ ကိုသိန်းလွင်ဌေးနှင့် ကိုဗိုလ်ထက်တို့က လက်လှုပ်ရွာသို့ ဆိုင်ကယ်သုံးစီးဖြင့် လိုက်သွားကြသည်။ နှစ်ဦးမှာ သေနတ်တိုနှစ်လက်ပါသွားခဲ့သည်။ ကိုထိုက်မောင်က နယ်ခံကာကွယ်ရေးတပ် Hero Tiger Force အဖွဲ့၏ရပ်ကျေးတာဝန်ခံခေါင်းဆောင်ဖြစ်ပြီး ကိုအောင်ကိုဝင်း၊ ကိုသိန်းထွန်းအေးနှင့် ကိုဗိုလ်ထက်တို့က အဖွဲ့ဝင်များဖြစ်ကြသည်။ ကျန်နှစ်ဦးကတော့ စစ်သင်တန်းတက်ရန်ပြင်ဆင်နေသူများဖြစ်သည်။  Hero Tiger Force အဖွဲ့ငယ်သည် ဗိုလ်နဂါးဦးဆောင်သည့် ထိုစဉ်က ပုလဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဟူသော အမည်သာရှိသေးသည့်တပ်ဖွဲ့နှင့် မဟာမိတ်ဖြစ်ကာ စစ်ဆင်ရေးများ ပူးပေါင်းလုပ်ဆောင်လေ့ရှိကြသည်။  

နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကယ်ဆယ်ရန်သွားသူ ခြောက်ယောက်အဖွဲ့၏ တယ်လီဖုန်းများပါ စက်ပိတ်သွားကာ အဆက်သွယ်ပြတ်တောက်သွားတော့သည်။

ကနဦးတွင်တော့ ခေတ္တထိန်းထားသည်ထင်မှတ်ခဲ့သော်လည်း ၄၈ နာရီခန့်ကြာလာသည့်အခါ စိတ်ပူလာပြီး  ဗိုလ်နဂါးကိုယ်တိုင်နှင့် သူ၏တပ်ဖွဲ့ဝင် ၁၇၀ ခန့်သည် ဖမ်းဆီးထိန်းသိမ်းထားသည်ဟုသတင်းရသော ကပိုင်စခန်းသို့လိုက်သွားကြသည်။ ကပိုင်ရွာတွင် ကျောင်းဆရာမှသည်  ဗိုလ်သံမဏိတပ်ဖွဲ့၏တပ်ရင်း (၄) တပ်ရင်းမှူးဖြစ်လာသော ဆရာစံ (ခ) ဦးစံကျော်လင်းစခန်းချနေထိုင်သည်။  

" ကပိုင်ရွာထဲကို ဗိုလ်နဂါးအဖွဲ့တွေကိုပေးမဝင်ဘူး။ လက်နက်ကိုင် ၅၀ လောက်က သေနတ်နဲ့ချိန်စောင့်နေတယ်။ အိမ်တစ်လုံးပေါ်ကနေ ဗိုလ်နဂါးတို့အဖွဲ့ကိုဓာတ်ပုံတွေရိုက်တယ်။ အဲမှာစကားများမလိုဖြစ်ပြီး ဗိုလ်နဂါးတို့ပြန်သွားကြတယ်" ဟု သားကောင်ဖြစ်သွားခဲ့ရသူ၏ ဆွေမျိုးကပြောသည်။

"  ကျမတို့ကလေးက ခြေထောက်ကနာနေတာလေ၊ ကျိုးသလားမသိ ဘာလားမသိ။ အဲသလိုလူကို အဲ့ CDM ဝင်ထားတဲ့ ဆရာတစ်ယောက်ကဆေးထိုးပေးတယ်လို့ကျမတို့ကကြားတော့ ကျမတို့ရွာကကောင်ကလေးနဲ့က မယားညီအစ်ကိုတဲ့။ ဆေးထိုးပေးတဲ့ကလေးက ရှိတယ်၊ ခင်ဗျားတို့ကလေးတွေ ကပိုင်စခန်းထဲမယ် စစ်နေတယ်ဆိုတဲ့အခါကျတော့ ညနေကျတော့လည်း လာထိုးလှဲ့ဦးတဲ့။ အဲဒီဆရာလေးနာမည်က ကိုစောမင်းအောင်တဲ့။ ညနေကျတော့ သူကတစ်ခေါက်သွားမထိုးဖြစ်တဲ့အခါကျတော့ ဒီ လာပို့က ကလေးတွေမှန်းလည်းသိတော့ သူတို့ဆရာနေမှာပေါ့၊ ကျနော်ဘယ်အချိန်လာထိုးရမလဲဆိုတော့ ထိုးစရာမလိုတော့ဘူး၊ မလာခဲ့တော့နဲ့ စခန်းပြောင်းလိုက်ပြီလို့ သူ့ကိုလည်း အဲသလိုပဲပြောတာတဲ့" ဟု ဆက်ပြောသည်။

ထို့နောက်မှာတော့ အဖမ်းခံခဲ့ရသူ ၁၀ ယောက်လုံး အသတ်ခံရပြီလား၊ အသက်ရှင်နေသေးလား တိတိကျကျမသိရှိရတော့ဘဲ ဆွေမျိုးသားချင်းများလည်း ရဲရဲမစုံစမ်းဝံ့သည့်အနေအထားဖြစ်နေခဲ့တော့သည်။

ကပိုင်၊ သံတောင်လာပို့နှင့် လက်လှုပ်ရွာများသည် တစ်ရွာနှင့်တစ်ရွာ အစဉ်တိုင်းဖြစ်ကာ ခြောက်မိုင်ခန့်ဝေးပြီး အမေရေယာဉ်လမ်းသည် ၎င်းရွာများနှင့်ယင်းမာပင်မြို့ကိုဆက်စပ်ပေးထားသော လမ်းမဖြစ်သည်။  

အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ရာတွင်အားကောင်းသော စစ်ကိုင်းတိုင်း၏ ယင်းမာပင်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များလှသလို စစ်ကောင်စီတပ်ကိုအထိနာစေသောတိုက်ပွဲများလည်းဆင်နွှဲနိုင်ကြသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျေးရွာပေါင်း ၁၆၈ ရွာရှိကာ အိမ်ထောင်စု ၃၀,၀၀၀ နီးပါးရှိသော ယင်းမာပင်မြို့နယ်အတွင်း တပ်ဖွဲ့ဝင်ထောင်ဂဏန်းရှိသော ဗိုလ်သံမဏိအဖွဲ့အပါအဝင် အဖွဲ့ကြီးငယ် ဒါဇင်နှင့်ချီရှိသလို လက်နက်ကိုင်အဖွဲ့တချို့အကြား သင်္ကာမကင်းဖြစ်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်မှုတချို့ကြောင့် အရပ်သားများမလုံခြုံမှုကလည်း ရှိနေသည်။

ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ " ကိုယ့်အဖွဲ့နာမည်နဲ့လှုပ်ရှားတဲ့အဖွဲ့တင် ၆၃ ဖွဲ့ရှိတယ်၊ နာမည်မရှိဘဲ လက်နက်ကိုင်ထားတာတွေလည်းအများကြီးပဲ" ဟု MCIJ ကိုပြောသည်။

ယင်းမာပင်နှင့် ပုလဲမှာ နယ်နမိတ်ထိစပ်နေသော မြို့နယ်များဖြစ်ကြပြီး တော်လှန်ရေးအဖွဲ့ငယ်များမှာ မြို့နယ်ကွဲပေဦးတော့ အလျဉ်းသင့်ရာအဖွဲ့ကြီးများနှင့်ပူးပေါင်းကာ စစ်ဆင်ရေးများဆင်နွှဲတတ်ကြသည်။

ဆယ်ဦးဖမ်းဆီးခံရသည့်အဖြစ်အပျက်မတိုင်မီက Hero Tiger Force အဖွဲ့ဝင်တချို့နှင့် ဗိုလ်သံမဏိတပ်တွင် အင်အားအကောင်းဆုံးဖြစ်သော တပ်ရင်း (၄) အဖွဲ့ဝင်တချို့ အကြား ရန်စဖြစ်စေသောအဖြစ်အပျက်ရှိခဲ့ဖူးသည်။

"၉ လပိုင်းလောက်ကဖြစ်မယ်၊ စစ်ကောင်စီယာဉ်တန်းတွေလာမယ်ကြားလို့ ပုလဲနဲ့ ယင်းမာပင်နယ်စပ်၊ တမာပင်ဂွရွာနဲ့ ပုပ္ပါးရွာကြားမှာ မိုင်းတွေထောင်ကြတာ ကိုထိုက်မောင်တို့်အဖွဲ့ကလည်း မိုင်းတွေထောင်ထားတယ်။ ဆရာစံတို့ တပ်ရင်း (၄) ကလူတွေလည်းမိုင်းတွေထောင်ကြတယ်။ အဲ့မှာ ဆရာစံအဖွဲ့ကသူတွေက မိုင်းလာစစ်တဲ့အချိန် ကိုထိုက်မောင်တို့အဖွဲ့ဘက်က မတော်တဆ မိုင်းကြိုးကို ခလုတ်တိုက်ရာကနေ မိုင်းကွဲသွားတယ်တဲ့။ ဒါပေမယ့် ဆရာစံတို့လူတွေထိခိုက်တာမျိုးမရှိခဲ့ဘူးလို့သိရတယ်။ ဘယ်လိုသိရလဲဆိုရင် တပ်ရင်း (၄) ထဲမှာ အသိတပ်သားတွေရှိတယ်။ သူတို့နဲ့ဆက်သွယ်မိတော့ ပြန်ပြောပြကြတာ။ နောက်ပိုင်းမှာလည်း ဒီကိစ္စကို ဆရာစံတို့ဘက်က ခေါ်တွေ့ပြီး ဒဏ်ငွေရိုက်တယ်ဆိုလားပြန်ကြားရတယ်” ဟု Hero Tiger Force အဖွဲ့ဝင်တစ်ဦးက ပြန်ပြောသည်။

ဆယ်ဦး ကံကြမ္မာ

"သတင်းတွေကြားနေရတာတော့ (နိုဝင်ဘာ) ၂၆ ရက်နေ့ညကိုက အကုန်လုံးသတ်လိုက်တယ်လို့ကြားတာပဲ။ ဒါပေမဲ့ ကိုယ်မြင်တာလည်းမဟုတ်ဘူး၊ ဇစ်မြစ်ကိုလိုက်တော့လည်း ဘယ်သူမှမပြောနိင်ဘူး။ ... အဲဒီညကကိုထုတ်ပြီးတော့ သဲဖြူချောင်းမယ် ၁၀ ယောက်လုံးကို ဓါးနဲ့ခုတ်သတ်တယ်လို့လည်းကြားတယ်ရှင့်" ဟု ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ပြောသည်။

ဗိုလ်သံမဏိကတော့ ၁၀ ယောက်လုံး လူ့လောကမှာမရှိတော့ကို ဝန်ခံပြောကြားသည်။

 " သူတို့လေးယောက်က အရင် အချုပ်ခန်းထဲထဲ့ခံရတယ်။ လေးယောက်ကို လာထုတ်တဲ့သူတွေက PDF အဖွဲ့ကို မိုင်းဆွဲဘူးတယ်ပြောတယ်၊ အဲ့မှာတွေ့ကြပြီး မေးကြမြန်းကြရင်းနဲ့ နောက်ဆုံး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တယ်၊ ပြောချင်တာကဘာလဲဆိုတော့ ပထမ လေးယောက်၊ နောက်လိုက်ထုတ်တဲ့ခြောက်ယောက်ပေါ့ ၊ ပြောချင်တာကတော့ အဲ့ ၁၀ ယောက်ကမရှိတော့ပါဘူး။ အဲ့လို ပဋိပက္ခဖြစ်ရင်းနဲ့ အသက်ဆုံးရှုံးကြရပါတယ်၊ ဒီအတွက်လည်း စိတ်မကောင်းပါဘူး၊ အခုလိုဖြစ်သွားတဲ့အတွက်၊ နောက်လည်း အခုလိုမဖြစ်အောင် အမိန့်ကြေညာချက်တွေ တိတိကျကျထုတ်ထားပါတယ်။" ဟု ဗိုလ်သံမဏိက MCIJ ကို ပြောသည်။  

အသတ်ခံရသူများမှာ

၁။ သက်ပိုင်ထွန်း- မီးသတ်ဝန်ထမ်း (ခြေထောက်ဒဏ်ရာရသူ) ၂၅ နှစ်

၂။ စိုးကိုကို - မီးသတ်ဝန်ထမ်း- ၃၁ နှစ်

၃။ ကောင်းခန့်ကျော်- ကျောင်းသား- ၁၉ နှစ်

၄။ အောင်နိုင်လင်း-တောင်သူ- ၂၅ နှစ်

၅။ ထိုက်မောင်- PDF တပ်ခွဲမှူး- ၃၄ နှစ်

၆။ ဗိုလ်ထက်-PDF တပ်သား- ၃၆ နှစ်

၇။ သိန်းထွန်းအေး- PDF တပ်သား- ၂၇ နှစ်

၈။ အောင်ကိုဝင်း- PDF တပ်သား- ၂၄ နှစ်

၉။ ဝင်းမင်းထက်- PDF တပ်သား- ၂၁ နှစ်

၁၀။ သိန်းလွင်ဌေး-PDF တပ်သား- ၄၀ နှစ်တို့ဖြစ်ကြသည်။

ကိုဝင်းမင်းထက်နှင့် ကိုအောင်နိုင်လင်းတို့မှာ ညီအစ်ကိုအရင်းများဖြစ်ကြပြီး ကိုသိန်းလွင်ဌေးကတော့ သူတို့၏ဝမ်းကွဲအစ်ကိုဖြစ်သည်။ အသတ်ခံရသူများအနက် ရှစ်ဦးမှာ သံတောင်လာပို့ရွာ သားများ ဖြစ်ကြသည်။

အစုလိုက်အသတ်ခံရမှုဖြစ်ပွားအပြီး သုံးလကျော် လေးလနီးပါးအကြာ မတ်လ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်တွင် Hero Tiger Force ပါပါဝင်သော စစ်ကိုင်းတိုင်းအတွင်းမှ ကာကွယ်ရေးတပ်ဖွဲ့ ၆၃ ဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ရာ နွေဦးတော်လှန်ရေးအတွက် ငလျင်ကြီးတစ်ခုလှုတ်ခတ်သွားခဲ့သည်။

ယင်းကြေညာချက်ထဲတွင် " YMB PDF နှင့် ၎င်း၏သစ္စာခံ တပ်ရင်း/တပ်ဖွဲ့များသည် ဒေသခံပြည်သူလူထုကို ခြိမ်းခြောက်၊ နှိပ်စက်၊ ဖမ်းဆီး၊ လုယက်၊ သတ်ဖြတ်နေလျက်ရှိပါသည်။" ဟု စွပ်စွဲချက်ပြင်းပြင်းပါရှိသည်။

ဗိုလ်သံမဏိအဖွဲ့ ကျူးလွန်သော လူသတ်မှုပေါင်း ငါးမှုရှိပြီး စုစုပေါင်း လူ ၂၁ ဦး အသတ်ခံခဲ့ရသည်ဟုကြေညာချက်တွင်ဖော်ပြထားသည်။ အသတ်ခံရသူများတွင် ပြည်သူ ၁၂ ဦး၊ ကာကွယ်ရေးခေါင်းဆောင်တစ်ဦး၊ ကာကွယ်ရေးတပ်သား ခုနှစ်ဦးနှင့် ထောက်ပို့ခေါင်းဆောင်တစ်ဦးတို့ပါဝင်သည်ဟုဆိုသည်။

ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများစာရင်းတွင် စုစုပေါင်း ၁၃ ဦးပါဝင်ပြီး ဗိုလ်သံမဏိကိုယ်တိုင်နှင့် YMB PDF စစ်ဒေသမှူးတစ်ဦး၊ တပ်ရင်းမှူးအဆင့် သုံးဦး၊ တပ်ခွဲမှူးနှစ်ဦး၊ တပ်စုမှူးသုံးဦး၊ နယ်မြေစည်းရုံးရေးတာဝန်ခံတစ်ဦး၊ တပ်သားတစ်ဦးနှင့် ထောက်ပို့တစ်ဦးတို့ပါဝင်သည်။

ဆရာစံ၊ ကိုတိုက်ကောင်းနှင့် ကိုဇော်လတ်တို့ကိုလည်း ကျူးလွန်သူသံယစာရင်းတွင်တွေ့ရသည်။

ဗိုလ်သံမဏိဆိုတာဘယ်သူလဲ

ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာဇာတိဘွား အရှင်သောပါကသည်  ရန်ကုန်သာသနာ့တက္ကသိုလ်တက်နေခိုက် နိုင်ငံရေးလှုပ်ရှားမှုနှင့်ပတ်သက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ဩဂုတ်လအတွင်း ယခုအခါ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် ကွမ်းခြံကုန်းသို့ စည်းရုံးရေးခရီးစဉ်သွားရာ ရဲနှင့်စစ်ထောက်လှမ်းရေးများက တားမြစ်ပိတ်ဆို့မှုဖြစ်ပွားစဉ် သွားရောက်တွေ့ဆုံအားပေးသော သံဃာတော်များတွင် အရှင်သောပါကလည်းပါဝင်သည်။ ထိုတွေ့ဆုံမှုကြောင့် အရှင်သောပါကသည် သာသနာ့တက္ကသိုလ်မှကျောင်းထုတ်ခံခဲ့ရသည်။ ထို့နောက် ပြည်ပထွက်သွားရာ ဂျာမနီနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရခဲ့သည်။ ဂျာမနီနိုင်ငံတွင် ကီလိုမီတာ ၁၀၀၀ လမ်းလျှောက်ဆန္ဒပြမှုအပါအဝင်၊ ထိုင်းနိုင်ငံနှင့် အမေရိကန်တို့တွင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်ဆန္ဒပြမှုများကြောင့် သတင်းမီဒီယာများတွင်ကျော်ကြားခဲ့သည်။ ၂၀၀၇ အတွင်း Radio Free Asia (RFA) မြန်မာပိုင်းအစီအစဉ်တွင် သံဃာ့ရှုဒေါင့်အစီအစဉ်ကို ထုတ်လုပ်ခဲ့ကာ သံဃာများကို အင်တာဗျူးများထုတ်လုပ်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် မြန်မာပြည်ကိုပြန်လာပြီး မန္တလေးမဟာမြတ်မုနိဘုရားတွင် နိုင်ငံရေအကျဉ်းသားများလွှတ်ပေးရန် ဆန္ဒပြခဲ့သည်။ ထိုဆန္ဒပြမှုကြောင့် " ရွာကိုပြန်ပို့ခံခဲ့ရသည်" ဟု အရှင်သောပါက က MCIJ ကိုပြောသည်။ ရွာတွင် စာကြည့်တိုက်တည်ထောင်ခြင်းနှင့် ကလေးငယ်များပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် လုပ်ဆောင်ခဲ့သည်။

ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်က နေပြည်တော်တွင် စစ်တပ်က အရပ်သားအစိုးရထံက အာဏာသိမ်းသည့်အခါ ဆန္ဒပြမှုများကို ဦးဆောင်ပါဝင်ခဲ့သည်။

" အာဏာရှင်တွေ အာဏာသိမ်းတဲ့ကိစ္စနဲ့တိုးတာ၊ တိုးတဲ့အခါကျ‌တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာပါပဲ၊ ဧပြီလ ၂ ရက်မှာ စစ်တပ်က အလုံးအရင်းနဲ့ လာဖမ်းတာကို ခုခံစစ် ဆင်နွှဲရင်းနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာပေါ့။ သပြေအေးကနေစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပျံ့ပျံ့ဖြစ်သွားတာ ၊ ကျုပ်ကတော့ အကြမ်းမဖက်ရေးဝါဒကို ယုံကြည်တာ" ဟု အရှင်သောပါက (သို့မဟုတ်) ဗိုလ်သံမဏိက ပြောသည်။

ယင်းမာပင်နယ်တစ်ကြော၌ ယမန်နှစ် မတ်လဆန်းကတည်းက ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ စတင်ဖွဲ့စည်းရာတွင် ဦးသောပါကသည် စည်းရုံးလှုပ်ရှားကာ ဦးဆောင်ပါဝင်ခဲ့သည်။ တူမီးသေနတ်များဖြင်ပြုလုပ်ရသော အခြေခံစစ်သင်တန်းများဖြစ်မြောက်ရေးတွင် ပါဝင်ကြီးကြပ်ပေးခဲ့သည်။ သင်တန်းကို တိုင်းရင်းသားဒေသများတွင် သွားရောက်သင်ကြားခဲ့သူများက ပြန်လည်ပို့ချခဲ့ခြင်းဖြစ်သည်။

ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ကိုတည်ထောင်သည့်အခါ ဗိုလ်သံမဏိဟူ၍ ဘွဲ့ခံယူခဲ့သည်။  

" ပထမဆုံးကတော့ သပြေအေးတိုက်ပွဲပေါ့၊ ထရော်ကျင်းရွာတိုက်ပွဲမှာလည်း စကစတွေအများကြီး ကျခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေက အများကြီး ဖော်ဆောင်တာ ရှိတယ်။" ဟု ဗိုလ်သံမဏိက ပြောသည်။ သပြေအေးရွာနှင့် ထရော်ကျင်းရွာတို့တွင် ယမန်နှစ် ဧပြီလနှင့် ဇွန်လအတွင်းကဖြစ်ပွားသော စစ်ကောင်စီတပ်နှင့် သူ၏တပ်များအကြားတိုက်ပွဲများကိုရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။  

စုံစမ်းစစ်ဆေးရေး

ယင်းမာပင် PDF အဖွဲ့က ကျူးလွန်သည်ဆိုသော လူသတ်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ အင်တာနက်မမှန်၊ တယ်လီဖုန်းမလွယ်သောဒေသများတွင် အဝေးကနေ လနှင့်ချီ၍ ဆက်သွယ်မေးမြန်းခဲ့ရခြင်းဖြစ်သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က " (အသတ်ခံရသူ) သူတို့ပြောသလောက် များချင်မှများလိမ့်မယ်၊... ပြစ်မှုကျူးလွန်မှုတော့ရှိတယ်။ ၁၀ ယောက်တော့ကျိမ်းသေပေါက်ရှိတယ်။ ကျနော်တို့အဲဒါကိုတွေ့ရှိတယ်။" ဟု ပြောသည်။  

" ယင်းမာပင် PDF လို့တော့ပြောလို့မရဘူး။ ပုဂ္ဂိုလ်ကိုပဲပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ယင်းမာပင် PDF ထဲမှာ အဲဒီလူတွေက အဖွဲ့ဝင်ဖြစ်လား မဖြစ်လား။ ... အဲဒီထဲက လူတစ်ချို့က ပြစ်မှုကျူးလွန်နေတာတော့ဟုတ်တယ်။ အဲဒါပေါ်တယ်။" ဟု သူက ပြောသည်။

လူသတ်မှုကျူးလွန်သည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်၍ ဗိုလ်သံမဏိက "လူသတ်မှုကိစ္စတွေက တိုက်ရိုက်ပါဝင်ပတ်သက်တာ မရှိဘူး၊ ကျုပ်ကိုယ်တိုင် ဒါကို အမိန့်ပေးတာမျိုးလည်း မရှိဘူး၊ ဒီလိုမျိုးမလုပ်ဖို့လည်း ကျုပ်ရဲ့ တပ်ရင်းမှူးတွေအားလုံးကို လမ်းညွှန်မှုတွေ‌ပေးတယ်၊အဲ့အတွက်လည်း ကြေညာချက်ထုတ်ထားတာရှိပါတယ်"ဟု ပြောသည်။

သို့သော်  " နိုဝင်ဘာလာ အရှေ့ပိုင်းကဟာတွေတော့ တာဝန်မယူနိုင်ဘူး၊ ဒီလိုမျိုး လက်လွတ်စပယ်မဖြစ်အောင်လည်း တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေပါတယ်။" ဟု ပြောသည်။
မငြိမ်းသောမီး

ယင်းမာပင်တွင် ဗိုလ်သံမဏိအဖွဲ့က အင်အားအတောင့်တင်းဆုံးဖြစ်သလို ပုလဲကဗိုလ်နဂါးကလည်း နောက်ပိုင်းတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်ဟူ၍အမည်ပြောင်းကာ ဒေသစုံလွှမ်းခြုံရန်ကြိုးစားလာခဲ့သည်။ နှစ်ဖွဲ့လုံးကလည်း တိုက်ရည်ခိုက်ရည်ကောင်းသည်။

ကာကွယ်ရေးတပ်က ဥပဒေမဲ့ လူသတ်မှုများနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုရန် အရပ်သားများအကြား မဝံ့မရဲဖြစ်ကြသလို စစ်ကောင်စီအမြတ်ထုတ်မှာကိုလည်း စိုးရိမ်ကြသည်။ သို့သော်လည်း လေးလနီးပါးကြာလာသည့်အခါ လူမှုကွန်ရက်ပေါ် ရောက်လာတော့သည်။

 " ကိုယ်တိုင်ကလည်း ဒီကိစ္စဟာ သာမန်မှားယွင်းမှုမဟုတ်တာသိပေမယ့် နောက်ဆက်တွဲပြဿနာတွေသက်သာအောင် မဟာမိတ်တွေကို ထိန်းထားပြီး MOD (အဲန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာန) ရဲ့ဦးဆောင်ဖြေရှင်းမှုကိုသာ လိုက်နာဖို့ပြောဆိုညှိုနှိုင်းပြီးတော့ ပြဿနာဖြစ်ပြီး ချက်ခြင်းဆိုသလို ရက်ပိုင်းအတွင်း ခေါင်းဆောင်တချို့အပါအဝင် နစ်နာသူများအချို့နှင့် MOD ကတာဝန်ရှိသူတချို့ကို ကိုယ်တိုင်ချိတ်ဆက်တွေ့ဆုံပေးခဲ့ပါတယ်...အဲဒီလို MOD နဲ့မတွေ့သေးခင်တစ်ရက်မှာလည်းမြေပြင်ခေါင်းဆောင်တွေနဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့်ရဲဘော်မိသားစုများအပါအဝင် ကျွန်ုပ်ကိုယ်တိုင်လိုက်ပါ၍ သပြေအေးအဖွဲ့နှင့် ဆွေးနွေးရန်ချိန်းဆိုပြီး ၎င်းတို့အဖွဲ့ချိန်းဆိုရာ၎င်းတို့၏နယ်မြေအတွင်းသို့ သွားရောက်ခဲ့သော်လည်း ကျွန်ုပ်တို့ရောက်ရှိချိန်တွင် သပြေအေးခေါင်းဆောင် ဗိုလ်သံမဏိမှာ တစုံတရာ ဖြေရှင်းခြင်းလည်းမရှိဘဲ ရှောင်ထွက်သွားခဲ့ပါတယ်။ နောက်တစ်ရက်မှာ တစ်နေရာထပ်မံချိန်းဆိုပြီး လာရောက်တွေ့ဆုံဖြေရှင်းရန် ကတိပြုခဲ့ကြသော်လည်း တွေ့ဆုံရန်ကတိဖျက်၍ ရှောင်နေခဲ့တာ ယနေ့ထိပင်ဖြစ်ပါတယ်" ဟု ဗိုလ်နဂါးက မတ်လ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်တွင် လူမှုကွန်ရက်တွင်ရေးသားသည်။

" ဒီကိစ္စမျိုးဟာ အပြန်လှန်တွန်းကန်နေကြရပြီဆိုတာကို တဘက်ကသိရင် ဝမ်းသာစရာဖြစ်နိုင်ပေမယ့် မရှင်းဘဲထားပြီး ပိုပိုဆိုးလာရင် ဒါမျိုးဟာ တော်လှန်ရေးကိုကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့်လည်း အများကြီးကို စိတ်တွေထိန်းပြီး တိတ်တိတ်လေးနဲ့ပြေလည်သွားအောင် ကြိုးစားဖြေရှင်းနေကြပါတယ်။ အဲလိုဖြေရှင်းနေတဲ့ကြားက သတ်ဖြတ်မှုတွေထပ်ဖြစ်လာတယ်။ ဒါ့အပြင်လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ၎င်းတို့သပြေအေးလက်အောက်ကတပ်ရင်းတစ်ခုမှ ဟီးရိုးတိုက်ဂါးအဖွဲ့ရဲဘော်တွေနဲ့ မိသားစုဝင်တွေကို သတ်ဖြတ်မယ်ဆိုတာထိ ခြိမ်းခြောက်လို့ ကျွန်ုပ်ကိုယ်တိုင် ဝင်ပါဖြေရှင်းထားခဲ့ရပါတယ်" ဟု ဆက်လက်ရေးသားထားသည်။

ဒေသခံအဖွဲ့ငယ်တစ်ချို့က ဗိုလ်သံမဏိအဖွဲ့ကို စွပ်စွဲချက်တွင် သစ်မှောင်ခိုလုပ်သည်ဆိုသောစွပ်စွဲချက်လည်းပါသည်။

သို့သော် ဗိုလ်သံမဏိက " သစ်မှောင်ခိုလုပ်တယ်ဆိုတာလည်း မှားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်အဖွဲ့က များသောအားဖြင့် သစ်ကိုခိုးတဲ့သူတွေကိုဖမ်းတာ၊ ဘာကြောင့်လဲဆိုတော့ အလောင်းတော်ကဿပနယ်မြေက သစ်တွေခိုးနေသူတွေကိုဖမ်းပြီး ဒဏ်ရိုက်တယ်၊ ဒါကိုမကျေနပ်တဲ့သူတွေက သစ်မှောင်ခိုလုပ်နေတဲ့သူတွေက မကောင်းသတင်းတွေ လွှင့်နေတာလည်း ဖြစ်နိုင်တယ်" ဟု MCIJ ကို ပြောသည်။

" တစ်ဖက်က စွပ်စွဲထားသလို တိုက်ပွဲတွေ မဖော်ဆောင်ဘဲ လက်နက်တွေကိုင်ထားတယ်ဆိုတာက ပြောမယ်ဆိုရင် အဲ့စွပ်စွဲတဲ့သူတွေက သူများတိုက်ပွဲတွေကို လိုင်းပေါ်တင်ပြီး အလှူခံစားနေတဲ့သူတွေ၊ ကျုပ်က အဲ့ဒါကိုသိတယ်၊ သူတို့က မနာလိုဖြစ်ပြီး တမင်သက်သက်စွပ်စွဲချက်တွေ ဖြစ်နေတယ်။ ကျုပ်တို့ရဲ့ မူဝါဒကတော့ ကိုယ်တိုက်ခဲ့တာတွေကို လိုင်းပေါ်တင်ပြီး အလှူခံစားတာမရှိဘူး။ အေးအေးလူလူနဲ့တိုက်ပြီး အသာလေးနေတယ်။ အဲ့တာကိုတော့ ပြတ်ပြတ်သားသားပြောနိုင်တယ်။" ဟုလည်း ပါရှိသည်။

စစ်ကောင်စီတပ် ဘယ်လိုတုံ့ပြန်လဲ

စစ်ကောင်စီတပ်အတွက်တော့ ဗိုလ်နဂါးအဖွဲ့၊ ဗိုလ်သံမဏိအဖွဲ့နှင့် Hero Tiger Force အဖွဲ့များမှာ အခြားသောတော်လှန်ရေးတပ်ဖွဲ့များလိုပင် ရန်သူတော်ဖြစ်သည်။

ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်တွင် ဗိုလ်နဂါးရှိကြောင်း သတင်းရ၍ စစ်ကောင်စီတပ်များက ပုလဲမြို့နယ် ဦးနှောက်ရွာကိုဝိုင်းကာ ရဟတ်ယာဉ်သုံးစီးဖြင့်ပစ်ခတ်တိုက်ခဲ့သည်။ ဗိုလ်နဂါးလွတ်မြောက်ခဲ့သော်လည်း ရှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်တွင် ဗိုလ်သံမဏိ၏ ယင်းမာပင်မြို့နယ် သပြေအေးရွာကိုလည်း ရဟတ်ယာဉ်များဖြင့်ရောက်လာသော စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ပြီး လူနေအိမ်များမီးရှိုရာ ရွာသားနှစ်ဦးသေဆုံးပြီး အိမ် ၁၀၀ ကျော် မီးလောင်သွားသည်။

မတ်လ ၁၂ရက်၊ ၂၀၂၂ ခုနှစ်က ယင်းမာပင်မြို့နယ်အတွင်းရှိ စခန်းအချို့ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်စီးခြင်းခံခဲ့ရပြီး နေ့စဉ်သုံးပစ္စည်းများနှင့် တဲများ ဖျက်ဆီးခံလိုက်ရကြောင်း Hero Tiger Force က မတ်လ ၁၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

Data for Myanmar က မတ်လ ၁၅ ရက်နေ့အထိ ကောက်ယူထားသောစာရင်းများအရ စစ်ကောင်စီတပ်က နေအိမ်မီးရှို့မှု အများဆုံးကို  စစ်ကိုင်းတိုင်းထဲတွင်ပြုလုပ်ထားပြီး နေအိမ် ၄၄၂၆ လုံး ပျက်စီးခဲ့ကာ  မကွေးတွင် ၁၁၄၈လုံး၊ ချင်း ၁၁၂၁လုံး၊ ကရင်နီတွင် ၃၅၇လုံး ဖြစ်သည်။

NUG နှင့်အရေးယူဆောင်ရွက်မှု

ကာကွယ်ရေးတပ် ၆၃ ဖွဲ့၏ ကြေညာချက်တွင်  " ပြစ်မှုကျူးလွန်သည်ဟု အဓိကသံသယရှိသူများအနေဖြင့် နီးစပ်ရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွင် လက်နက်ချအညံ့ခံပေးပြီး မျှတသောတရားစီရင်မှု အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါသည်။" ဟု တောင်းဆိုထားသည်။

NUG အတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ " ဒီအဖွဲ့က အန်ယူဂျီထဲဝင်ချင်တယ်ဆိုပြီးလျှောက်ထားတယ်။ ဒါပေမဲ့ အန်ယူဂျီရဲ Command (အမိန့်နာခံမှု) အောက်တော့ မရောက်သေးဘူး။"  

" MOD ရဲ့ Command အောက်မှာ ကိုယ်ပိုင်နံပါတ်ထွက်ပြီးသားဆို စစ်ခုံရုံးတင်ပြီးစစ်လို့ရတယ်။ အဲဒီနံပါတ်မထွက်သေးခင်မှာ လျှောက်ထားစဲပဲရှိတယ်။ ကျနော်တို့ကသူတို့ကို ဘာမှထုတ်မပေးနိုင်တဲ့ကာလဖြစ်တော့ အရပ်ဘက်တရားစီရင်ရေးနဲ့ စီရင်ရမယ့်သဘောပဲ။"

 " ခက်တာက တရားရုံးကတော့ မရှိသေးဘူးပေါ့နော်၊ လောလောဆယ်မှာက ကျနော်တို့။ ဒါပေမဲ့ Transitional justice ဘာညာမှာတော့ ဒီဟာက လုပ်ကိုလုပ်ရမယ့်သဘောပဲ။"  ဟု ပြောသည်။

အသတ်ခံရသော လူငယ်တစ်ဦး၏ အဒေါ်ဖြစ်သူကတော့ ယခုထက်ထိသူ၏တူ အသတ်ခံရသည်ဆိုခြင်းကို ခြေခြေမြစ်မြစ်မသိသေးပါ။

 “ ကျွန်မတို့ကတော့ ကလေးတွေရှိရင်လည်း ရှိသေးတယ်။ ရှင်းခံရတယ်ဆိုရင်လည်း ရှင်းခံရပြီဆိုတာကိုအတည်ပြုပေးစေချင်တယ်။ ဓလေ့အရလုပ်သင့်တဲ့ဟာတွေလုပ်လို့ရအောင်။ နောက်တစ်ချက်က ဒီရွာသားတွေနဲ့ ကျွန်မတို့ကလေးတွေကို CDM မလုပ်တာနဲ့တင် သတ်လိုက်တာမျိုးဆိုရင်တော့ မကျေနပ်ဘူး။ စုံစမ်းပြီး ဗိုလ်သံမဏိတို့အဖွဲ့ကသတ်တာဆိုရင်သူတို့ကို ထိုက်သင့်တဲ့အပြစ်ပေးအရေးယူတာမျိုးတွေလုပ်စေချင်ပါတယ်” ဟု ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly