မဲဆောက်တွင် ကုန်စိမ်းကားအတွင်း ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် ဖမ်းဆီးခံရ

မဲဆောက်တွင် ကုန်စိမ်းကားအတွင်း ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် ဖမ်းဆီးခံရ

ကိုရွှေမြိတ်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ခြောက်ဘီးတပ် ကုန်စိမ်းးကား အတွင်း ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅၀ ကျော်ကို ထိုင်း အာဏာပိုင်များက ဖမ်းဆီး အရေးယူ ခဲ့ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြသည်။

အဆိုပါ ထရပ်ကားကို ထိုင်းရဲ ပူးပေါင်း အဖွဲ့က မဲဆောက် စစ်ဆေးရေး ဂိတ်၌ စစ်ဆေးရာ ကားအတွင်းပိုင်း၌ မြန်မာနိုင်ငံသား ၅၃ ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ထိုင်း အာဏာပိုင်များ စတင် စစ်ဆေးစဉ် ကုန်စိမ်း အသီး အရွက်များကို တွေ့ရှိခဲ့ပြီးနောက် မသင်္ကာ သဖြင့် ထပ်မံ စစ်ဆေးရာ ကုန်စိမ်းကား အတွင်း မြန်မာနိုင်ငံသား ၅၃ ဦးသည် အသက်ရှူကျပ် နိုင်သည်အထိ ဆိုးဝါးသည့် အနေအထားကို တွေ့ရကြောင်း စစ်ဆေးရေး အဖွဲ့ တာဝန်ရှိသူကို ကိုးကား၍ Mae Sot Media က ဖေါ်ပြသည်။

ဖမ်းဆီး ခံရသူ အမျိုးသား ၃၁ ဦးနှင့်အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၅၃ ဦးသည် တစ်ဦး ဘတ် ၃၀၀၀၀ ဖြင့် ပွဲစားခပေးပြီး တရားမဝင် ဝင်ရောက်သူများ ဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများအား ထိုင်း တာဝန်ရှိသူများက COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး မဲဆောက် ရဲစခန်း စုံစမ်းရေး အဖွဲ့က ဆက်လက် အရေးယူရန် စီစဉ်နေကြောင်း သိရသည်။

#Mizzima

#မဲဆောက်

#ပွဲခ

#မြန်မာနိုင်ငံသား

#ကုန်စိမ်းကား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly