ရေမီးရှား မြို့တော်ဟောင်း

မတ် ၁၃

“ ရေသန့်ရမယ် ရေသန့် ။….. ရေသန့်ရမယ်ဗျို့” ဆိုသည့် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး မြို့နယ်အတော်တော်များများတွင် တွန်းလှည်းဖြင့် သောက်ရေသန့်ရောင်းချသူတို့၏ အသံဆိတ်သုဉ်းနေသည်မှာ သီတင်းတစ်ပတ်ကျော်ပြီဖြစ်သည်။

အလားတူ သုံးရေပြတ်လပ်မှုမှာလည်း ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်များဖြစ်သည့် အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံမြို့ ဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ သာကေတအပြင် အခြားသော မြို့နယ်များတွင်လည်း သုံးရေဖူလုံစွာမရရှိသည့် ပြဿနာမှာ တစ်စစ မြင့်တက်လာနေပြီဖြစ်သည်။

ရန်ကုန်မြို့တွင် မနက်တစ်ကြိမ် စနစ်ဖြင့် ရေပေးဝေသည့် အိမ်ယာများရှိသလို၊ တစ်ရက်ခြားတစ်ကြိမ် စနစ်ဖြင့် ရေးပေးဝေနေသည့် အိမ်ယာများရှိနေပြီး၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် ရေတင်မရဘဲ ရေရရှိရေး အခက်အခဲဖြစ်နေသည်များ ရှိနေသည်။

ယင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကနဦး အင်တာနက်ပြတ်တောက်ခြင်း၊ ထိုမှတစ်ဆင့် ကုန်ဈေးနှုန်းများ အဆမတန်တက်လာခြင်း၊ တစ်ဖန် လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းနှင့် နောက်ဆုံးတွင် သောက်သုံးရေပါ ဖူလုံအောင်မရခြင်းတို့ တစ်ဆင့်ချင်း တစ်ဆင့် ဖြစ်ပေါ်လာနေခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် နေထိုင်ကြသည့် လူထုမှာ သောက်သုံးရေရရှိရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေ ဝယ်ယူရခြင်း၊ အဆမတန်ဈေးကြီးပေးဝယ်နေရခြင်းများသည် နစ္စဓူ၀ ဖြစ်လာနေသည့် လူမှုဘဝဒုက္ခများပင် ဖြစ်သည်။

“ ရေလာမယ့် အချိန်ထိုင်စောင့်လို့မရဘူး။ နိုင်သလောက်တော့ ကိုယ်တာ ကိုယ်လုံဖို့လုပ်ရမှာပဲ။ အာဏာရှင်ပေးတဲ့ ဒုက္ခက ပြည်သူမှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေတာလေ” ဟု မြောက်ဒဂုံမြို့နယ်အတွင်း နေထိုင်သူအချို့ထံမှ ကြားခဲ့ရသည့် စကားပင်ဖြစ်သည်။

သောက်သုံးရေ ရရှိရေးအတွက် လူထုအနေဖြင့် ကိုယ်နည်းကိုယ့်ဟန်ဖြင့် ရုန်းကန်ရှာဖွေနေရသလို စစ်ကောင်စီလက်ထက်တွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် မှတ်ပုံတင်ထားရသော အခြေချလုပ်ကိုင်နေသည့် ရှင်သန်ရေး လူမှုကယ်ဆယ်ရေးအဖွဲ့၊ မာဃလုလင် လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အခြားသော အဖွဲ့များက မြို့နယ်အလိုက် ရပ်ကွက်အလိုက် သောက်သုံးရေအခမဲ့ ပေးဝေမှုများ လုပ်ဆောင်ပေးနေရသည်။

လူထုက ကိုယ့်ဝန်ကိုယ့်ထမ်းနေရသလို၊ လူမှု ကူညီရေးအဖွဲ့တွေကလည်း နိုင်ရာဝန်ထမ်းနေကြသည်။ အာဏာသိမ်းစစ်ကောင်စီက လူထုအတွက် မည်သို့သော ဝန်မျိုးတွေ ထမ်းပေးနေပါသလဲဆိုသည့် မေးခွန်းရှိသော်လည်း အဖြေမှာ နတ္ထိပင် ဖြစ်သည်။

လတ်တလော ရန်ကုန်မြို့ပြလူထုရဲ့ အသက်ရှင် ရပ်တည်ရေးသည် သောက်ရေသုံးရေဖြစ်ပြီး ဒုတိယအချက် အရေးကြီးဆုံးအချက်မှာ လျှပ်စစ်မီး ယခင်အတိုင်း ပုံမှန်ရရှိရေးနှင့် တတိယအချက်မှာ တရိပ်ရိပ်မြင့်တက်နေသော လောင်စာဆီဈေးနှုန်းနှင့် အခြေခံစားကုန်များ ကျဆင်းရေးပင်ဖြစ်ဟု ဆိုသည်။

လျှပ်စစ်မီးက ပြတ်တောက်သွားလျှင် တမေ့တမြောပင်။ တစ်နေ့ကို ခြောက်နာရီခန့်ပျက်ရာက အခုတော့ တစ်နေ့ကို ခြောက်နာရီလောက်သာမီးရတော့သည့် ဒေသများများပြားလာခဲ့သည်။

“ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ လျှပ်စစ်မီးအကြောင်းနဲ့ပတ်သက်ပြီး ပြန်စဉ်းစားကြည့်ရင် မပြတ်ခဲ့သလောက်ဘဲ။ ပြည်သူအတွက် အစိုးရက လုပ်နိုင်တဲ့ ဘက်က လုပ်ပေးခဲ့တာကို အနီးဆုံးသာဓက ပြရရင် ကိုဗစ်တွေ စဖြစ်တုန်းက လူတွေကြောက်ကြပေမယ့် သောကမဖြစ်ခဲ့ရဘူး။ ဖြစ်ပြီဟေ့ဆိုရင် အိမ်ရှေ့ကားဆိုက်လာတာပဲ။ ပြောချင်တာက လူထုနဲ့အစိုးရ ကြားအပြန်အလှန်ယုံကြည်မှု တွေ ရခဲ့တယ်။ အစိုးရလိုအပ်တယ်ဆိုရင် လူထုကအကူအညီပေးဖို့ တက်တက်ကြွကြွပဲ။ စစ်တပ်က တပ်မတော်သာလျှင်အမိ တပ်မတော်လျှင်အဖဆိုတဲ့ နေရာမှာ ပြည်သူသာလျှင်အဓိက လို့ ဆိုပြီး ချေပ ပြောသွားတာ ရှက်တတ်ရင် လဲသေလို့ရတယ်” ဟု သာကေတမြို့နယ် အတွင်းရှိ အသက် ၆၀ကျော်အရွယ် မြို့ခံတစ်ဦးက ဆိုသည်။

သောက်ရေအတွက် ယခင်က နှစ်ဆယ် လီတာတစ်ဗူးလျှင် သောက်ရေသန့်၏အမှတ်တံဆိပ်ပေါ်မူတည်၍ ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀အထိရှိခဲ့ရာမှ ယခုအခါ ကျပ်၇၀၀ကျော်မှ ကျပ် ၁၅၀၀ ကျော်အထိမြင့်တက်လာ ခဲ့သလို၊ သုံးရေပြတ်လပ်မှုကြောင့်လည်း ယခင်က ရေတစ်စည် ကျပ်၁၅၀၀ ဝယ်ယူသုံးစွဲနေရာမှ ယခုအချိန်တွင် ကျပ် ၅၀၀၀မှ အထပ်အမြင့်ပေါ်မူတည်၍ ကျပ် ၈၀၀၀ ကျော်အထိ ပေး၍ ဝယ်ယူသုံးစွဲနေရသည်။

ရန်ကုန်မြို့တွင်း အခြေစိုက်သည့် ရှင်သန်ရေးလူမှုကူညီမှု အဖွဲ့နှင့် မာဃလုလင် လူမှုကယ်ဆယ်ရေး အဖွဲ့များက တစ်ရက်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ သုံးရေပြတ်တောက်မှုအပေါ် အခမဲ့ပေးဝေမှုများ ရှိနေသည်။

မြို့နယ်အတော်တော်များများရှိ ပြည်သူများအတွက် သောက်ရေနှင့် သုံးရေ ရရှိမှု အခြေအနေမှာ အလွန်အခက်အခဲ ဖြစ်နေပြီဖြစ်သည်။ သုံးစွဲမှုနှင့် ပေးဝေမှု မမျှတသည့်အတွက် လူထုအကြား စစ်ကောင်စီအပေါ် ဝေဖန်ပြစ်တင်သံများသည်လည်း ပိုမိုကျယ်လောင်လာတော့သည်။

“ ဒါတွေဘာ့ကြောင့် ဖြစ်လဲဆိုရင် လျှပ်စစ်မီးမလာတာရယ် လောင်စာဆီဈေးတွေ အဆမတန်တက်ကုန်တာရယ်ကြောင့်လို့ မြင်တယ်။ လျှပ်စစ်မီး ပုံမှန်ရမှ ထုတ်ကုန်လုပ်ငန်းတွေအဆင်ပြေမယ့်အခြေအနေမှာ လျှပ်စစ်မီးမရတော့ စက်သုံးဆီနဲ့ လည်ပတ်ခဲ့ကြသေးတယ်။ အခု စက်သုံးဆီကလည်း သိတဲ့အတိုင်း နှစ်ထောင်ကျော်နေပြီဆိုတော့ လုပ်ငန်းရှင် တွေလည်း မကိုက်တော့ဘူး။ အလုပ်တွေပါရပ်လိုက်ရတယ်။ ဒါကအမှိုက်ကစ ပြသာဒ်မီးလောင်မယ့် အခြေအနေပဲ။” ဟု ရေသန့်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးကဆိုသည်။

စစ်ကောင်စီလက်ထက် လျှပ်စစ်မီးမရရှိခြင်းမှစ၍ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ရေမရရှိမှု ပြဿနာတို့ကြောင့်မြို့နေ လူထုအနေဖြင့် ပူပြင်းလာပြီဖြစ်သော ရာသီဥတုဒဏ်ကို တစ်ဆက်တည်းဆိုသလို လိမ့်၍ ခံစားနေရသည်။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly