စစ်ကောင်စီကို ဝေဖန်သည့် Sky Net ရုပ်သံဝန်ထမ်း ဖမ်းဆီးခံရ

စစ်ကောင်စီကို ဝေဖန်သည့် Sky Net ရုပ်သံဝန်ထမ်း ဖမ်းဆီးခံရ

မတ်လ ၁၂ ရက်

စစ်ကောင်စီကို ဖေ့စ်ဘွတ် လူမူကွန်ရက် ပေါ်တွင် ဝေဖန် ပြောဆိုသည့် Sky Net ဝန်ထမ်း တစ်ဦး ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်တွင် ဖမ်းဆီး ခံလိုက်ရကြောင်း ဝန်ထမ်းဟောင်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ၏ သတင်းနှင့် ဖျော်ဖြေရေး ရုပ်သံလွှင့်ဌာနကြီး၏ အားကစားဌာနတွင် လုပ်ကိုင်နေသော ကိုရဲရင့်မောင်မောင်ကို စစ်ကောင်စီက ယနေ့  မတ်လ ၁၂ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်တွင် တောင်ဥက္ကလာပ မြို့နယ်ရှိ ၎င်း၏ နေအိမ်၌ ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။

ထို့အတူ ရုံးမှ အခြားဝန်ထမ်း တစ်ဦး ဖြစ်သည့် ကိုဇာနည်ဝါ သည်လည်း လွန်ခဲ့သည့် နှစ်လခန့်က ဖမ်းဆီး ခံခဲ့ရသည်။ 

“ကုမ္ပဏီက အစည်းဝေး လုပ်ပြီး နိုင်ငံရေး မတင်ဖို့ သတိပေးတယ်။ သတိပေးတာကို ဇာနည်ဝါက အွန်လိုင်းမှာ ဝေဖန်တာကို တွေ့သွားတယ် ထင်ပါတယ်။ အဲဒီညမှာပဲ ဝင်ဖမ်းသွားတာ။ လွန်ခဲ့တဲ့ နှစ်လလောက်က။ အခုကိုရဲ ကလည်း လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖေ့စ်ဘွတ်ပေါ်မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပိုစ့်တစ်ခု တင်လိုက်တယ်။ ပိုစ့်ကို တွေ့ပြီးတော့ ညက ဝင်ဖမ်းသွားတာ” ဟု Sky Net ဝန်ထမ်းဟောင်း တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် ဌာနအတွင်း ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဝေဖန် ရေးသားခြင်း မပြုလုပ်ရန် ဌာနအတွင်း သတိပေး တားမြစ်ထားသည်ဟု ဝန်ထမ်းများက ပြောသည်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ နှစ်ဦးကို နိုင်ငံတော် အကြည်အညို  ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်ကောင်စီက ပုဒ်မတပ် အမှု ဖွင့်ထားကြောင်း နီးစပ်သူများက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရလက်ထက်တွင် ဖက်စပ်ထူထောင်ခဲ့သည့် ထိုသတင်းနှင့် ဖျော်ဖြေရေး ရုပ်သံလွှင့် ဌာနချုပ်သည် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ဧရာဝတီ ရေတပ်ဝန်းအတွင်း တည်ရှိပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဝန်ထမ်းတချို့  နှုတ်ထွက်မှုများလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly