ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အဂတိအမှု ၅ မှု အတွက် စွဲချက်တင်အမိန့်ချမှတ်

ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အဂတိအမှု ၅ မှု အတွက် စွဲချက်တင်အမိန့်ချမှတ်

မတ်လ ၈ ရက်

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အဂတိအမှု ငါးမှုအတွက် ယနေ့မတ်လ ၈ရက်နေ့တွင် စွဲချက်တင်အမိန့်တစ်ရပ်ကို ချမှတ်ခဲ့သည်ဟု မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း သတင်းအရင်းအမြစ်က မဇ္စျိမကို ပြောသည်။

ယင်းအပေါ် ဒေါက်တာဇော်မြင့်မောင်က ၎င်းအနေဖြင့် အပြစ်မရှိကြောင်း ကိုယ်တိုင်ထွက်ဆို ချေပခဲ့သည်ဟု ဆိုသည်။

မန္တလေး အိုးဘိုထောင်တွင်းရှိ ခရိုင်အဆင့် အထူးသီးသန့်တရားရုံး တရားခွင် တရားသူကြီး ဦးခင်မောင်ထွန်းက ယင်းအဂတိအမှုများနှင့် ပတ်သက်၍ စွဲချက်တင်အမိန့်ချ မှတ်ခဲ့ခြင်း ဖြစ်သည်။

၀န်ကြီးချုပ်အနေဖြင့် ထောင်တွင်းအကျဉ်းသားများ ၀တ်ဆင်ရသည့် အပြာရောင်၀တ်စုံကို ၀တ်ဆင်၍ ရုံးရှေ့သို့ ထွက်လာခြင်းဖြစ်ပြီး ရုပ်ပိုင်း၊ ဆိုင်ရာ ကျန်းမာရေးအရ ကောင်းမွန်နေသည်ကို တွေ့ရသည် ဟုဆိုသည်။

“ဒီနေ့က အဂတိအမှု ငါးမှုလုံးစွဲချက်တင် အမိန့်ချလိုက်တယ်။ အဂတိအမှု ပုဒ်မ ၅၅ အရ စွဲချက်တင်လိုက်ပြီ။ ဒေါက်တာဇော်မြင့်မောင်က အပြစ်မရှိဘူးဆိုပြီး ငြင်းဆိုလိုက်တယ်။ ပြန်ခေါ်သက်သေစစ်ဆေးဖို့ သောကြာနေ့ကို ပြန်ချိန်းဆိုထားတယ်။ စွဲချက်တင်အမိန့် ချလိုက်တော့ ပြန်ခေါ်သက်သေတွေကို အကုန် ပြန်ခေါ် စစ်ဆေးဖို့ လျှောက်လိုက်တယ်။ သောကြာနေ့မှာ တရားလို ဦးစိန်တင်ကို အမှုငါးမှု လုံးအတွက် ပြန်ခေါ်သက်သေအဖြစ်နဲ့ စစ်ဆေးမယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် မတ်လ ၁၁ ရက် သောကြာနေ့သို့ ပြန်လည်ချိန်းဆိုထားပြီးနောက် အဂတိအမှု ငါးမှုလုံးအတွက် တရားလိုပြုလုပ်၍ တိုင်ကြားထားသော နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိန်တင်ကို ကနဦးစစ်ဆေးသွားမည်ဖြစ်ပြီး ပြန်ခေါ်သက်သေစာရင်းတွင် စီးပွားရေးလုပ်ငန်းရှင်  မောင်ဝိတ်လည်း ပါ၀င်နေသည်။

စွဲချက်တင်အမိန့် ချမှတ်ခံရသော အဂတိအမှုများမှာ မြင်းခြံမြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရုံးခန်းမြေနေရာများသတ်မှတ်ပေးရာတွင် အဂတိလိုက်စားသည်ဟုဆိုကာ စွဲဆိုထားသော အမှုနှစ်မှု ပါ၀င်သည်။

ယင်းအပြင် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က ၀န်ကြီးချုပ် ထိုင်းနိုင်ငံတွင် ဆေးဝါးသွားရောက်ကုသစဉ် ဒေါ်လာ ၁၅၀,၀၀၀ ကိုသုံးကြိမ်ခွဲ၍ လှူဒါန်းခဲ့သည့် အမှုတစ်မှုနှင့် ဆေးကုသအပြီး ပြန်လာစဉ် ၀န်ကြီးချုပ် လိုအပ်သည်များသုံးစွဲရန် မြန်မာကျပ်ငွေ သိန်း ၆၅၀ ကို နှစ်ကြိမ်ခွဲ၍ လှူဒါန်းခဲ့သည်ဆိုသော အမှုနှစ်မှု ဖြစ်သည်။

ယင်းအပေါ် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သူမောင်ဝိတ်က ဖေဖော်ဝါရီ လ ၁၈ ရက် လိုပြသက်သေစစ်ဆေးချက်တွင် မိမိဆန္ဒဖြင့် ၀န်ကြီးချုပ်အား လှူဒါန်းခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။

နောက်တစ်မှုမှာ ဖွံ့ဖြိုးသစ် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်ဆိုသူက ၎င်း၏တပည့်ဖြစ်သူ ကိုအောင်ဇော်ကိုမှ တစ်ဆင့် ထိုင်းဘတ်ငွေ ၃၀၀,၀၀၀ ကို နှစ်ကြိမ်ခွဲ၍ ပေးအပ်ခဲ့သည်ဆိုသော အမှု တစ်မှု တို့ဖြစ်သည်။

အသက် ၇၀ အရွယ် ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အနေဖြင့် လက်ရှိတွင် အဂတိအမှု ငါးမှု၊ မဲမသမာမှုဖြင့် စွဲဆိုထားသောအမှု နှစ်မှု စုစုပေါင်း အမှု ခုနစ်မှုဖြင့် တရားရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required