ရသဘဏ်တိုက် ခရီးသွားဆောင်းပါး "မယ်လဲထ …." (ဆောင်းပါး)
"မယ်လဲထ …." (ဆောင်းပါး) Print E-mail
ရွှေအိမ်စည်   
ကြာသပတေးနေ့၊ ဧပြီလ 24 2008 18:11 - မြန်မာစံတော်ချိန်

(က)

        "တုန်း….ကျီ"
          "တုန်း….ကျီ"
              "တုန်း…..ကျီ"

ma-la-htaa.jpg

နရီမှန်စွာ ထွက်ပေါ်နေသည့် အသံကြောင့် အိပ်နေရာမှ ကျနော် နိုးလာသည်။ အမှောင်ထုက လွှမ်းခြုံထားဆဲ ….။ အသံသည် ကျနော်တို့ အိပ်နေသည့် တဲငယ်၏ ခြေရင်းဖက်အောက်မှ ဖြစ်သည်။ ပထမ မည်သည့်အသံ ဟူ၍မသိ….။ ရေနံဆီ မီးခွက်၏ အလင်းရောင်အား အသံကြားရသည့် နေရာဆီမှ တွေ့ရသည်။ တလက်လက်….။ မောင်းထောင်သံ…။

အိပ်နေရာမှထပြီး ကြောပိုးအိတ်အား လွယ်၍ တဲအိမ်ငယ်ပေါ်မှ ဆင်းသည်။ ၀ါးလှေကားက လက်ကိုင်မရှိသည့် အတွက် အမှောင်ထဲ၌ သတိထား၍ ဆင်းရ၏။

တဲအိမ်၏ အောက်သို့ ရောက်သည်နှင့် ဗိုလ်အောင်နိုင်အား တွေ့ရ၏။ သူကား … ကျနော်တို့ အားလုံး၏ စစ်ကြောင်းမှူး….။ မောင်းထောင်းနေသည့် အမိုးအို (အမေအို)၏ အနီးတွင် ထိုင်၍ စကားပြောနေသည်။ မောင်းစဉ်၏ ခြေနှင်းခုံတွင်မူ ကျနော်တို့ အဖွဲ့မှ ရဲဘော်တဦး ….။

ရဲဘော်သည် ခြေအားဖိ၍ နင်းလိုက်သည်နှင့် "ကျီ" ဟူ၍ အသံမြည်၏။ အမိုးအို(အမေအို) သည် ဆုံထဲရှိ စပါးအား အပေါ်အောက် လှန်၏။  ပြီးလျှင် …. ရဲဘော်ငယ်သည် ဖိထားသည့်ခြေအား လွှတ်ချသည် ….။ "တုန်း"…။

"တုန်း….ကျီ" ဟူ၍ နရီမှန်စွာဖြင့် ရဲဘော်နှင့် အမေအိုတို့ မောင်းဆုံထောင်း၍ နေကြ၏။ ရောင်နီက မပြူသေး….။

(ခ)

ချဉ်မောင်ဖာလာ တောများအတွင်း လူသွားလမ်းငယ်မှ လျှောက်ကြရ၏။ ၀ဲ…ဘေးယာသို့လည်း မတိမ်းစောင်းရဲ….။ မြေမြုပ်မှိုင်းများက နှစ်ဘက်လုံးမှ ထောင်ကြသည်။ စွန့်ပစ်မှိုင်း….။

ကျနော်တို့ သွားနေသည်က တောင်ကြောအတွင်းမှ ကွေ့၍ ….။ ပတ်၍ ကြောင်လိမ်လှေကားသဏ္ဍာန် မဲညောခီး တောင်တန်းများအား ရစ်၍ သွားနေသည်။ တရံတခါ ….."ခွေးအိပ်တောင်" အား တွေ့ရ၏။ တခါတရံ သံလွင်မြစ်အတွင်းမှ စက်လှေသံများအား ကြားရ၏။ မသဲကွဲ…..။

သံလွင်က စုန်၍ ဆင်းလာ၏။ ကျနော်တို့က ဆန်၍ တတ်၏။ ခွေးအိပ်တောင်က ကျနော်တို့၏ အနောက်မြောက် အရပ်၌ ….။ မြူများ တိမ်ခိုများ အကြားမှ ခွေးအိပ်တောင်သည် ခေါင်းပြူ၍ ထွက်နေ၏။ ချဉ်ပေါင် ဖာလာရွက်ဖျား၌ နှင်းဥတို့သည် တွဲလွဲခို၍ နေကြရာမှ တစက် …. တစက် …. သွန်ချ၍ နေသည်။ ချဉ်ပေါင်ဖာလာ တောအတွင်း လူသွားလမ်းမှ မြောက်ဖက်သို့ ထောင်၍တက်သည်။ အတက်ဖြစ်သော်လည်း မတ်မတ် စောင့်စောင့်မဟုတ်….။ မော့၍ ….မော့၍ တဖြည်းဖြည်း မြှင့်တက်သွားခြင်းမျိုးသာ ….။ ချဉ်ပေါင် ဖာလာ တောဆုံးသည်နှင့် မြေသားလမ်းအား တွေ့ရ၏။ မြေသားအရောင်က နီညိုညို….။ လူသွားလမ်းထက်လည်း ကျယ်၏။ သစ်ထုတ်လုပ်ရေး လမ်းလည်းမဟုတ်….။ ကျွဲ….နွား သွားသည့်လမ်း ဖြစ်မည်။ ရွှေကျင်၊ ဝေါမြို့များမှ ကျွဲ၊ နွား ကုန်သည်တို့ ဤလမ်းမှ ဖြတ်ပြီး မယ်လဲထ ဈေးတန်းတွင် ကျွဲ၊ နွား အရောင်းအ၀ယ် ပြုလုပ်ကြသည်။ ယခုမူ စစ်ပူသဖြင့် မည်သည့်ကုန်သည်မျှ အသွားအလာ မရှိတော့ ….။

မြေနီလမ်းအတိုင်း ကျနော်တို့ မြောက်ဖက်သို့ တက်ခဲ့၏။ သံလွင်က ကျနော်တို့၏ လယ်ယာဖက်…။ လက်ဝဲဖက်တွင်မူ "ခွေးအိပ်တောင်"…..။

နာရီဝက်ခန့် လျှောက်ခဲ့ပြီးနောက် …မဲပရွာအား ရောက်သည်။ အိမ်ခြေနှစ်ဆယ်မျှပင် ရှိမည့် တောင်ပေါ် ကရင်ရွာ…..။ ယခုတော့ လူမရှိသည့် ရွာပျက်….။ ထက်ပိုင်း ပျက်နေသည့် အုန်းပင်များအား တွေ့ရ၏။ အိမ်တချို့ မီးလောင်၍ ပြိုပျက်၍ နေသည်။ အိမ်တိုင်များက ထင်းမီးသွေးခဲတုံးများအဖြစ် ပုံကျ၍ နေသည်။ မပြိုပျက်သည့် အိမ်နံရံအချို့၌ ကျည်သင့်သည့် အရာများအား တွေ့ရသည်။ စပါးကျည်တခုသည် လက်နက်ကြီး ကျည်သင့်၍ ပွင့်၍နေသည်။ စပါးစေ့အချို့က …..စပါးကျည်ပုတ်အောက်၌ ဖိတ်ကျ၍ နေသည်။ စပါးကျည် ပုတ်အောက်၌ အစာစားနေသည့် တောင်ပေါ်ဝက်ငယ် နှစ်ကောင်သည် ကျနော်တို့အား မြင်ပြီး လန့်၍ ပြေးထွက်သွားကြ၏။

လမ်းနှင့်စပါးကျည်အကြား "ကနစို" ပင်ရင်း၌ ကျည်ဆံခွံများအား ပုံလျက် တွေ့ရ၏။ "နာတိုး" အမျိုးအစား စက်လက်နက် ကျည်ဆံခွံများ ဖြစ်မည်။ "နာတိုး" ကျည်ဆံခွန်က "BA-64" အမျိုးအစား ကျည်ဆံခွန်နှင့် ဆင်တူ၏။ ကျည်ဆံခွံ များအနီး တောစီး စစ်ဖိနပ်တရံအား တွေ့ရ၏။ ဖိနပ်က ….ခြေဖနှောက်နေရာ၌ ပွင့်ထွက်၍ နေသည်။ ဖိနပ်အနီးရှိ မြက်ပင်တို့သည် ကွက်၍ ခြောက်နေသည်။

ကျနော်တို့မှ လွဲ၍ ရွာအတွင်း၌ မည်သူမျှ ရှိဟန်မတူ ….။ တိတ်ဆိတ်၍ နေသည်။ ငြိမ်သက်မှုက ခြောက်ခြားဖွယ်ရာ ….။ အုန်းလက်များအကြား ဖြတ်တိုက်သွားသည့် လေတိုးသံသည်ပင် ခြောက်ခြားဖွယ်ရာ ….။

မဲပရွာမှ ကျနော်တို့ ထွက်ခဲ့ကြ၏။ ရွာသည် ကျနော်တို့အား ငြိမ်သက်မှုနှင့် နှုတ်ဆက်၏။ တိတ်ဆိတ် ငြိမ်သက်မှုအတွင်း၌ အသံပေါင်းများစွာ၏ အနက်အား ကြားရ၏။

ရွာအတွင်းမှ ဆရာနိုင်ဝင်းဆွေ၏ လေညှင်းကလေး လာနေပြီ ကဗျာရွက်ဆိုသည့် အသံများအား ကြားရသည်ဟု ထင်မိ၏။

ချွေးတို့နှင့် ရွှဲနစ်နေ၍ ကျောပိုးအိပ်သည် ကျောပြင်နှင့် ကပ်၍နေသည်။ ကျောပိုးအိပ်အား "မ" ၍ ပြင်ပိုးလိုက်သည်။

အရှေ့တွင် "မယ်လဲထ"….။ နာရီဝက်ခန့်လျှောက်လျှင် "မယ်လဲထ" သို့ရောက်ပြီ။

(ဂ)

မယ်လဲထ ချောင်းငယ်သည် အနောက်မြောက်မှ အရှေ့တောင်သို့ စီး၍ သံလွင်အတွင်းသို့ ၀င်၏။ ချောင်းအတွင်း ကျောက်တုံးကျောက်ဆိုင်များနှင့် ပြွတ်သိပ်၍ နေသည်။ ချောင်းရေသည် တိမ်သ်ာလည်း ရေစီးကမူ ကြမ်း၏။ သံလွင်မြစ်နှင့် မယ်လဲထချောင်းဆုံရာ အရပ်၌ မယ်လဲထချောင်းအား မှေးတင်၍ မယ်လထဈေးတန်းအား တည်ထား၏။ မယ်လဲထဈေး၌ ကျွဲ၊ နွား ဈေးကွက်ရှိ၏။ အ၀တ်အထည် လူသုံးကုန်ပစ္စည်း …။ အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းမျိုးစုံ၊ ဆေးဝါး၊ စသည့်… ထိုင်းနိုင်ငံမှ ထွက်သည့် ကုန်စည်မျိုးစုံ ရောင်းသည့် ဆိုင်များ ရှိသည်။ ငွေကြေး လှဲလှယ်သည့် ဈေးကွက်လည်း ရှိသည်။ ရွှေဆိုင်များလည်း ရှိသည်။

ညဦးယံတွင် မယ်လဲထသည် လျှပ်စစ် မီးရောင်များနှင့် ၀င်းပ၍ နေသည်။ သံလွင်မြစ်ယံမှ ဖြတ်တိုက်လာသည့် လေပြေနုအေးကြောင့် မယ်လဲထသည် အေးမြမြ….။

ဈေးတန်းအတွင်း စိုင်းထီးဆိုင်၏ သဘာဝရင်သွေးငယ် ….။ ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ် ….။ ခင်ဝမ်း၏ ပန်းခရမ်းပြာ….။ မွန်းအောင်၏ ၀တ်မှုံ….။ တေးသံတို့က ချို၍လွင်နေကြမြဲ…..။

နံနက်ဆိုလျှင် …..ပဲပြုတ်နှင့် နံပြားစားချင်လား …. ရ၏။ ထိုင်းရိုးရာ အစားအစာများ …. ရ၏။

ကျနော်… ဤသို့ မယ်လဲထအား မြင်ထား၏။ သိထား၏။ ခြေလှမ်းတို့သည် ပို၍ သွက်လာသည်ဟု ထင်သည်။ မယ်လဲထ ချောင်းငယ်အတွင်းသို့ ဆင်းလိုက်၏။ တန်ခူးလဖြစ်၍ ချောင်းငယ်အတွင်း ရေက တိမ်၍ နေသည်။ ရေစီးမှာလည်း မကြမ်း….။ ကျောက်တုံးများက ရေညှိများ တက်နေသည့်အတွက် ချောသည်။ ချောင်းငယ်အား ဖြတ်ကူးပြီး မြေကမ်းပါးပေါ်သို့ တတ်လိုက်၏။ ကမ်းပါးထပ်တွင် မယ်လဲထဈေးတန်း ….။ ကမ်းပါးထိပ်မှ မယ်လဲထ ဈေးတန်းရှည်ကြီးအား ကြည့်၍ ကျနော် မှင်သက်မိ၏။ ခြေလှမ်းတို့သည် ရှေ့သို့ လှမ်း၍မရ….။ ကျနော့် အမြင်အာရုံအပေါ် သံသယ ၀င်မိ၏။ ဟုတ်ရဲ့လား…။ မယ်လဲထ ဈေးတန်းက မီးလောင်ပြင် ဖြစ်၍နေပြီ …။ စစ်အုပ်စု၏ ဗုံးကျဲ လေယာဉ်များ၏ ဒဏ်ကြောင့် ပြာပုံကြီးဖြစ်၍ နေပြီ…။ အလယ်လမ်း အူကြောင်းအား ခွ၍ တည်ထားကြသည့် မယ်လဲထဈေးတန်းက မီးသွေးခဲနှင့် ပြာပုံအတိ ….။

ကျနော် လမ်းအတိုင်း လျှောက်ခဲ့၏။ တလှမ်းချင်း ….။ ဈေးတန်းက ရှည်၏။ မီးသွေးခဲနှင့် ပြာပုံတန်းမှာလည်း ရှည်၏။ သံလွင်နှင့် မယ်လဲထ ချောင်းငယ် ပေါင်းဆုံရာတွင် လမ်းသည် မြောက်ဖက်သို့ "အယ်" ပုံသဏ္ဍာန် ကွေ့၏။ ပြာပုံတန်းကြီးသည်လည်း ကွေ့၏။ ယခင်က ဤလမ်းကွေ့တွင် "ကမမောင်း" မှလာ၍ ဖွင့်သည့် "ခါလာကြီး" လက်ဖက်ရည်ဆိုင် ရှိသည်။ ပဲပလာတာ ရသည်။ အမဲစွပ်ပြုတ် ရသည်။ ပဲနံပြား ရသည်။ လက်ဖက်ရည်က ကျနော်တို့ အကြိုက် ပေါ့ကျ …။ ထီးဆိုင်၏ သဘာဝ ရင်သွေးငယ်အား ဖွင့်သည်။ ကျနော်တို့ မယ်လဲထ ရောက်တိုင်း ဤဆိုင်တွင် ထိုင်ဖြစ်၏။ ကျနော်တို့ ထိုင်ခဲ့သည့် စားပွဲနေရာအား ကြည့်မိသည်။ ကန့်လန့်ဖြတ် လဲကျနေသော မီးကျွမ်းထားသည့် မဓမတိုင်….။ မတတ်နိုင်။ …. ပြည်တွင်းစစ်က အရာရာအား မီးသင်္ဂြုလ်၍ ဖျက်ဆီး ပစ်လိုက်ပြီ…။ လမ်းကွေ့အတိုင်း ဆက်လျှောက်ခဲ့၏။ သံလွင်သည် လမ်းနှင့် မျဉ်းပြိုင် ဖြစ်၍နေသည်။ ကမ်းပါးထက် လမ်းမပေါ်မှ သံလွင်အား ကြည့်မိသည်။ နီညိုညို မြစ်ရေတို့သည် အရှိန်အဟုန် ပြင်းစွာနှင့် စီးဆင်းမြဲ….။

ကျနော့်အနီး လေညှင်းကလေး ဖြတ်တိုက် တိုးဝှေ့နေသည်….။ လမ်းမအတိုင်း အစုန်အဆန် တိုးဝှေ့ ဖြတ်တိုက်နေသည်။ ဟုတ်သည်….။ ဆရာနိုင်ဝင်းဆွေ၏ လေညှင်းကလေး ……။

(ရွှေအိမ်စည်)

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved