လူတယောက်
နှင်းဆီရနံ့လှိုင်တဲ့ ခေတ်တခုကို ပခုံးနဲ့ထမ်း
လမ်းလျှောက်သွားခဲ့လို့
ဒီနှစ်နွေဦး
နှင်းဆီးနံ့တွေ လှိုင်လွန်းပေါ့။
ငါ ယုံကြည်တယ်
နှင်းဆီနံ့လှိုင်လွန်းတဲ့ ဒီနွေဦးကြောင့်
ခေတ်ကြီးတခုလုံး
နှင်းဆီရနံ့တွေလှိုင်လိမ့်မယ်။
ယူကြ
နှင်းဆီရနံ့တွေ ယူကြ
နှင်းဆီရနံ့ပေလူးတဲ့ နွေဦးကိုယူကြ၊
ဆွတ်ခူးကြ
နှင်းဆီရနံ့စိုလူးတဲ့ နွေဦးကို ဆွတ်ခူးကြ
ရေးခြစ်ကြ
နှင်းဆီရနံ့ လိမ်းကျံတဲ့
ခေတ်တခုရဲ့ နံရံကို ရေးခြစ်ကြ၊
သိမ်းပိုက်ကြ
နှင်းဆီရနံ့ထုံမွှန်းတဲ့ ခေတ်တွေ
တခေတ်ပြီးတခေတ် သိမ်းပိုက်ကြ။
“ရေဆန်” လမ်းပေါ်မှာ
ပန်းတွေ
ဝေလွန်း ကြွေလွန်းခဲ့ပြီ
ဝင်းပရဲနီ အို နှင်းဆီရေ ... ။ ။
ငြိမ်းဝေ
၁၅.၂.၂၀၀၈








