
မနက်ခင်း ဆိုတာတွေရဲ့ အောက်မှာ
ကြောင်တောင် ဟောက်ပက်
သည်းခြေပျက် မျက်လုံးများရှိတယ်။
ပေါင်းဆုံခြင်း သီအိုရီကို
ဘယ်သူတီထွင်တွေးဆခဲ့ပါသလဲ
ပုံဆောင်ခဲဖြစ်ခွင့်မရခဲ့တဲ့
လေးတွဲ့သက်ပြင်းများရဲ့ဖြစ်စဉ်မှာ
အနာဂတ်ဆိုတာ ဖျာတချပ်လောက်မှ ကျယ်ပြန့်ပါ့မလား
တအားအော်ဟစ်ပေါက်ကွဲပစ်လိုက်ရင်း
အပြင်းစား ရော့ခ်သီချင်းတပုဒ်ဖြစ်သွားရှာတယ်။
ကုန်သွယ်စီးပွားကိစ္စများနဲ့
မြို့ပြရဲ့ ဂုဏ်သိက္ခာကို ဆည်မတဲ့။
အဲဒီအထဲမှာ
ဥနှောက်တခုလပ်တွေကိုပဲ
ရွှေရောင်နဖူးစီးဖိတ်ဖိတ်တပ်
ဇာတ်ကိုဦးစီးသရုပ်ဆောင်စေလို့
ချစ်ဖို့သက်သက်နှလုံးသားအတုများသာ
ကွန်ပြူတာအစီအစဉ်ရေးဆွဲ
လေလံပွဲများ ကျင်းပနေကြ။
"ဟင့်အင်း" လို့
ဘယ်သူငြင်းဖျက်ခေါင်းခါမလဲ။
ဒါနဲ့တောင်မှ အားမရ
ကြက်ဥရောင်ကျောက်ခဲတချို့က
မျိုးရိုးဗီဇနဲ့ဒေသကို ဗဟိုပြု
ကုထုံးတခုအဖြစ်
ခြစ်ခြစ်တောက်နေပူရှိန်နဲ့ပြ
ကကြိုးတခုကိုဖွထုတ်ပစ်လိုက်ပါလေရော။
ဟော…
လျှောကနဲ တိုးထွက်လာတဲ့ မြွှေဆိုးတကောင်က
အာရှ တန်ဖိုးဆိုတာကိုမြိုချ
ပြုံးများတောင်ပြုံးပြလို့။ ။