|
ကြည်အောင်
|
|
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 13:18 - မြန်မာစံတော်ချိန် |
မျောက်သွေး တခွက်
အင်ဖက် ခွက်ထိုး
မုဆိုးတွေ သောက်ကြ။
ကောက်ညှင်း အရက်နဲ့
မျက်နှာ သစ်ကြ။
အချစ် မရှိ
ထစ်ခနဲ ဆို
ရန် လိုတယ်
ရန် သိုတယ်။
လက် မနှေးနဲ့
အသက်ဘေးဆိုတဲ့ တရားဟာ
စား ပစ်လိုက်
မစားရင် အစားခံရမယ်။
တောရဲ့ တရားဟာ
အားကောင်းသူ ရှင်မယ်
အားနည်းသူ သေမယ်။
ဂျာမန် နစ်ရှေး ဖြစ်ဖြစ်
အင်္ဂလန် ဒါဝင် ဖြစ်ဖြစ်
နှစ်ဆယ်ရာစုနှစ်ရဲ့ တောကြီးထဲမှာ
ဒီတရားဟာ ရှင်သန်ဆဲ။
ဒီတရားရဲ့
ကျမ်း စာရွက်ဟာ
ကျောက်ထက် အက္ခရာလိုပဲ
ဥဿာ ရိုးမ ပဗ္ဗတထဲမှာ
အစိုးတရ ဖြစ်တုန်း
ဝုန်းခနဲ
ကျောက် ကမ်းပါးယံကြီး
တဝေါဝေါ တုန်ဟည်းပြီး
ပြိုဆင်းသွားတယ်။
အောင်လောင် ငှက်
အောင်ချင်း ငှက်တို့ရဲ့
နေ့ခင်း အိပ်မက်လည်း
အစိတ်စိတ် အက် ပြို ကွဲသွားပေါ့။
ရိုးမဟာ
တန်ခိုးအားနဲ့
မိုးသားကို
ဆွဲ ချ မျိုပစ်
တောရဲ့ တရားသစ်ကို
ထုဆစ် ကဗ္ဗည်း တင်နေလေရဲ့။
(မှတ်ချက် - ၁၉၉၄ ခုနှစ်ထုတ် စာပေဂျာနယ် အတွဲ ၂၊ အမှတ် ၁ တွင် ဖော်ပြထားသော ကဗျာ ဖြစ်သည်။ အခက်အခဲများကြောင့် ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းနိုင်ဘဲ ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။)
|