ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > ရသဘဏ်တိုက် > ရုပ်ရှင် > နယ်သာလန် ရုပ်ရှင်ဇာတ်ကား Black Book (ရုပ်ရှင်အညွန်း)

နယ်သာလန် ရုပ်ရှင်ဇာတ်ကား Black Book (ရုပ်ရှင်အညွန်း)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဂျူးလူမျိုးတဦးဖြစ်သော ရေချယ်စတိန်းမှာ စစ်ကြီးမဖြစ်ခင်က ဘာလင်မြို့တွင် အဆိုတော်တဦးအဖြစ် အသက်မွေးဝမ်းကျောင်းနေသူ ဖြစ်သည်။ ရေချယ်၏ မိဘများမှာ ချမ်းသာသော ဂျူးမိသားစုဖြစ်ပြီး ဂျာမဏီနိုင်ငံတွင် နာဇီတို့ စိုးမိုးအုပ်ချုပ်ချိန်၌ နယ်သာလန်နိုင်ငံတွင် သွားရောက် ပုန်းရှောင်နေထိုင်ခဲ့သည်။

black_book_ver3.jpg

နယ်သာလန်မြောက်ပိုင်းကို နာဇီ ဂျာမဏီတို့ ဝင်ရောက် တိုက်ခိုက်သည့်အခါ သူ ပုန်းအောင်းနေသည့် နေရာလည်း ဗုံးကြဲခံရသည့်အထဲ ပါသွားသဖြင့် မိတ်ဆွေတဦး၏ အကူအညီဖြင့် နေရာပြောင်း ပုန်းအောင်းနေခဲ့ရသည်။ တညတွင် သူ ပုန်းအောင်းနေသည့် နေရာသို့ လူတဦးရောက်လာပြီး မိတ်ဆက်သည်။ ဒေသခံပါဟု ဆိုသည့်သူက နယ်သာလန် တောင်ပိုင်းမှတဆင့် ဘယ်လ်ဂျီယန်သို့ သွားချင်သည့် ငွေကြေးချမ်းသာသော ဂျူးလူမျိုးများကို ပို့ဆောင်ပေးနေသူပါဟု ပြောသည်။

စကားယုံမိသည့် ရေချယ်တယောက် မိဘများနှင့်အတူ ဘယ်လ်ဂျီယန်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် မော်တော်နှင့် အသွားတွင် ထိုသူက လက်ထောက်ချလိုက်၍ သူ့မိဘများအပါအဝင် မော်တော်တစီးလုံးရှိ ဂျူးများ သတ်ဖြတ် ခံလိုက်ရသည်။ သူ တဦးတည်းသာ ကံကောင်းထောက်မ လွတ်မြောက်လာခဲ့သော်လည်း နာဇီတို့၏ ရန်မှ လွတ်မြောက်ခြင်းကတော့ မရှိသေး။ ထို့နောက် နယ်သာလန် တောင်ပိုင်းတွင် အခြေစိုက်သည့် နာဇီဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုများနှင့် ပူးပေါင်းကာ နာဇီလက်အောက်မှ နယ်သာလန် လွတ်မြောက်ရေးအတွက် သူမဘဝကို မြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။

နာဇီအရာရှိတဦးဖြစ်သူ လူဝီမွန်ဇီကို ရထားပေါ်၌ ရင်းနှီးအောင်ပေါင်းသင်း၊ အယုံသွင်းကာ သည်ဟိဂ်မြို့ရှိ ဂတ်စတာပို ဌာနချုပ်တွင် အလုပ်လုပ်နေစဉ် နာဇီအထူးတပ်ဖွဲ့မှ အရာရှိဖြစ်သူ ဖရန်ကင် မှာ သူမ၏ မိဘများကို သတ်ဖြတ်သွားခဲ့သူ ဖြစ်ကြောင်း သိရှိလိုက်သည်။ ထို့နောက် ဖရန်ကင်၏ အခန်းထဲတွင် အသံဖမ်းစက်တခု တပ်ဆင်ထားခဲ့သည်။ ထိုအသံဖမ်းဆက်မှာ ဒတ်ခ်ျ တော်လှန်ရေးသမားများ၏ အသံဖမ်းစက်ပင် ဖြစ်သည်။

ပထမတွင် လူဝီမွန်ဇီအား သူ၏အကြံ အောင်မြင်ရန်အတွက် သွေးဆောင်ဖျားယောင်းမှု သက်သက်သာ ဖြစ်သော်လည်း နောက်ပိုင်းတွင် အမှန်တကယ် ချစ်ကျွမ်းဝင်ခဲ့သည်။

ဌာနချုပ်တွင် ရေချယ်၏ လုပ်ဖော်ကိုင်ဖက် ဒတ်ခ်ျ အမျိုးသမီး ရွန်နီ (Halina Reijn) မှာ ဂတ်စတာပိုလ် အရာရှိများကို လိင်မှုဆိုင်ရာ အသုံးတော်ခံ ဖျော်ဖြေနေရသူ ဖြစ်သည်။ အထူးသဖြင့် ဖရန်ကင်၏ လက်စွဲဖြစ်သည်။

ဂျာမန်ဌာနချုပ်မပို့ဘဲ ထိန်ချန်ထားသည့် ဂျူးများ၏ ပစ္စည်းများအား ဖရန်ကင်က ရွန်နီကို လက်ဆောင်အဖြစ် ပေးခဲ့သည်ကို ရေချယ် သိရှိသွားသောအခါ မွန်ဇီအား ပြန်ပြောပြလိုက်သည်။

မွန်ဇီက သူ၏ အထက်လူကြီးအား ဖရန်ကင်၏ မရိုးသားမှုများကို ပြောပြ၍ ရာထူးမှ ဖယ်ရှားမည် ကြံသော်လည်း ဖရန်ကင်၏ ကောက်ကျစ်မှုကြောင့် မွန်ဇီနှင့် ဒတ်ခ်ျ ခုခံရေးသမားတို့ နားလည်မှု ပြုလုပ်ထားခြင်းကို အထက်အရာရှိ သိရှိသွားသည်။ ထို့နောက် မွန်ဇီတယောက် ရာထူးမှ ထုတ်ပယ်ခံရ၊ အဖမ်းဆီးခံရပြီး သေဒဏ် အပြစ်ပေးခံရခါ နီးနေသည်။

ထိုအတောအတွင်း ဖရန်ကင်၏ အခန်းထဲတွင် ထားသော အသံဖမ်းစက်မှတဆင့် ဒတ်ခ်ျ တော်လှန်ရေးသမားများ ရရှိထားသော သတင်းမှာ ထွက်ပြေးလာသော ဂျူးမိသားစုများအား ဖမ်းဆီး သတ်ဖြတ်ရန်နှင့် နာဇီတို့လက်တွင်း ရောက်ရှိနေသော ဒတ်ခ်ျ တော်လှန်ရေးသမားများကို သေဒဏ်ပေးရန် စီစဉ်ထားခြင်းတို့ ဖြစ်သည်။

black_book_ver4.jpg

ရေချယ်က သူမ၏ ဂျူးလူမျိုးများကိုသာ ကယ်တင်ရန် စိတ်အားထက်သန်သော်လည်း တော်လှန်ရေး သမားများက သေဒဏ် အပြစ်ပေးခံရတော့မည့် ဒတ်ခ်ျ ခုခံရေးသမားများအား ကယ်တင်ရန် ဆုံးဖြတ်သည်။ ရေချယ်က အခြား ဂျူးလူမျိုးများ သူမကဲ့သို့ အလိမ်ခံရမည်ကို စိုးရိမ်သောကြောင့် ခေါင်းဆောင်၏ စကားကို နားမထောင်ဘဲ ဖရန်ကင်နှင့် ပူးပေါင်းကာ ဂျူးလူချမ်းသာများကို လိမ်ခေါ်ခဲ့သော ဒေသခံကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့်လည်း ခုခံရေးသမားများ၏ ကယ်ဆယ်ရေး အစီအစဉ်မှာလည်း မအောင်မမြင် ဖြစ်ခဲ့သည်။

ဂတ်စတာပို ဌာနချုပ်တွင် ခေါင်းဆောင်ကြီးမွေးနေ့ ကျင်းပနေစဉ် ဒတ်ခ်ျ မျိုးချစ်များကို ကယ်တင်ရန် ရောက်ရှိလာသော တော်လှန်ရေးသမားများနှင့် နာဇီတို့ တိုက်ပွဲဖြစ်ပွားရာ သုံ့ပန်းများနှင့် တော်လှန်ရေးသမား အများစုမှာ နာဇီတို့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ရုံးခန်းတွင် အသံဖမ်းစက်မှတဆင့် ဖရန်ကင်၏ အကွက်ကျကျ စီစဉ်နိုင်မှုကြောင့် ဒတ်ခ်ျ ခုခံရေးသမားများမှာ ရေချယ် သစ္စာဖောက်လိုက်သဖြင့် သူတို့၏ ကယ်ဆယ်ရေးအဖွဲ့ ရှုံးနိမ့်ခဲ့ရသည်ဟု အထင်လွဲခဲ့ကြသည်။

အမှန်ကား ဖရန်ကင်၏ ယုတ်မာမှုကြောင့်ပင် ရေချယ်လည်း မွန်ဇီနှင့်အတူ အသတ်ခံရန် ဖမ်းဆီးခံလိုက်ရသည်။ သို့သော် သူငယ်ချင်း ရွန်နီ၏ ကယ်တင်မှုကြောင့် မွန်ဇီနှင့် ရေချယ် လွတ်မြောက်လာခဲ့ပြီး တောလက်ကျေးရွာ တခုတွင် နာဇီများ မဆုတ်ခွါခင်အထိ တိမ်းရှောင်နေခဲ့ရသည်။

နာဇီလက်အောက်မှ နယ်သာလန်နိုင်ငံ လွတ်မြောက်သွားပြီး ပြည်သူတို့ လမ်းမပေါ်ထွက်၍ အောင်ပွဲခံသော နေ့မှာပင် ရေချယ်က သူ၏ အမွေထိန်း ရှေ့နေကြီးထံသို့ သွားပြီး ရရှိရန် ကျန်နေသေးသော ပစ္စည်းများ တောင်းသည့်အခါတွင် ထိုရှေ့နေကြီးထံမှ ရန်သူ သစ္စာဖောက်များကို စာရင်းပြုစုထားသည့် စာအုပ်အနက်ကလေး (Black Book) ကို ရရှိခဲ့သည်။ (ထိုရှေ့နေကြီးမှာ နာဇီ အရာရှိများနှင့်လည်း ရင်းနှီးသူ ဖြစ်သည်။ ရေချယ်နှင့် မွန်ဇီတို့နှစ်ဦး အမွေထိန်း ရှေ့နေကြီးနှင့် စကားပြောဆိုနေသော အချိန်တွင် ဒတ်ခ်ျ တော်လှန်ရေးသမားများထဲမှ သစ္စာဖောက်တဦးက ထိုရှေ့နေကြီးကို လာရောက် နှုတ်ပိတ်သွားခဲ့သည်။ အောင်ပွဲခံနေသည့် လူအုပ်ကြားထဲသို့ ပြေးထွက်သွားခဲ့သည်။)

နှုတ်ပိတ်သူအား လိုက်လံဖမ်းဆီးရာမှ မွန်ဇီအား ဒတ်ခ်ျ တော်လှန်ရေးသမားများက တွေ့ရှိပြီး ဖမ်းဆီး ခေါ်ဆောင်သွားကာ နောက်နေ့မှာပင် သေဒဏ်ပေးလိုက်သည်။

ရေချယ်မှာလည်း သစ္စာဖောက်ဟု သမုတ်ခံရပြီး ဖမ်းဆီးခံထားရစဉ် ဒတ်ခ်ျ တော်လှန်ရေးသမား ဟန်စ်အက်ကာမန်း လာရောက်ပြီး ကယ်တင်ခဲ့သော်လည်း တော်လှန်ရေသမားများ ရန်သူ့လက်တွင်း သေဆုံးရမှု၊ နာဇီအရာရှိများနှင့် လျှို့ဝှက်ဆက်သွယ်ပြီး ဂျူးလူမျိုးများကို သတ်ဖြတ် လုယက်မှုများကြောင့် (စစ်ပြီးစ အခြေအနေဖြစ်၍ သူတို့လူမျိုးများက သူရဲကောင်းအဖြစ် ထင်နေသော်လည်း တနေ့နေ့တွင် မိမိ၏ ဇာတိရုပ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်) ဟန်းစ်သည် ရေချယ်ကို စိတ်ငြိမ်ဆေးထိုးပေးမည်ဟု ဆိုပြီး အင်ဆူလင်ဆေးများ ထိုးပေးခဲ့သည်။ အင်ဆူလင်ဆေး အလွန်အကျွံ ထိုးသွင်းခံလိုက်ရသဖြင့် သတိလစ်မတတ်ဖြစ်နေသော ရေချယ်သည် ချောကလက်များ စားပြီး အဆိပ်ဖြေနိုင်ခဲ့သည်။

အထင်လွဲခံရသည့် ရေချယ်မှာ သူ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ဒတ်ခ်ျ တော်လှန်ရေး ခေါင်းဆောင် ဂါသန်ကွီပါနှင့် တွေ့ဆုံပြီး သူ၏ ဖြစ်စဉ်အား ရှင်းပြကာ သစ္စာဖောက်စာရင်းကို ပြုစုထားသည့် စာအုပ်ကလေးကို ပေးလိုက်လေသည်။ နောက်ဆုံးတွင် သစ္စာဖောက်လောက်ကောင်မှာ ဒတ်ခ်ျတော်လှန်ရေးသမား ဟန်စ်အက်ကာမန်း ဖြစ်ကြောင်း သိရှိသွားပြီး သူ့နောက်သို့ အမှီလိုက်ရာ ဂျူးလူမျိုးများထံမှ အဖိုးတန် ပစ္စည်းများကိုပါ အခေါင်းထဲတွင် ထည့်၍ သူကိုယ်တိုင် လူသေကဲ့သို့ ဟန်ဆောင်ကာ ဂျာမန်နယ်ထဲသို့ ထွက်ပြေးသွားသော သူ့အား ဖမ်းဆီးရမိလေသည်။

စစ်ကြီးပြီးသည့်အခါ ရေချယ်က အစ္စရေးနိုင်ငံတွင် အခြေစိုက်ကာ ကျောင်းဆရာမအဖြစ် ဂျူးကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူခဲ့သည်။

Black Book ဇာတ်ကားမှာ အစ္စရေးနိုင်ငံတွင် ဆရာမအဖြစ် တာဝန် ထမ်းဆောင်နေသည့် ရေချယ်စတိန်း၏ ဘဝကို စတင်ရိုက်ကူးပြရင်း ရေချယ်မှ သူ့ဘဝကို ပြန်စဉ်းစားရင်း ဇာတ်ကြောင်းပြန် (Flash Back) ထားသော ဇာတ်လမ်းဖြစ်သည်။ (အော်စကာဆု ၁၁ ဆု ရရှိထားသည့် Titanic ရုပ်ရှင်ဇာတ်ကားမှာလည်း ဇာတ်ကြောင်းပြန် ဇာတ်ကား အမျိုးအစား ဖြစ်သည်။)

Black Book ဇာတ်ကားမှာ ဒတ်ခ်ျ ရုပ်ရှင် ထုတ်လုပ်ရေး သမိုင်းတွင် ဝင်ငွေအရဆုံး ဇာတ်ကားလည်း ဖြစ်သည်။ Black Book တွင် ရေချယ်အဖြစ် သရုပ်ဆောင်သည့် ဒတ်ခ်ျ မင်းသမီး ကာရီဘန်ဟူတန်မှာ ဇာတ်ကားထဲတွင် အဓိကနေရာမှ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့ပြီး သူ၏ချစ်သူ နာဇီအရာရှိ မွန်ဇီအဖြစ် ဂျာမန် သရုပ်ဆောင် ဆီဘန်စတီယန်းခိုရ်းက သရုပ်ဆောင်ထားသည်။ (ဆီဘန်းစတီယန်းခိုးရ်မှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆုရ The Lives Of Others တွင် စာရေးဆရာ ဂျော့ဒရေးမန်းအဖြစ် သရုပ်ဆောင်သူ ဖြစ်သည်)။

Black Book ဇာတ်ကား၏ ဒါရိုက်တာမှာ ၁၉၉၂ ခုနှစ်က မင်းသမီး ရှရွန်စတုံး ပါဝင်သရုပ်ဆောင်ထားသည့် Basic Instinct ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ Paul Verhoven ဖြစ်သည်။ Paul Verhoven ၏ နာမည်ကျော် ဇာတ်ကားများမှာ Robo Cop (၁၉၈၇) ယ Total Recall (၁၉၉၂) နှင့် Show Girls (၁၉၉၅) တို့ ဖြစ်သည်။

Black Book ဇာတ်ကားမှာ ဒုတိယကမ္ဘာစစ် နောက်ခံ ရုပ်ရှင်ဇာတ်ကား ဖြစ်သော်လည်း ကာလဒေသ၊ အခြေအနေ၊ အချိန်အခါအလိုက် ဖြစ်တတ်သည့် လူသားတို့စိတ်နှင့် စဉ်းလဲကောက်ကျစ်မှုများ၊ ရိုးဖြောင့် မှန်ကန်မှုများကို အသားပေး ရိုက်ကူးထားသည်ကို တွေ့ရမည်ဖြစ်သည်။

နာဇီအရာရှိဖြစ်သူ မွန်ဇီမှာ ရွံရှာဖွယ်ရာ နာဇီစစ်ဗိုလ်တဦး ဖြစ်နေသော်လည်း တည်ကြည်ဖြောင့်မတ်သော စိတ်ထားပိုင်ရှင် ဖြစ်သည်။ ဟန်စ်အက်ကာမန်မှာမူ အမိနိုင်ငံ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် ဒတ်ခ်ျ တော်လှန်ရေးသမားတဦး ဖြစ်သော်လည်း သစ္စာဖောက်တဦး ဖြစ်ရုံမက တကိုယ်ကောင်းစားရေးအတွက် ဦးစားပေးစဉ်းစားသူ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဒတ်ခ်ျ လူမျိုးတို့၏ ခုခံတွန်းလှန်မှုများ၊ နာဇီတို့၏ ရက်စက်မှုများ၊ ဂျူးလူမျိုးတို့၏ ပင်ပန်းဆင်းရဲမှုများကို ပေါ်လွင်စေရန် ရိုက်ကူးရင်း အကျပ်အတည်းနှင့် ရုန်းကန်ရမှုများကြားမှ လူတို့၏ စိတ်နေစိတ်ထားနှင့် စရိုက်သဘာဝကိုလည်း ထင်ဟပ်စေသည့် ဇာတ်ကားကောင်း ဖြစ်သည်။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 154 guests online