ရသဘဏ်တိုက် ရုပ်ရှင် ပျက်သုန်းခြင်းသို့ သွားရာလမ်း (ရုပ်ရှင်အညွှန်း)
ပျက်သုန်းခြင်းသို့ သွားရာလမ်း (ရုပ်ရှင်အညွှန်း) Print E-mail
ငြိမ်းချမ်းငြိမ်း   
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 15:38 - မြန်မာစံတော်ချိန်


(Road to Perdition)


Road to Perditionဗြိတိသျှ ရုပ်ရှင်ဒါရိုက်တာ ဆမ်မန်းဒက်(စ်)သည် သူ၏ ပွဲဦးထွက် ဇာတ်ကားဖြစ်သည့် American Beauty ဇာတ်ကားနှင့် ၂ဝဝဝ ပြည့်နှစ်တွင် အော်စကာဆု ရရှိခဲ့သည်။ ထိုဇာတ်ကားသည် အော်စကာဆု ၈ ဆု လျာထားခံရပြီး ဆု ၅ ဆု ဆွတ်ခူးနိုင်ခဲ့ပါသည်။ American Beauty ဇာတ်ကားနှင့် သူကိုယ်တိုင်လည်း အကောင်းဆုံး ဒါရိုက်တာအဖြစ် အော်စကာဆု ရရှိခဲ့သည်။ သူ၏ ဒုတိယမြောက် ဇာတ်ကားဖြစ်သည့် Road to Perdition ဇာတ်ကားကို ၂ဝဝ၂ ခုနှစ်မှာ ထပ်မံ တင်ဆက်ခဲ့ရာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ရရှိခဲ့ပြန်သည်။  

ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် မင်းသားကြီး ပေါ(လ်)နယူးမန်းမှာလည်း ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆု ရရှိခဲ့သည်။ Road to Perdition ဇာတ်ကားမှာ ၁၉၂၉ ခုနှစ်ကာလ အမေရိကန် စီးပွားပျက်ကပ်တွင် အင်အားကောင်းလာသည့် အိုင်းရစ်နွယ်ဖွား အမေရိကန် မာဖီးယားလောကကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထားခြင်း ဖြစ်သည်။

မာဖီးယားတို့၏ ဒုစရိုက်နောက်ခံ ရုပ်ရှင်ကားဖြစ်သော်လည်း မွေးစားသား၊ သားအရင်းနှင့် ဖခင်ဖြစ်သူတို့ ဆက်ဆံရေး လွဲချော်မှုမှသည် အငြိုးအတေး၊ လက်စားချေမှုများ အဆင့်ထိ ရောက်ရှိကာ နောက်ဆုံးတွင် အားလုံး ပျက်စီးရာပျက်ဆီးကြောင်းဆီ ဦးတည်သွားပုံကို အနုပညာမြောက်စွာ တင်ဆက်ထားခြင်းဖြစ်သည်။

Road to Perdition ဇာတ်ကားတွင် အိုင်းရစ်နွယ်ဖွား အမေရိကန် မာဖီးယားအုပ်စု၏ ခေါင်းဆောင်ကြီး ရွန်နီအဖြစ် ပြီးခဲ့သည့်လက ကွယ်လွန်သွားခဲ့ပြီဖြစ်သော မင်းသားကြီး ပေါလ်နယူးမန်းက သရုပ်ဆောင်ထားသည်။ ၁၉၉ဝ ခုနှစ်တွင် ဒါရိုက်တာ မာတင်စကော့ဆက်ဇီ၏ Colour of The money ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည်။ ရွန်နီ၏ မွေးစားသားအဖြစ် အော်စကာ ၂ နှစ်ဆက်တိုက်ရ မင်းသား တွမ်ဟန်(ခ်)က သရုပ်ဆောင်ထားသည်။

မိုက်ကယ်ဆုလီဗန်၏ သားအကြီး ဆူလီဗန်ဂျူနီယာအဖြစ် ကလေးသရုပ်ဆောင် တိုင်လာဟိုချလင်က သရုပ်ဆောင်သည်။ Road to Perdition ဇာတ်ကား မရိုက်ကူးမီ ထိုဇာတ်ကားအတွက် ကလေးသရုပ်ဆောင် ခေါ်ယူရာ ဆန်ကာတင် ဦးရေ ၂ဝဝဝ ထဲမှ ရွေးချယ်ခံရခြင်းဖြစ်သည်။ ဇာတ်မှာလည်း ထိုကလေး၏ ဇာတ်လမ်းဖြစ်သည်။

ရွန်နီ၏ သားရင်း ကော်နာရွန်နီအဖြစ် ယခု ဂျိမ်း(စ်)ဘွန်း မင်းသားအဖြစ် သရုပ်ဆောင်သူ ဒယ်နီယယ်ခရေ့(စ်)က သရုပ်ဆောင်သည်။ ချီကာဂိုမှ မာဖီးယား ခေါင်းဆောင်ကြီး အယ်(လ်)ကပုန်းအတွက် အလုပ်လုပ်ပေးနေသူ သေမှုသေခင်း ဓာတ်ပုံဆရာ မက်ဂွိုင်းယားအဖြစ် ဂျူ(ဒ်)လော က သရုပ်ဆောင်သည်။ ဆုလီဗန်၏ ဇနီးသည် အန်နီဆူလီဗန်အဖြစ် ဂျနီဖာဂျက်ဆင်လေးက သရုပ်ဆောင်သည်။  

အိုင်းရစ်နွယ်ဖွား အမေရိကန် မာဖီးယားခေါင်းဆောင်ကြီး ဂျွန်ရွန်နီတွင် သား ၂ ဦးရှိသည်။ သားအရင်းဖြစ်သူ ကော်နာရွန်နီမှာ အခြားသူများနှင့် ဆက်ဆံရေးတွင် မောက်မာပြီး ဂျွန်ရွန်နီကိုယ်တိုင်လည်း အားကိုးအားထား ပြု၍မရချေ။

Road to Perditionမွေးစားသားဖြစ်သော မိုက်ကယ်ဆူလီဗန်ကမူ ရွန်နီအတွက် လက်ရုံးတဆူသဖွယ် အားကိုးရသည်။ ဂျွန်နီ ကိုယ်တိုင်ကလည်း ဆူလီဗန်ကို အားကိုးသည့်အတွက် သားအရင်းဖြစ်သူ ကော်နာရွန်နီက ဆူလီဗန်ကို မျက်မုန်းကျိုးနေသည်။ မိုက်ကယ်ဆူလီဗန်တွင် သား ၂ ဦးရှိသည်။ ၁၂ နှစ်အရွယ် အကြီးဆုံးသားမှာ သူ့ဖခင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို သိချင်သူဖြစ်ပြီး အချို့သော အချိန်များတွင် သတင်းစာ ရောင်းချခြင်းဖြင့် သမ္မာအာဇီဝကျစွာ ရှင်သန်နေထိုင်လိုသူဖြစ်သည်။  

ဖင်းမက်ကိုဗန်ဆိုသူမှာ ရွန်နီတည့်ခင်းသော ပျော်ပွဲရွှင်ပွဲတခုတွင် သူ၏ နာကြည်းချက်တခုကြောင့် စကားပြော မှားသွားခဲ့သည်။ မိုက်ကယ်နှင့် ဆူလီဗန်တို့ ၂ ဦးစလုံး နောက်နေ့တွင် မက်ကိုဗန်နှင့် တွေ့ဆုံရာ၌ အငြိုးအတေးကြီးသော ကော်နာက မက်ကိုဗန်ကို ပစ်သတ်လိုက်သည်။ သူ့ဖခင်နှင့်ပတ်သက်၍ အမြဲတမ်း စုံစမ်းနေသည့် ဆူလီဗန်ဂျူနီယာက မက်ကိုဗန်ဆီ ကော်နာနှင့် သူ၏ဖခင်တို့ ကားမောင်းသွားချိန်တွင် ကားပေါ်၌ ပုန်းအောင်းလိုက်ပါသွားခဲ့သည်။ မက်ကိုဗန်အား ကော်နာက ပစ်သတ်လိုက်သည်ကိုလည်း တွေ့သွားခဲ့သည်။ ချောင်းကြည့်နေသည်ကို ကော်နာက တွေ့သွားပြီး၊ မိုက်ကယ်ကို ပြောရာ ဆူလီဗန်ဂျူနီယာ ထွက်ပြေးသော်လည်း မိုက်ကယ်က ဖမ်းမိသွားခဲ့သည်။

ကော်နာက မာဖီးယားတို့ ထုံးစံအရ မိမိတို့ကျူးလွန်သော ပြစ်မှုများအတွက် မည်သူမှ မသိအောင် စောင့်စည်းရသောကြောင့် ယခုတယောက် သိသွားပြီမို့ သူ့ကိုအပြစ်ဖို့ကာ သတ်ပစ်ရန် ပြောသောအခါ မိုက်ကယ်က "ငါ့ရဲ့ သားပါကွာ" ဟု ပြန်ပြောခဲ့သည်။

Road to Perditionဆူလီဗန်ဂျူနီယာ လိုက်ချောင်းသော ပြဿနာမှာ ကော်နာလည်း မိုက်ကယ်အပေါ် မနာလိုဖြစ်နေမှုကြောင့် ထိုမျှနှင့်မပြီးဘဲ သူတို့၏ ဖခင်ကြီး သိသွားခဲ့သည်။ ရွန်နီကလည်း သားဖြစ်သူ မက်ကိုဗန်အား လက်လွန်ချေလွန် သတ်လိုက်သည်ကို မနှစ်မြို့ချေ။ ဆူလီဗန် ဂျူနီယာ လိုက်ချောင်းသော ပြဿနာကို အဖိုးကြီးက သိရှိသွားခဲ့ပြီး မိုက်ကယ်ကို ခေါ်ကာ နောက်နောင် ယခုလို မဖြစ်စေရန် တားမြစ်ခဲ့သည်။

တနေ့တွင် ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်နေသော ညကလပ်ပိုင်ရှင်တဦးထံ အကြွေး သွားတောင်းရာတွင် ကော်နာက မလိုက်ဘဲ၊ မိုက်ကယ်ကို စာရေးပေး၍ လွှတ်လိုက်သည်။ ညကလပ်ပိုင်ရှင်ကို မိုက်ကယ်က စာပေးလိုက်သည့်အခါ ကလပ်ပိုင်ရှင်က တွေဝေသွားသည်။ ကလပ်ပိုင်ရှင်နှင့် သူ၏ သက်တော်စောင့်တို့ တွေဝေနေကာ အခြအနေမဟန်မှန်း ရိပ်မိသောအခါ မိုက်ကယ်က စားပွဲခုံပေါ်တွင် စာအုပ်နှင့်ဖုန်း၍ ဝှက်ထားသော သေနတ်ကိုယူ၍ ကလပ်ပိုင်ရှင်နှင့် သက်တော်စောင့်အား ပစ်သတ်လိုက်သည်။ ပြီးမှ စာယူ၍ ဖတ်ကြည့်သောအခါ "မိုက်ကယ်ကို သတ်လိုက်လျှင် အကြွေးအားလုံး ကျေပြီ" ဟု ရေးသားထားသည့် ကော်နာ၏ အကြံပက်စက်ပုံကို သိလိုက်ရသည်။

မိုက်ကယ်၏ အိမ်သို့လည်း ကော်နာ ရောက်ရှိသွားကာ မိုက်ကယ်၏ ဇနီးနှင့် သားငယ်အား ပစ်သတ်လိုက်သည်။ အပြင်မှ အိမ်သို့ ပြန်ရောက်လာသော ဆူလီဗန် ဂျူနီယာလည်း တံခါးနောက်ကွယ်တွင် ကွယ်နေလိုက်၍ ကော်နာလက်မှ လွတ်မြောက်ခဲ့ရသည်။ မိုက်ကယ်သည် အိမ်သို့ ပြေးပြန်လာသော်လည်း ဇနီးသည်နှင့် သားငယ်၏ အသက်ကို မမီလိုက်ချေ။

အခြေအနေအားလုံးကို ရိပ်စားမိသော မိုက်ကယ်မှာ သားဖြစ်သူ ဆူလီဗန်ကိုခေါ်၍ ချီကာဂိုမြို့သို့ ထွက်ခွါကာ ထိုစဉ်က နာမည်ကျော် မာဖီးယားခေါင်းဆောင်ကြီး အယ်(လ်)ကပုန်းထံ သွားရောက်၍ သူ့ဖြစ်ရပ်စုံကို ရှင်းပြကာ ကလဲ့စားချေဖို့ အကူအညီတောင်းသော်လည်း အယ်(လ်)ကပုန်းက မာဖီးယားအချင်းချင်း မျက်နှာပျက်ရမည်စိုး၍ မပေးခဲ့ချေ။ အယ်(လ်)ကပုန်းက ရွန်နီထံသို့ မိုက်ကယ်က အကူအညီလာတောင်းကြောင်း ပြောသည့်အခါ မိုက်ကယ်၏ ဇနီးနှင့် ကလေးအား သတ်ပစ်ခဲ့သဖြင့် ဖခင်၏ ပြစ်တင်မှုခံရသော ကော်နာက "ဒီကောင့်အကြောင်း အဖေ သိပြီမဟုတ်လား" ဟု ဖခင်ကို ပြန်ပြောခဲ့သည်။

ရွန်နီက မွေးစားသားဖြစ်သောကြောင့် မိုက်ကယ်အနေဖြင့် ခြေလှမ်းအကျဲကြီး မလှမ်းလောက်ဘူးဟု သဘောပိုက်သော်လည်း အယ်(လ်)ကပုန်းက သူတို့၏ လူဖြစ်သော သေမှုသေခင်း ဓာတ်ပုံဆရာ မက်ဂွိုင်းယားအား တာဝန်ပေးလိုက်သည်။ မိုက်ကယ်အား စောင့်ကြည့်ရန်နှင့် သားအဖ နှစ်ဦးလုံးအား ပစ်သတ်ရန် တာဝန်ပေးထားသည်။ မိုက်ကယ်ကလည်း သားဖြစ်သူနှင့်အတူ ရွန်နီတို့၏ ငွေမဲမှ ငွေဖြူသို့ ခဝါချထားသော ဌာနများသို့ သွားရောက်၍ သေနတ်ပြ ခြိမ်းခြောက်ကာ ပိုက်ဆံများကို ထုတ်ယူ၍ မိမိ၏ လက်စားချေရေးကိစ္စကို အပူတပြင်း လုပ်ငန်းစတော့သည်။

မိုက်ကယ်က သူ့လုပ်ငန်းများတွင် ကျယ်စေရန်အတွက် သားဖြစ်သူအား ကားမောင်းသင်ပေးသည်။ သူက အေး"ားပြတိုက်၍ ငွေကြေးများရလာသောအခါ သားဖြစ်သူက ကားမောင်းလာပြီး အဆင်သင့် ထွက်ခွါသွားနိုင်ခဲ့သည်။

တနေ့တွင် ရွန်နီ၏ စာရင်းကိုင်ဖြစ်သူ အလက်ဇန္ဒား တည်းခိုနေသော ဟိုတယ်ရှိရာသို့ မိုက်ကယ် ရောက်သွားသည်။ ဘဏ်စာရင်းများနှင့် ငွေကြေးအပ်နှံထားမှုများကို တောင်းယူချိန်တွင် အယ်(လ်)ကပုန်း၏ လူ မက်ဂွိုင်းယား ရောက်ရှိလာသည်။ ပစ်သတ်သော်လည်း မိုက်ကယ်မသေဘဲ မက်ဂွိုင်းယားသာလျှင် မျက်နှာ၌ ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်မတိုင်မီက မိုက်ကယ်နှင့် မက်ဂွိုင်းယားတို့ စားသောက်ဆိုင်၌ ဆုံမိချိန်တွင်လည်း မက်ဂွိုင်းယားမှာ ပစ်သတ်ချိန် မရလိုက်ဘဲ သူ့ကားဘီးကို မိုက်ကယ်က ဓားဖြင့် ထိုးဖောက်၍ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

မက်ဂွိုင်းယား၏ ပစ်ခတ်မှုကြောင့် လက်မောင်းတွင် ဒဏ်ရာရရှိခဲ့သော မိုက်ကယ်မှာ ဇနီးမောင်နှံ နှစ်ဦးထံတွင် ခိုလှုံရင်း အလက်ဇန္ဒားဆီမှ ရရှိခဲ့သော ဘဏ်စာရင်းများကို ကြည့်ရာတွင် ကော်နာက ဖခင်၏ ငွေကြေးများကို မရိုးမသားလုပ်ကာ သူကိုယ်တိုင် လျှို့ဝှက်ဘဏ်စာရင်းများကို ဖွင့်လှစ်ထားသည်ကို တွေ့ရှိရလေသည်။ မိုက်ကယ် ဒဏ်ရာသက်သာချိန်တွင် မွေးစားဖခင် ရွန်နီနှင့် လျှို့ဝှက်စွာ တွေ့ဆုံခဲ့သည်။ ကော်နာ ဘဏ်စာရင်းများနှင့် အလွဲသုံးစား လုပ်ထားမှုများ၊ ဂိုဏ်းသားအချင်းချင်းပေါ်တွင် အကောက်ကြံထားမှုများကို ရွန်နီအား ဖွင့်ဟပြောသော်လည်း ရေငုံနှုတ်ပိတ်သာနေခဲ့သည်။

အဖိုးကြီးသဘောကို ရိပ်စားမိသော မိုက်ကယ်က တနေ့တွင် သားဖြစ်သူ အိပ်ပျော်နေချိန်၌ စာရေးထားခဲ့ကာ ထွက်သွားခဲ့သည်။ ရွန်နီနှင့် ဂိုဏ်းခေါင်းဆောင်များမှာ စားသောက်ဆိုင်တခု၌ တွေ့ဆုံကြပြီး ပြန်အထွက်တွင် သူ၏ ကားမောင်းသမား ကားထဲ၌ သေဆုံးနေသည်။ ထိုအတောအတွင်း စက်သေနတ် ပစ်ခတ်မှုကြောင့် ရွန်နီနှင့် ပါလာသော အပေါင်းအဖော်များမှာ တဦးပြီးတဦး သေဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် မိုးရေထဲ၌ တဦးထဲ ကျန်ရှိနေသော အဖိုးကြီးဆီကို မိုက်ကယ် လမ်းလျှောက်သွားပြီး ပစ်သတ်လိုက်လေသည်။ အဖိုးကြီး သေဆုံးအပြီးတွင် မိုက်ကယ်က အယ်(လ်)ကပုန်းထံ ဖုန်းဆက်ကာ ကော်နာအကြောင်းကို မေးသည့်အခါ အကြောင်းစုံ သိထားပြီးဖြစ်သော အယ်(လ်)ကပုန်းက ကော်နာ တည်းခိုနေသည့် ဟိုတယ်နှင့် အခန်းနံပါတ်ကို ပြောပြလိုက်သည်။ မိုက်ကယ် ဟိုတယ်သို့ ရောက်ရှိသွားချိန်တွင် ကော်နာ၏ လုံခြုံရေးကို တာဝန်ယူထားသည့် ကော်နာ၏ လူများကလည်း မိုက်ကယ်ကို စုံစမ်းမေးမြန်းခြင်း မပြုတော့ချေ။  

နောက်ဆုံးတွင် ကော်နာအား ချွေးတစက်မျှ မထွက်ဘဲ၊ လက်စားချေခွင့် ရရှိခဲ့သော မိုက်ကယ်မှာ မိမိ စုဆောင်းရရှိထားသော ငွေကြေးများနှင့် ပင်လယ်ကမ်းခြေရှိ အိမ်ကလေးတွင် သားဖြစ်သူနှင့် နေထိုင်စဉ် မက်ဂွိုင်းယားက နောက်ကျောမှနေ၍ သူ့ကို ပစ်သတ်ခဲ့သည်။ သေအံ့မူးမူး ဖြစ်နေသော မိုက်ကယ်ကို မက်ဂွိုင်းယားက သူ့ဝါသနာအတိုင်း ဓာတ်ပုံရိုက်နေစဉ် မိုက်ကယ်၏သားက မက်ဂွိုင်းယားကို သေနတ်နှင့် ချိန်ထားသည်။ ဆူလီဗန်ဂျူနီယာမှာ မက်ဂွိုင်းယားကို သေနတ်နှင့်ချိန်ထားပြီး ဝေခွဲမရဖြစ်နေစဉ် မိုက်ကယ်က သူ့ကို နောက်ကျောပေးထားသော မက်ဂွိုင်းယားကို ပစ်သတ်လိုက်လေသည်။ မိုက်ကယ်ကိုယ်တိုင်လည်း နောက်ဆုံးတွင် သူ့သားလက်ပေါ်၌ပင် သေဆုံးသွားခဲ့သည်။  

သားအဖအချင်းချင်း ဆက်ဆံရေး မပြေလည်မှုကို အခြေခံခဲ့ရာမှ နောက်ဆုံးတွင် အားလုံး၏ ပျက်သုန်းခြင်း ဖြစ်ခဲ့ရသည်ကို ဒါရိုက်တာ ဆမ်မန်ဒက်(ခ်)က ပရိသတ် စိတ်ဝင်စားအောင် ရိုက်ကူးနိုင်ခဲ့သည်။ သားအဖချင်း မကျေလည်မှု မီးပွားလေးကို အကြောင်းပြုကာ ထိပ်သီး မာဖီးယားကြီး အယ်(လ်)ကပုန်းကလည်း သူ၏ ပြိုင်ဘက် ဖြစ်လာမည့် အိုင်းရစ် မာဖီးယားအုပ်စုကို အပြတ်ရှင်းနိုင်ခဲ့သည်။

အစတွင် မိုက်ကယ်က အယ်(လ်)ကပုန်းထံ သွားရောက် အကူအညီတောင်းသော်လည်း ရွန်နီ သက်ရှိထင်ရှား ရှိနေသဖြင့် ငြင်းပယ်ခဲ့သည်။ ရွန်နီ သေသွားပြီးနောက်တွင်မူ ကော်နာကို သတ်ဖို့လာသော မိုက်ကယ်အား ကြည်ဖြူစွာ လမ်းဖွင့်ပေးခဲ့သည်။ ရန်ကြွေးများ ရှင်းလင်းပြီးနောက် အင်အားကြီးထွားလာမည့် မိုက်ကယ်ကို အချိန်မီ လက်ဦးမှု ရအောင်ယူပြီး သုတ်သင်ခဲ့သည်။ အချင်းချင်း စိတ်ဝမ်းကွဲမှုများကြောင့် အယ်(လ်)ကပုန်း အနေဖြင့် သူ့ ပြိုင်ဘက်ဂိုဏ်းတခုလုံးကို ကျည်ဆံနှစ်တောင့်ထဲဖြင့် ရှင်းပစ်နိုင်ခဲ့သည်ဟု ဆိုရမည်။  

မင်းသားကြီး ပေါ(လ်)နယူးမန်းမှာ ထိုဇာတ်ကားကို ဘဝနေညိုချိန်တွင် ရိုက်ကူးထားသော်လည်း ထိုဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ပို့မင်းသားဆု ရရှိခဲ့သည်။ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ရရှိထားသည့် ဇာတ်ကားဖြစ်သည့်အတွက်လည်း အချို့ဇာတ်ဝင်ခန်းများမှာ ဓာတ်ပုံအယူအဆများ ပါဝင်နေသည်။

နာမည်ကျော် ဒါရိုက်တာတဦး မဟုတ်သော်လည်း ပွဲဦးထွက်ဇာတ်ကားဖြင့်ပင် အော်စကာဆုရရှိခဲ့သည့် ဆမ်မန်ဒက်(ခ်)မှာ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခန်းများတွင် ပစ်သူနှင့် အပစ်ခံရသူ နှစ်ဦးစလုံးကို ပြိုင်တူမပြဘဲ မည်သူက မည်သူ့အား သတ်သွားသည်ကို သာမန်မဟုတ်သော တင်ဆက်မှုမျိုးဖြင့် ရိုက်ကူးထားပုံမှာ စိတ်ကူးစိတ်သန်း ကောင်းပြီး အနုပညာမြောက်သည်။

ငြိမ်းချမ်းငြိမ်း

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved