![]() Contact: mizzima.news@gmail.com |
သူတို့စကား"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။" |



၁၉၄၄ ခုနှစ် ပြင်သစ်နိုင်ငံကို နာဇီဂျာမဏီတို့ သိမ်းပိုက်ထားချိန်တွင် ဖြစ်သည်။ ဂျာမဏီများကို ခုခံတိုက်ခိုက်ရန်အတွက် နန်းရင်းဝန် ဝန်စတန် ချာချီ ကိုယ်တိုင် ဖွဲ့စည်းထားသည့် SOE ခေါ် Special Operation Executive မှာ နာဇီတို့၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် ပြင်သစ် ဘူမိဗေဒပညာရှင်အား ကယ်တင်ရန်အတွက် တာဝန် ပေးအပ်ခြင်း ခံရသည်။ (ပြင်သစ် ဘူမိဗေဒ ပညာရှင်ထံမှ ပြင်သစ်နိုင်ငံ၏ ဆိပ်ကမ်းများနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ရရှိမှသာ မဟာမိတ်တို့မှာ နော်မန်ဒီကမ်းခြေကို တက်နိုင်မည်။)
နာဇီစစ်ပုလိပ်တို့၏ နှမသားချင်း ကိုယ်ချင်းစာနာမှု ကင်းမဲ့သော စစ်ဆေးမေးမြန်းမှုကြောင့် အဖမ်းခံထားရသော အမျိုးသမီးက ဖော်ကောင် လုပ်လိုက်သဖြင့် ဘုရားကျောင်းအတွင်းမှ လက်နက်များ သယ်ထုတ်ရန် ကြိုးစားနေသည့် အမျိုးသမီးနှစ်ဦးမှာ မြေအောက်ဥမင်မှတဆင့် ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရသည်။ ၎င်းတို့နှစ်ဦး ထွက်ပြေးလွတ်မြောက်စေရန် ကူညီဆောင်ကျဉ်းပေးခဲ့သည့် ဘုရားကျောင်းတာဝန်ခံ အမျိုးသမီးကြီးကိုမူ နာဇီတို့က သတ်ပစ်ခဲ့သည်။ ကျန်ရှိနေသေးသော အမျိုးသမီး ၄ ဦး၏ တာဝန်မှာ ပါရီတွင် တာဝန်ကျသော နာဇီတို့၏ ဗိုလ်မှူးကြီးတဦးအား သတ်ပစ်ရန် ဖြစ်သည်။ ထိုအရာရှိမှာ နာဇီတို့၏ အနောက်ဘက် စစ်မျက်နှာတွင် အတော်ဆုံး ဗိုလ်မှူးတဦး ဖြစ်သည်။ သူသည် မဟာမိတ်တို့၏ ထိုးစစ်ကို ဟန့်တားနိုင်စွမ်းရှိသူလည်း ဖြစ်သည်။ အမျိုးသမီး အဖွဲ့ခေါင်းဆောင်မှာ ပြင်သစ်နိုင်ငံ မြောက်ပိုင်းတွင် ဘူမိဗေဒ ပညာရှင်အား သွားရောက် ကယ်တင်စဉ်က သူ့ကို အိမ်သာထဲတွင် ပစ်သတ်ခဲ့သော်လည်း လွတ်မြောက်သွားခဲ့သည်။ အမျိုးသမီးနှစ်ဦးမှာ ရထားပေါ်တွင် သိကျွမ်းခဲ့သော နာဇီဆရာဝန်တဦး၏ အိမ်တွင် ခြေရာဖျောက်နေကာ မြေအောက်အဖွဲ့ဝင် ပြင်သစ်ပြတိုက်မှူး တဦးထံမှ ရိုင်ဖယ်သေနတ် တလက်ကို ရရှိခဲ့သည်။ လက်ဖြောင့် သေနတ်သမား တဦးဖြစ်သော အမျိုးသမီးအဖွဲ့ ခေါင်းဆောင်မှာ အခွင့်သာသောအချိန်တွင် ဂျာမန် ဗိုလ်မှူးကြီးအား လုပ်ကြံရန် စီစဉ်ထားသည်။
တနေ့တွင် ၎င်းတို့အဖွဲ့သည် အခြားမြို့သို့သွား၍ မြေအောက်တော်လှန်ရေး အဖွဲ့များကို ချိတ်ဆက်မည်ပြုစဉ် သူမတို့ ရထားစီးမည့် ဘူတာရုံ၌ ဖမ်းဆီးခံထားရသည့် အမျိုးသမီးကို တည်ကြက်အဖြစ် နာဇီတို့က နာဇီတို့က အသုံးချ၍ အခြားအဖွဲ့ဝင်များကိုပါ ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ အဖွဲ့ခေါင်းဆောင် အမျိုးသမီးက ပစ်လိုက်သော ကျည်ဆန်မှာ နာဇီဗိုလ်မှူးကြီး၏ နားထင်သို့ ကပ်ထိခဲ့သော်လည်း ရထားပေါ်ရှိ ၎င်းတို့အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးကိုမူ နာဇီတို့က ပစ်သတ်ခဲ့သည်။ လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်ခဲ့သည့် အဖွဲ့ခေါင်းဆောင် အမျိုးသမီးမှာလည်း နာဇီတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ခေါင်းဆောင် အမျိုးသမီးအား နာဇီတို့က ပြင်းထန်စွာ နှိပ်စက်ပြီးနောက် အခန်းအပြင်သို့ ထွက်သွားချိန်၌ ၎င်းတွင် ပါရှိလာသော အဆိပ်ဆေးပြားကို ပထမဦးဆုံး အဖမ်းခံထားရသည့် အမျိုးသမီးအား ပေးလိုက်သည်။ ထိုအမျိုးသမီးမှာ သူ၏ အမှားကို နောင်တရပြီး ထိုဆေးပြားကို သောက်ကာ အဆုံးစီရင်လိုက်သည်။ ဗြိတိသျှ စစ်ဗိုလ်ကလည်း နာဇီတို့ရှေ့မှာပင် မိမိကိုယ်ကို အဆုံးစီရင်လိုက်သည်။
နာဇီတို့ ဖမ်းဆီးထားသော အဖွဲ့ခေါင်းဆောင်အား ဂျာမန်နာဇီ ဌာနချုပ်သို့ လွှဲပြောင်းပေးပို့ရာတွင် ကျန်ရှိနေသော အမျိုးသမီးတဦးက လမ်းတွင် ဂျာမန်စစ်တပ်အရာရှိ အယောင်ဆောင်၍ ကယ်တင်နိုင်ခဲ့သည်။ နော်မန်ဒီ ကမ်းခြေသို့ တက်ရန် မဟာမိတ်တို့က ပြင်ဆင်နေချိန်တွင် ကျန်ရှိနေသော အမျိုးသမီးနှစ်ဦးမှာ လန်ဒန်သို့ ပြန်ရန်အတွက် ဘူတာရုံ၌ ရောက်ရှိနေစဉ် နာဇီအရာရှိ အယောင်ဆောင်ထားသော အမျိုးသမီး အဖွဲ့ခေါင်းဆောင် လွတ်မြောက်ရန်အတွက် အာရုံလွှဲသည့်အနေဖြင့် ၎င်းတို့၏ ရန်သူနံပါတ် (၁) ဖြစ်သော ဂျာမန်ဗိုလ်မှူးကြီးအား ပစ်သတ်နိုင်ခဲ့သည်။ 