ရသဘဏ်တိုက် ရုပ်ရှင် ငွေစက္ကူအတု The Counterfeiters (ရုပ်ရှင်အညွန်း)
ငွေစက္ကူအတု The Counterfeiters (ရုပ်ရှင်အညွန်း) Print E-mail
ငြိမ်းချမ်းငြိမ်း   
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 25 2008 18:49 - မြန်မာစံတော်ချိန်

(အော်စကာဆုရ သြစတြီးယား ရုပ်ရှင်)

ဒုတိယ ကမ္ဘာစစ်အတွင်းက နာဇီတို့သည် စစ်အောင်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြသည်။ ထိုသို့ အသုံးပြုခဲ့သော နည်းလမ်းများ ထဲတွင် ယူရုတ် ခေါ် ရေငုတ်သင်္ဘောများ တည်ဆောက်၍ သူ့မဟာမိတ်တို့၏ စစ်သင်္ဘောများ၊ ရေတပ်စခန်းများ သာမက သာမန် ကုန်တင် သင်္ဘောနှင့် ငါးဖမ်းလှေများအထိ ဖျက်ဆီးခဲ့ကြသည်။ နာဇီတို့သည် တဖက်ရန်သူ၏ စစ်ရေး တည်ဆောက်နိုင်မှုကိုလည်း ဖျက်ဆီးသကဲ့သို့ ငွေကြေးနှင့် ဘဏ္ဍာရေး စနစ်ကိုပါ ယိုင်လဲသွားအောင် ကြံစည် အားထုတ်ခဲ့သည်။ အဓိကအားဖြင့် ဒေါ်လာနှင့် ပေါင်စတာလင် ငွေကြေး နယ်ပယ်အား ဂယက် ရိုက်ခတ်စေရန်အတွက် Operation Bernhard စီမံချက်တခုကို ဒုတိယကမ္ဘာစစ် စစ်ကြိုခေတ် ကာလတွင် ရေးဆွဲ အကောင်အထည် ဖော်သည်။ Operation Bernhard စီမံကိန်းမှာ ပေါင်စတာလင် ငွေကြေး အတုအပ ပြုလုပ်၍ နေမဝင် အင်ပါယာ၏ အသက် သွေးကြောများတွင် တခု အပါအဝင် ဖြစ်သော Bank of England ပြိုလဲသွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ထိုစဉ်က ကမ္ဘာပေါ်တွင် အင်အား အကောင်းဆုံး ဖြစ်သော ပေါင်စတာလင် ငွေကြေး ဖောင်းပွမှုများ ဖြစ်ပွားကာ အင်္ဂလန်နိုင်ငံ၏ စီးပွားရေး ကပ်ဆိုက်ခဲ့ပါက ဖက်ဆစ် ဂျာမန်တို့သည် အင်္ဂလန်နိုင်ငံအား အလွယ်တကူ သိမ်းယူနိုင်မည်ဟု ယူဆခဲ့ကြပြီး စီမံကိန်းကို အာဏာရှင် ဟစ်တလာ ကိုယ်တိုင် ရေးဆွဲကာ ဂျာမန် ဗိုလ်ချုပ်များက လျှို့ဝှက်စွာ အကောင်အထည် ဖော်ခဲ့သည်။ Operation Bernhard စီမံကိန်းမှ ပေါင်စတာလင် ငွေကြေးအတု သာမက အမေရိကန် နိုင်ငံသုံး ငွေကြေးအတုနှင့် နိုင်ငံကူးလက်မှတ် အတုများကိုပါ ထုတ်ဝေစေခဲ့သည်။ ထို့အတွက်ကြောင့်လည်း ဂျာမန်စပိုင် အချို့မှာ ဒေါ်လာငွေများ ကိုင်ဆောင်၍ အမေရိကန်နှင့် အခြားသော နိုင်ငံကူး လက်မှတ်များ ကိုင်ဆောင် ကာ မဟာမိတ် နိုင်ငံများတွင် ဝင်ရောက် ထောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၈ ခုနှစ် အော်စကာဆုပေးပွဲ၌ အကောင်းဆုံး ဘာသာစကားဆု ရရှိခဲ့သည့် သြစတြီးယား-ဂျာမန် ပူးတွဲ ထုပ်လုပ်သော The Counterfeiters ဇာတ်ကားတွင် ဖြစ်သည်။ မော်ရိုကိုနိုင်ငံ မွန်တီကာလိုမြို့ရှိ အကောင်းစား ဇိမ်ခံ ဟိုတယ်ကြီးတွင် ကာစီနိုကစားခြင်း၊ မိန်းမလှလေးများ ထည်လဲတွဲခြင်းဖြင့် စည်းစိမ် ယစ်မူးနေသည့် ဂျူးလူမျိုး ဆော်လမွန် ဆိုရိုဝစ်(ရှ်) မှာ တနေ့တွင် သူ၏ နာဇီ ချွေးတပ်စခန်းအတွင်းမှ သေရာပါ ဂျူးအကျဉ်းသား အမှတ်အသားကို သူ၏ ညအဖော် ကောင်မလေးက တွေ့ရှိသွားရာမှ သူ၏ဘဝကို ပြည်လည်၍ နောက်ကြောင်းပြန်ပုံဖြင့် ရုပ်ရှင်ဇာတ်ကားကို စတင်ဖွင့်လှစ်ထားသည်။

၁၉၃၆ ခုနှစ် ဘာလင်မြို့တွင် ဖြစ်သည်။ ပုံတူပန်းချီကားနှင့် ဒီဇိုင်းများ ရေးဆွဲခြင်းဖြင့် နာမည်ခံထားပြီး ငွေကြေးနှင့် စာရွက်စာတမ်းများ အတုအပ ပြုလုပ်ရာတွင် ကျွမ်းကျင်သူအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသည့် ဂျူးလူမျိုး ဆော်လမွန် ဆိုရိုဝစ်(ရှ်) မှာ နာဇီတို့၏ ဖမ်းဆီးခြင်း ကို ခံရပြီး၊ လင့်(ဇ်)မြို့အနီးရှိ ချွေးတပ်စခန်းသို့ ပို့ဆောင်ခြင်း ခံရသည်။ ထိုချွေးတပ်စခန်းအတွင်း အကျဉ်းကျနေစဉ် စခန်းအစောင့်များနှင့် တာဝန်ခံ ဂျာမန်စစ်ဗိုလ်များကို ပုံတူပန်းချီ ရေးဆွဲပေးမှုကြောင့် သူ့ကို ဂျာမန်စစ်ဗိုလ်များက သဘောကျကာ အထူးအခွင့်အရေး ပေးသည့် အနေဖြင့် ဓာတ်ငွေ့ခန်းထဲသို့ သွင်းကာ သတ်သည့်စာရင်းတွင် မထည့်ဘဲ ချန်ထားခဲ့ကြသည်။ တနေ့တွင် သူ၏ လက်ရာမြောက် ပုံတူပန်းချီကား တခုအား ဘာလင်မှ ဂျာမန်အရာရှိ တယောက်က တွေ့မြင်သွားကာ ဆော်လမွန်အား ခေါ်ဆောင်သွားပြီး ဘာလင်တွင် ဆက်လက် ချုပ်နှောင် ထားကာ သူတို့၏ လုပ်ငန်းများတွင် သူ တတ်ကျွမ်းသောပညာဖြင့် ကူညီလုပ်ကိုင်ပေးရန် ခြိမ်းခြောက် စည်းရုံးခဲ့သည်။

အစစ်နှင့်မခြား တုပအောင် ဖန်တီးတတ်သည့် ဆော်လမွန်၏ လက်ရာမြောက်မှုကို ဂျာမန် စစ်ဗိုလ်ချုပ်များက သဘောကျ နှစ်ခြိုက်သွားကာ ဆက်ချာဟော်ဆန် ချွေးတပ်စခန်းထဲမှ လျှို့ဝှက်နေရာ တခုတွင် ငွေကြေးနှင့် စာရွက်စာတမ်းများ အတုပြုလုပ်ရန်အတွက် တာဝန်ပေးခံရသည်။

ငွေကြေးအတု ပြုလုပ်သည့်ဌာနတွင် ဆော်လမွန်နှင့်အတူ တာဝန်ကျသော အခြား အကျဉ်းသားတဦးမှာ ဂျူးလူမျိုး ဘဏ်နေဂျာဟောင်း တဦး ဖြစ်ကာ နာဇီဆန့်ကျင်ရေး စိတ်ဓာတ်ရှိသူ ဖြစ်သော်လည်း အသက်ဘေးမှ ချမ်းသာရာရရန် အလို့ငှာ ငွေကြေးအတုဌာနတွင် ဝင်ရောက်၍ တာဝန် ထမ်းဆောင်နေရခြင်း ဖြစ်သည်။ နာဇီ ဆန့်ကျင်ရေး စိတ်ဓာတ်ရှိသော ဂျူးဘဏ်နေဂျာအား ဂျာမန်စစ်ဗိုလ်များက သူ၏ နာဇီ ဆန့်ကျင်ရေး အမြင်များကြောင့် သတ်ပစ်ရန်အထိ ရည်ရွယ်ထားသော်လည်း ဆော်လမွန်၏ ဖျောင်းဖျမှုကြောင့် ထိုသူမှာ အသက်ချမ်းသာရာ ရခဲ့သည်။

ထိုသူမှာ အမေရိကန် ဒေါ်လာအတု ပြုလုပ်ရာတွင် ကျွမ်းကျင်သူ တဦးဖြစ်ပြီး အစပထမတွင် အမေရိကန် ဒေါ်လာကို အတုပြုလုပ်ရန် မလွယ်ကူမှုကြောင့် ဆော်လမွန်တို့မှာ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ ထိုစီမံကိန်းကို နာဇီခေါင်းဆောင် တဦးဖြစ်သူ Friedrich Herzog ကိုယ်တိုင် ဦးဆောင်ခြင်းဖြစ်ပြီး ဂျာမန် စစ်ဗိုလ်ချုပ်များက Operation Bernhard ဆိုသည့် စီမံကိန်းချကာ ဒေါ်လာနှင့် ပေါင်စတာလင် ငွေကြေးအတုများကို ဒလဟော ရိုက်ထုတ်ကာ မဟာမိတ်တို့၏ ငွေကြေးဈေးကွက် ပြိုလဲသွားရန် ကြံစည်နေချိန်မှာ မဟာမိတ်နှင့် ရုရှားတို့၏ ထိုးစစ်ကြောင့် ဂျာမနီ စစ်ဗိုလ်များမှာ လျှို့ဝှက်နေရာများ အဆင့်ဆင့်ပြောင်းပြီး ငွေစက္ကူအတုများ ဖန်တီးခဲ့သော်လည်း နောက်ဆုံးတွင် စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင် ပြင်သစ်နိုင်ငံ၌ သူကြွယ်တယောက်ပမာ အခြေချ နေထိုင်ခဲ့သော ဆော်လမွန်မှာ သူ၏ ဘဝဇာတ်စုံအား အဖော်အမျိုးသမီးကို ဖြစ်ကြောင်းကုန်စင် ပြောပြပြီးနောက် ဆော်လမွန် မည်ကဲ့သို့ ကောင်းစားနေကြောင်း ထိုအမျိုးသမီး သိရှိသွားသည့်အခါ ...။

သြစတြီးယား-ဂျာမန် ပူးတွဲထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး သြစတြီးယားလူမျိုး ဒါရိုက်တာ စတက်ဖန် ရူဇို ဝတ်စကီးက ရိုက်ကူး ထားသည်။ သူသည် ရုပ်ရှင်လုပ်ငန်း အကြီးအကျယ် မထွန်းကားသော သြစတြီးယားတွင် နာမည်ကျော် ဒါရိုက်တာတဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် ဗီယက်နမ်မြို့မှ လူငယ်များ အကြောင်းကို ရိုက်ကူးထားသည်။ Tempo ဇာတ်ကားဖြင့် ရုပ်ရှင်နယ်ထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ Die Siebtelbauern နှင့် Antomy ဇာတ်ကားများမှာ သူ၏ နာမည်ကျော် ဇာတ်ကားများဖြစ်ပြီး ၂ဝဝ၁ ခုနှစ်က ပြသခဲ့သော All The Queen's Men ဇာတ်ကားတွင်မူ ဝေဖန်ရေးဆရာများ၏ ထောက်ပြပြောဆိုမှုများ ရှိခဲ့သည်။

The Counterfeiters ဇာတ်ကားမှာ ဘာလင်ရုပ်ရှင်ပွဲတော်တွင် ဆုမရရှိခဲ့သော်လည်း အကြိမ် ၈ဝ မြောက် အော်စကာ ဆုပေးပွဲတွင်မူ အကောင်းဆုံး နိုင်ငံခြား ဘာသာစကားပြောဆု ရရှိရန် တစ်ပြေးနေသည့် Russia မှ ၁၂ အမည်ရှိ ဇာတ်ကား Israel မှ Beaufort ဇာတ်ကားများ ကို ကျော်ဖြတ်ကာ ဆုရရှိခဲ့သည်။

ထိုဇာတ်ကားတွင် ဂျူးလူမျိုး ပုံတူဖန်တီးမှု ကျွမ်းကျင်သူ ဆော်လမွန်အဖြစ် သြစတြီးရီးယား သရုပ်ဆောင် Karl Markovicsu သရုပ်ဆောင် ထားပြီး August Diehl, Marie Baumer နှင့် Devid Striesow တို့က သရုပ်ဆောင်ထားသည်။ The Counterfeiters ဇာတ်ကားမှာ နာဇီတို့၏ Operation Bernhard စီမံကိန်းတွင် နာဇီတို့၏ မှတ်တမ်းမှတ်ရာများကို ပြုစုပေးရသည့် ဂျူး၊ ဆလိုဗက်လူမျိုး အဒေါ့(ဖ်)ဘာဂါ၏ မှတ်တမ်း များကို ဇာတ်ညွှန်း ပြန်လည်ရေးဆွဲကာ ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် ဆော်လမွန်အဖြစ် သရုပ်ဆောင် သည့် Karl Markovics မှာ သရုပ်ဆောင်မှု အပိုင်းတွင် ပြောပလောက်အောင် ဝေဖန်စရာ မရှိသလို ဒါရိုက်တာ ဖြစ်သူမှာလည်း နာဇီခေတ်က အကြီးကျယ်ဆုံး လျှို့ဝှက်ကြံစည်မှုကြီး တခုကို ရုပ်ရှင် အနုပညာ မြောက်စွာဖြင့် နိုင်ငံတကာသို့ ပြန်လည်ရိုက်ကူးပြသနိုင်ခဲ့သည်။ ဥရောပကား တို့၏ ထုံးစံအတိုင်း နောက်ကြောင်းပြန်ပုံစံ (Flash back) ဖြင့် ရိုက်ကူးပြသခဲ့သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved