သောကြာ, ၁၂ မတ် ၂၀၁၀

Mizzima Burmese

Home > ရသဘဏ်တိုက် > စာအုပ်စင် > ယဉ်ကျေးမှုသစ်တို့၏ ရသလွန် အလှပန်းချီ

ယဉ်ကျေးမှုသစ်တို့၏ ရသလွန် အလှပန်းချီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


Dagon-Tayar-Irrawaddyစာအုပ်အမည် ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ
စာရေးသူအမည် ဒဂုန်တာရာ
ပုံနှိပ်ခြင်း ၁၉၇၂ ခုနှစ် (ပထမအကြိမ်)
အုပ်ရေ ၂၀၀၀
ထုတ်ဝေသူ ဒေါ်မိမိအေး (၀၁၁၇၀)
မြန်မာ့ပဒေသာ စာပေတိုက်။

(က)

ကျနော့်တွင် စာအုပ်တအုပ်ကို ပြန်၍၊ ပြန်၍ ဖတ်ရသည့် စာအုပ်များ ရှိ၏။ ပြန်ဖတ်ဖြစ်သည့် အကြိမ်များတွင်မူ၊ တကြိမ်နှင့်တကြိမ် ခံစားရသည့် ခံစားမှုခြင်းကမူ မတူ ….။ ကွဲပြား၏။ အသက်အရွယ်၊ ဘဝဖြတ်သန်းမှု…..၊ စာပေဘဝ အနုအရင့်တို့ကြောင့် ရင်ခုန်မှု ကွာသွား၏။ ခံစားမှု ကွဲသွား၏။ တထပ်တည်း မတူတော့…။ ပြီးလျှင် ... ကာလဒေသ ပယောဂနှင့် သမိုင်းခေတ် အပြောင်းအလဲများကြောင့်လည်း ခံစားမှုများ ကွဲပြားတတ်ပြန်သည်။

အချို့သော စာများက အကြိမ်ကြိမ် ပြန်၍ ဖတ်သော်လည်း သွေးနွေး၍ ရင်ခုန်သံက လှိုက်ဖိုဆဲ….။ ပီတိနှင့် ရင်ခုန်သံက …. စာအုပ်၏ စာမျက်နှာ တမျက်နှာပြီး တမျက်နှာ ဆွဲခေါ်ခဲ့ရင်း ….. စာအုပ်ပြီးသည့်အထိ နှစ်သိမ့်ကြည်နူး လှိုက်မောစွာနှင့် ကျန်ရစ်ခဲ့မြဲ….။ အချို့စာများကမူ ယခင်က ရင်ခုန်လှိုက်မောခဲ့ရသကဲ့သို့ … ရင်ကို မထိတော့…။ သွေးအေးသွားခဲ့လေပြီ….။

(ခ)

ဆရာ ဒဂုန်တာရာ ဟူသည်နှင့် တဆက်တည်း ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှု၊ အမျိုးသား လွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများနှင့် စာပေသစ်၊ စသည့် …. စသည့် ပုံရိပ်များက တွဲဖက်၍ ပါလာသည်ပင် ….။

ကိုဗဟိန်း၊ ကိုအောင်ဆန်း၊ ကိုဗဆွေတို့နှင့်အတူ ….. ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှုတွင် ကိုဌေးမြိုင် ပါဝင်ခဲ့၏။ ပြီးလျှင် ….. တာရာကို ထွန်းညှိ၍ စာပေသစ်ခရီးကို ညွှန်ပြခဲ့ပြန်သည်။

ဆရာက …. သမိုင်းခေတ်များကို တခေတ်ပြီးတခေတ် ဖြတ်သန်းခဲ့ရ၏။ မျိုးဆက်သစ်များနှင့် တဆက်ပြီး တဆက် လက်တွဲခဲ့ရ၏။

“မုန်းသူမရှိ၊ ချစ်သူသာ ရှိသည်” ဟူသော သဘောတရားကို လက်ကိုင်ထားသည့် ဆရာသည် “ဆိပ်ဖလူးရနံ့ သင်းပျံ့သည့်” အရပ်သို့လည်း အပို့ခံခဲ့ရဖူးလေသည်။

(ဂ)

ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါက ရသပါသော ဖွဲ့နွဲ့မှုနှင့် စီရင်ထားသည့် ဆရာ၏ ခရီးသွားမှတ်တမ်းဟု ခံစားမိ၏။ ၁၉၃၉ ခုနှစ် ကိုဗဟိန်းနှင့်အတူ ရှမ်းပြည်သို့ ရောက်ခဲ့သည့် ခရီးမှသည် ….. ပီကင်း၊ မော်စကို၊ နယူးဒေလီ၊ ကိုပင်ဟေဂင်၊ စတော့ဟုမ်း စသည့် ဆရာသွားရောက်ခဲ့သော ခရီးသွားမှတ်တမ်းများ ….။ ဆရာနှင့် ကိုဗဟိန်းတို့ ၁၉၃၉ ခုနှစ်တွင် သွားရောက်ခဲ့သည့် ရှမ်းပြည်ခရီး၏ ခရီးဆုံးက …. ရှမ်းပြည်တင်မဟုတ်….။ ရှမ်းပြည်မှတဆင့် တရုတ်-မြန်မာ လမ်းမကြီးအတိုင်းနှင်၍ တရုတ်ပြည်အတွင်းသို့ဝင်ကာ တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန် ဖြစ်သည်။ ခရီးက လျှို့ဝှက်ခရီး၊ တာဝန်က အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွက် ပြည်ပအဆက်အသွယ် ရှာဖွေရန် ဖြစ်သည်။

ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါတွင် ….. သွားရောက်ခဲ့သည့် ဒေသန္တရကိုသာလျှင်မက …. ဆရာ့၏ ရုပ်ပုံလွှာကိုလည်း မြင်တွေ့ရ၏။ ပြီးလျှင် ….. ဆရာ့၏ ရင်ခုန်သံ…။ ဆရာခံစားရသော ခရီးအာရုံသဏ္ဍာန်များကိုလည်း … သိရ၊ ထိတွေ့ရ၊ ခံစားယစ်မူးရလေ၏။

(ဃ)

ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါတွင် … အိုးဝေ၊ ရှုမဝ၊ မြဝတီမဂ္ဂဇင်းများတွင် ဖော်ပြပါရှိခဲ့သည့် ဆရာ့၏ ခရီးသွား ဆောင်းပါးများနှင့် ဂျာနယ်ကျော်မမလေး စာပေဖြန့်ချိရေးမှ ထုတ်ဝေခဲ့သည့် “ဂန္ဓလရာဇ်” ခရီးသွားမှတ်တမ်းတို့ စုပေါင်း၍ ဆရာ၏ ခရီးသွားဆောင်းပါး ပေါင်းချုပ်အဖြစ် တစုတစည်းတည်း စုစည်းထား၏။

ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါဟု … အမည်ပေးထားသော်လည်း၊ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပသည့် အာရှစာရေးဆရာများ ညီလာခံသို့ ဆရာတက်ရောက်ခဲ့သည့် ခရီးသွားမှတ်တမ်းနှင့် ဆွီဒင်နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံသို့ သွားရောက်ခဲ့သည့် ‘စတော့ဟုမ်း’ ၊ ‘ကိုပင်ဟေပင်’ ခရီးသွားဆောင်းပါးများလည်း ပါရှိလေ၏။

၁၉၉၃ ခုနှစ် ကိုဗဟိန်းနှင့် ရှမ်းပြည်ခရီးမှစ၍ … ၁၉၅ဝ ပြည့်လွန်နှစ်များအတွင်း တရုတ်ပြည်နှင့် ဆိုဗီယက်ပြည်ထောင်စုများသို့ သွားရောက်ခဲ့သည့် ခရီးသွားဆောင်းပါးများ ဖြစ်သည်။

အရှေ့တခွင်လုံး နီနေသည့်ကာလ….။ ‘မော်’ အာဏာရပြီးခါစ …. တရုတ်ပြည်သစ်။ ပီကင်းနှင့် မော်စကိုသည်ပင် အတွေးအခေါ် အယူအဆရေးရာတွင် မကွဲကြသေး ….။ ထိုစဉ်ကာလတွင် ဆရာ ‘တီယံအာမင်း’ နှင့် ‘ကရင်မလင်’ သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၆၁ ခုနှစ်အတွင်း ဆွီဒင်နိုင်ငံ၊ ‘စတော့ဟုမ်း’ ၌ ကျင်းပသည့် ‘ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ’ အစည်းအဝေးတွင်မူ ….. မော်စကိုနှင့် ပီကင်းအကြား နိုင်ငံရေးအရ အပ်ရာက စနေပြီ။ အယူအဆမတူတော့ ….. ငြင်းခုန်၍ နေလေပြီ။ နောက်တနှစ်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ညီလာခံကို ‘မော်စကို’ က … ‘လက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေး ညီလာခံ’ ဟု အမည်ပေးချင်၏။ ပီကင်းကမူ ….. ‘လက်နက်ဖျက်သိမ်းရေး၊ အမျိုးသား လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ညီလာခံကြီး’ ဟု အမည်တပ်ချင်၏။

‘ခေါင်းစီး’မှ စ၍ငြင်းခုန်နေကြပြီ။ အဓိကမှာမူ ….. အမည်ခေါင်းစီး၏ နောက်ကွယ်တွင် ရှိနေကြသည့် နိုင်ငံရေးအယူအဆ ….. ။ မော်စကိုက ….. ‘လက်နက်ဖျက်သိမ်းရေးသည်’ သာ အဓိကဟု ခံယူ၏။ ပီကင်းမှာမူ…. ‘အမျိုးသား လွတ်လပ်ရေးသည်လည်း လက်နက်ဖျက်သိမ်းရေး’ ကဲ့သို့ပင် အရေးကြီး၏။ အဓိကကျ၏ဟု ရပ်ခံသည်။

ဤသို့သော …. နောက်ခံနိုင်ငံရေး ဆေးသားများနှင့် ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါခရီး….။

(င)

ဆရာ့၏ ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါတွင်က …. ခေတ်ကိုလည်း တွေ့ရ၏။ ဧရာဝတီတွင် … ဆရာနှင့် ကိုဗဟိန်း လျှို့ဝှက်တာဝန်နှင့် တရုတ်ပြည်သို့ သွား၏။ ရှမ်းပြည်နယ် သိန္နီသို့ ရောက်၏။ သိန္ဒီတွင် တညအိပ်ပြီး နောက်တနေ့ ကွတ်ခိုင်၊ မူဆယ်မှတဆင့် တရုတ်ပြည်အတွင်းသို့ ဝင်ရန်ဖြစ်သည်။ ထိုစဉ်က ….. ကိုလိုနီခေတ် မြန်မာနိုင်ငံ၏ ရှမ်းပြည်က ပဒေသရာဇ်ရှမ်းပြည်။

ဆရာတို့ နှစ်ဦးကို သိန္နီပုလိပ်က စစ်ဆေးမေးမြန်း၏။ ပြီးလျှင် …. တော်ဖုရားကြီးထံသို့ သွားရောက်၍ အစီရင်ခံသည်။ သိန္နီတော်ဖုရားကြီးက အမိန့်ချတော်မူ၏။ ဆရာတို့နှစ်ဦးကို ခရီးဆက်ခွင့်မပြု။ သိန္နီတွင်လည်း တညတာ တည်းခိုခွင့်မပြု …. ချက်ချင်းလှည့်ပြန်ရန်ဟူ၍ ….။ ရှမ်းပြည်၏ ပုဒ်မ ၁ဝ ဥပဒေက ဤသို့ …..။ ဤတွင် …. ဆရာနှင့် ကိုဗဟိန်းတို့က စော်ဘွားကြီးနှင့် တွေ့ခွင့်တောင်း၏။

“ကျနော်တို့ စော်ဘွားကြီးနဲ့ မတွေ့နိုင်ဘူးလား” … ဟု ကိုဗဟိန်းက မေးသည်။ “မတွေ့နိုင်ဘူး ”

“စော်ဘွားကြီး သိပ်အလုပ်များတယ်။ မအားဘူး။ မတွေ့နိုင်ဘူး”

“ ဘာလုပ်နေလို့လဲ”

“ စော်ဘွားကြီး ဖဲရိုက်နေတယ်”

(စာမျက်နှာ ၃၆-မှ)

ယန်စီတွင် …. ပီကင်း၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း အခမ်းအနား သဘင်သို့ မြန်မာပြည် … လူထု အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် …. ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သော အဖွဲ့တက်ရောက်၏။ ကိုယ်စားလှယ်အဖွဲ့တွင် ဆရာဒဂုန်တာရာလည်း ပါသည်။

ပီကင်းမြို့ ‘တီယံအာမင်း’ ရင်ပြင်တွင် အခမ်းအနား ကျင်းပ၏။

‘မော်စုဂိုးဝမ်းရွှေး’ …… ‘မော်စုဂိုးဝမ်းရွှေး’ …… ကြွေးကြော်သံများက တံတိုင်နီကြီးများနှင့် ပဲ့တင်ထပ်၍ မြည်ဟီးနေသည်။ ‘မော်စုဂိုးဝမ်းရွှေး’ ဟူသည်က …. ‘ဥက္ကဋ္ဌကြီး မော် အသက်ရာကျော်ရှည်ပါစေ’ ဟူ၍ဖြစ်သည်။ အခမ်းအနား စ၏။ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ချူတေးက အမိန့်ပြန်တမ်းဖတ်၏။

“သင်တို့သည် သင်တို့တိုက်နေရာ စစ်မြေပြင်၌ သတိရှိစွာ၊ မြဲမြန်စွာ ရှိနေကြရန် ငါ အမိန့်ပေးသည်။ သင်တို့သည် အမျိုးသား ကာကွယ်ရေးကို ခိုင်မာတောင့်တင်းအောင် အားဖြည့်ကြရမည်။ ခေတ်မီသော အမျိုးသား ကာကွယ်ရေး အင်အားကို တည်ဆောက်ကြရမည်။”

ပြီးလျှင် …. သဘင်အခမ်းအနားကြီးကို ဆရာသည် ဖွဲ့၏။

“ကြီးမားသော စစ်တပ်ကြီးသည် အရှေ့မှာ ချီတက်လာလေပြီ။ ပထမ စစ်တက္ကသိုလ်တပ်သားများ။ ကုန်းတပ်၊ ရေတပ်၊ လေတပ်များမှ တပ်ဖွဲ့များ တတပ်ပြီး တတပ် ချီတတ်လာကုန်သည်။ လေထီးတပ်သားများ၏ အစိမ်းပုတ်ရောင်၊ ရေတပ်သားများ၏ အဖြူ၊ အပြာ…။ စက်ယန္တရားတပ် ချီလာသောအခါ သြဘာသံများဖြင့် ညံသာပြန်သည်။ လေယာဉ်ပစ် အမြောက်တပ်ကား တရှည်တလျားကြီးပင်။ စစ်မော်တော်ကားတပ်၊ သံချပ်ကာ ကားတပ်၊ တင့်ကားတပ်များ ချီတက်လာသည့်အခါ စက်ယန္တရားတို့ ဘီးလှိမ့်သံများသည် သိမ့်သိမ့်ခါနေလေသည်။ မြေပြင်၌ ယန္တရားတပ်ကြီး လိမ့်လျက်ရှိစဉ် ကောင်းကင်မှ လေတပ်ကြီးကလည်း တဝေါဝေါ အော်မြည်ကာ စစ်ရေးပြနေလေသည်”

(စာမျက်နှာ ၃၆၆၊ ၃၆၇ - မှ)

ယခု … ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါကို ပြန်ဖတ်၍ ဤနေရာသို့ ရောက်သည့်အခါတွင် ….“တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်” ဟူသည့် ဆိုင်းပုဒ်ကြီးကို မြင်မြင်မိနေသည့်အတွက် ဖတ်ရသည်မှာ ခိုးလိုးခုလု ဖြစ်မိ၏။ ထားတော့….။

ခံစားမှုအပြောင်းအလဲ ဖြစ်ရခြင်း…။ ကာလဒေသနှင့် ခေတ်သမိုင်း၏ ပြောင်းအလဲဖြစ်မှုကြောင့် ဖြစ်မည်။ ယန်စီနှင့် ဗော်လဂါကို ယခုအခါတွင် ပြန်၍ဖတ်ရသည်မှာ ….. ဟိုယခင်များကကဲ့သို့ သွေးမနွေး….။ ရင်ခုန်သံမမြန်….။ အိပ့်မက်ဖြင့် မနိုးကြားတော့ …..။ ပြတိုက်တခုအတွင်းသို့ဝင်၍ ကြည့်ရသကဲ့သို့သာ ခံစားရတော့၏။ သို့သော် …. ဧရာဝတီကမူ …. ယနေ့ထိ ကျနော်၏ ရင်ကို ခုန်မြဲ …..။ လှုပ်နှိုး၍နေဆဲ….။


 

Donation

Email Subscribtion

Input Anti-Spam code.
777
Name:
Email:

Who is Online

We have 384 guests online