အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်ရှာနေခြင်းထက် နိုင်ငံဖွံ့ဖြိုးရေးသွားရန် အချိန်ရောက်နေပြီ

ဒီကနေ့ အခမ်းအနားမှာ ထူးခြားတာကတော့ တပ်မတော်စစ်လက်နက်ယာဉ်တွေကို ထုတ်ဖော်ပြသခြင်းမရှိခဲ့သလို ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင်အနေနဲ့လည်း တပ်မတော်စစ်ကြောင်းတွကို စစ်ဆေးတဲ့အခါ အရင်နှစ်တွေတုန်းကလို မော်တော်ယာဉ်နဲ့ မဟုတ်ဘဲ လမ်းလျှောက်စစ်ဆေးခဲ့ပါတယ်။

အတိတ်ကို လက်ညှိးထိုးပြီး အပြစ်ရှာနေတာထက် အတိတ်အပေါ် သင်ခန်းစာယူပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ အချိန်ရောက်နေပြီလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ နေပြည်တော် စစ်ရေးပြကွင်းမှာ ဒီနေ့မနက်ပိုင်းက ကျင်းပတဲ့ (၇၃)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ကတော့ NCA လမ်းကြောင်းကို အခြေခံပြီး ဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးကြတဲ့အခါ မဖြစ်နိုင်တာတွေ တောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ညှိနှိုင်းတာက ပိုပြီး လက်တွေ့ကျတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဘယ်အစိုးရတက်တက် တပ်မတော်ရဲ့ အဓိကတာဝန်ကတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်ဖို့ပဲဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

တပ်မတော်ကို ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆို၊ ရေးသားမှုတွေကို အသိ၊ သတိနဲ့ယှဉ်ပြီး တုံ့ပြန်ဖို့နဲ့ အခြေအမြစ်မရှိတဲ့ ပြောဆို၊ ရေးသားမှုတွေဟာ အမုန်းတရားကို ဖြစ်စေပြီး နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတဲ့အပြင် နိုင်ငံတော်တည်ဆောက်ရေးမှာလည်း အဟန့်အတားဖြစ်စေတယ်လို့ တပ်မတော်ကာကွယ်ဦးစီးချုပ်က သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။