ရသများနှင့် ခရီးစဉ် ရတနာပုံ မန္တလေး (အပိုင်း - ၃)

ရတနာပူရ ရွှေအင်းဝ …
မြန်မာတို့ရဲ့ နောက်ဆုံးမင်းနေပြည်တော်၊ ရတနာပုံ မန္တလေးမြို့ကြီး ပေါ်ပေါက်လာဖို့ သမိုင်းခြေရာ ကောက်ကြည့်သည့်အခါ ရတနာပူရ ရွှေအင်းဝ မြို့တော်ဟောင်းကြီးဟာ အလွန်အရေးပါနေသည်။
ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် ပထမဆုံး အင်းဝမင်းဆက် သတိုးမင်းဖျားဟာ ၁၄ ရာစုအလယ်ပိုင်းကာလမှ စတင်ပြီး အင်းဝမြို့ကို တည်ထောင်ခဲ့သည်။
အင်းဝမြို့သည် ဧရာဝတီနှင့် ဒုဌ၀တီတို့ပေါင်းဆုံရာ မြစ်ဝ ဒေသတွင်ရှိပြီး အင်းများလည်း ပေါများသောကြောင့် အင်းဝဟု ခေါ်တွင်ခဲ့ကြောင်း အဆိုရှိခဲ့သည်။ ထို့ကြောင့် မြစ်ရေကြီးမှုဒဏ်များလည်း မကြာခဏ ကြုံတွေ့ခဲ့ရသည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် အင်အားပြင်းထန်သည့် ငလျှင်ကြီးလှုပ်ခတ်ခဲ့သဖြင့် အင်းဝမြို့ ပျက်သည်အထိ အပျက်အစီးများခဲ့သည်။ ထိုအခြေအနေကြောင့် မြန်မာမင်းများ အထက်အညာသို့ဆန်ကာ ယခု အမရပူရ မြို့တော်နေရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။
၁၂၂၁ ခုနှစ်အရောက်တွင် ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတြားကြီးသည် ဂေါတမဘုရားရှင် ဗျာဒိတ်တော်ထားခဲ့ဖူးသည့် ရတနာပုံ မန္တလေးမြို့နေရာတွင် မြို့သစ်ထပ်မံတည်ဆောက်ပြီး စိုးစံခဲ့သည်။ ထို့ကြောင့် မန္တလေးမြို့တော်သည် ရတနာပူရ ရွှေအင်းဝမှ အစပြုသည်ဟု ဆိုရန်ရှိသည်။
အင်းဝမြို့တွင် ဈေးချိုရှိခဲ့ဖူးသည်။ အမရပူရတွင်လည်း ဈေးချိုရှိသည်။ ထို့နောက် မန္တလေးမြို့တွင်လည်း ဈေးချိုရှိနေသည်။ ထို့ကြောင့် ပြောင်းရွှေ့လာကြသူများသည် ထိုသို့သော အမည်များစွာကို ရတာပုံ မန္တလေးမြို့တော်အထိ သယ်ဆောင်လာကြသည်။
ရတနာပူရ ရွှေအင်းဝသည် မြန်မာ့သမိုင်းတွင် ထင်ရှားသော မြို့တော်ဟောင်းကြီး ဖြစ်၍နေပါသည်။