သင်္ကြန်ကာလအတွင်း မြို့ပတ်ရထားများ လျှော့ချ ပြေးဆွဲသွားမည်

ရန်ကုန်မြို့ မြို့ပတ်ရထားများကို သင်္ကြန်ကာလအတွင်းတွင် လျှော့ချပြေးဆွဲသွားမည်ဖြစ်ပြီး ၇ စီးပြေးဆွဲမည်ဖြစ်ကာ လက်ရှိအချိန်တွင် မြို့ပတ်ရထား ၂၅ စီးဖြင့် ပြေးဆွဲနေသည်။

“သင်္ကြန်မတိုင်ခင်မှာတော့ ခရီးသွားတဲ့သူ များတယ်လေ။ သင်္ကြန်တွင်းမှာကျတော့ ခရီးသည်တွေ နည်းတဲ့အတွက်ကြောင့် ကျွန်တော်တို့က ရထားအစီးရေလျော့ချသွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး မြန်မာ့မီးရထားသွားလာပို့ဆောင်ရေးဌာမှ မန်နေဂျာ ဦးဇော်လွင် က ပြောသည်။

သင်္ကြန်ကာလ မြို့ပတ်ရထားများ ပြေးဆွဲရာတွင် စုစုပေါင်း အခေါက်ရေ ၇၃ ခေါက်သာ ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရပြီး ခရီးသည်တစ်ချို့က ပိုပြေးဆွဲပေးစေချင်ကြောင်း ဆိုကြသည်။

“များများပြေးဆွဲသွားရင်တော့ ပိုကောင်းတာပေါ့။ စောင့်မနေရတော့ဘူးလေ” ဟု ရထားစီး ခရီးသည်တစ်ဦး ဖြစ်သူ ကိုဇေယျာမင်းကပြောသည်။

သင်္ကြန်တွင်းတွင် ပြေးဆွဲမည့် RBE ရထားများကို ခရီးသည်များအတွက် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန် လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။