ထူးထူးခြားခြားအားကစား

ထူးထူးခြားခြားအားကစားဆိုတဲ့အတိုင်းပဲ ကမ္ဘာတစ်လွှားက သာမန်နဲ့မတူတဲ့ အားကစားနည်းတွေအကြောင်းကို ပြောပြပေးမှာပါ။ ဒီတစ်ပတ်မှာတော့ chess boxing ဆိုတဲ့ကစားနည်းအကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒီကစားနည်းကိုတော့ ဒတ်ခ်ျသရုပ်ဖော်အနုပညာရှင် အီပက်ရူဘက်က စတင်တီထွင်ခဲ့တာဖြစ်ပြီး ပထမဆုံးပြိုင်ပွဲကိုတော့ ၂၀၀၃ ခုနှစ်မှာ ဘာလင်မှာစတင်ကျင်းပခဲ့ပါတယ်။ဒီကစားနည်းဟာ ဂျာမနီ၊ ဂရိတ်ဗြိတိန်၊ အိန္ဒိယနဲ့ ရုရှတို့မှာ ရေပန်းစားတဲ့ ကစားနည်းလည်းဖြစ်ပါတယ်။

ခြောက်ချီက ချက်စ်ထိုးရပြီး ၅ ချီက လက်ဝှေ့ထိုးရလို့ ၁၁ ချီ ယှဉ်ပြိုင်ကစားရတဲ့ အားကစားနည်းဖြစ်ပါတယ်။ ပွဲကို ချက်စ်ထိုးတဲ့ အချီနဲ့စဖွင့်ပြီး ချက်စ်နဲ့လက်ဝှေ့တစ်လှည့်စီထိုးရတာကြောင့် ချက်စ်ထိုးတဲ့အချီနဲ့ပဲ ပွဲကို အဆုံးသတ်မှာဖြစ်ပါတယ်။

တစ်ချီကို ၃ မိနစ်စီထိုးဖို့ သတ်မှတ်ထားပါတယ်။ အနိုင်အရှုံးဆုံးဖြတ်တဲ့ပုံစံကတော့ လက်ဝှေ့မှာဆိုရင် အလဲထိုးနဲ့နိုင်၊ နည်းစနစ်နဲ့နိုင်ဆိုပြီးသတ်မှတ်ထားပါတယ်။ ချက်စ်ထိုးရာမှာတော့ ဘုရင်ကိုချက်စ်ခံရရင်ဖြစ်ဖြစ် အကွက်ရွှေ့ဖို့သတ်မှတ်ပေး ထားတဲ့အချိန်ထက် ကျော်သွားရင်ဖြစ်ဖြစ် အရှုံးသတ်မှတ်ပါတယ်။

ဒါမှမဟုတ် ပြိုင်ဘက်က အရှုံးပေးသွားရင်လည်း အနိုင်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဝင်မယ့်သူတွေဟာ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်ဝနေမှသာ ယှဉ်ပြိုင်ဖို့အဆင်ပြေပါလိမ့်မယ်။