ဗုဒ္ဓဟူး, ၁၀ မတ် ၂၀၁၀

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > မြန်မာ့အရေး ဆွေးနွေးပွဲ လုပ်ဆောင်သူများ အကြောင်း

မြန်မာ့အရေး ဆွေးနွေးပွဲ လုပ်ဆောင်သူများ အကြောင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာ့အရေး ဆွေးနွေးပွဲတခု ရန်ကုန်တွင် ကျင်းပရေး ကြိုးစားနေသော လူသိနည်းသည့် ၈၈ မျိုးဆက် ကျောင်းသားတစု ရှိသည်။ သူတို့၏ ကိုယ်ရေးရာဇဝင်ကို ကာယကံရှင်နှင့် ဆက်သွယ်မေးမြန်းခြင်းနှင့် စုဆောင်းပြုစုခြင်း မဇ္ဈိမ သတင်းထောက်က ပြုလုပ်ထားသည်။

ကိုဖြိုးမင်းသိန်း ခေါ် ကိုဖြိုး။ ငယ်နာမည် ကိုအောင် (ပြောရေးဆိုခွင့်ရှိသူ)

၁၉၆၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၌ ဦးခင်ထွန်း၊ ဒေါ်ခင်ခင်အေး တို့မှ မွေးဖွားသည်။ မွေးချင်း လေးယောက်တွင် အငယ်ဆုံးသားဖြစ်သည်။ ၁၉၈၆ ခုနှစ်၌ အထက် တန်းပညာကို သန်လျင်မြို့ အထက (၁) မှ အောင်မြင်ခဲ့သည်။ ၁၉၈၇ ခုတွင် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်) တွင် ရူပဗေဒ ဘာသာရပ် သင်ယူခဲ့သည်။ ၁၉၈၈ ခု ဒုတိယနှစ်သင်ကြားနေစဉ် စက်မှုတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သည်။

၁၉၈၈ အထွေထွေ သပိတ်တွင် သံလျင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကို လျို့ဝှက်စွာ ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့တွင် ခေါင်းဆောင် ၅ ဦးမှ တဦးဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့သည်။ ၁၉၈၉ ခုတွင် ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဌ တာဝန်ယူခဲ့သည်။ ၁၉၉ဝ ခုတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းရေးကော်မတီ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်  (အောက်ဗမာပြည်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉ဝ ခုရွေးကောက်ပွဲအပြီး ဇွန် ၃ဝ ရက်နေ့တွင် မန္တလေးမြို့၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် အရေးပေါ် ညီလာခံမှ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းခဲ့ရာ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့၌ ရန်ကုန်မြို့တွင် အမှတ် (၇) စစ်ထောက်လှမ်းရေး၏ ဖမ်း ဆီးထိန်းသိမ်းခြင်းခံခဲ့သည်။ မေလတွင် အင်းစိန်ထောင် စစ်ခုံရုံးမှ ဒေါ်ချိုချိုကျော်ငြိမ်း၊ ပြည်ပ ရောက် ဗကသ နိုင်ငံခြားရေးတာဝန် ထမ်းဆောင်ခဲ့သူ ကိုအောင်ကျော်မြင့်တို့ အပါအဝင် ၁၃ ဦးကို ပုဒ်မ ၅ (ည)၊ ၁၇ (၁) တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။

၁၉၉၅ ခုနှစ်တွင် အင်းစိန်ထောင်တွင်း ကုလသမဂ္ဂသို့ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဖိနှိပ်ခံ ရမှုနှင့် ပတ်သက်ပြီး စာပို့မှုဖြင့် ဟံသာဝတီ ဦးဝင်းတင်နှင့် ရွှေကလောင်ဆုရသွားသည့် ကိုမျိုးမြင့်ငြိမ်းတို့နှင့်အတူ ပုဒ်မ ၅ (င) ဖြင့် ထောင်ဒဏ် ၇ နှစ် ထပ်မံချခံခဲ့ရသည်။

၂ဝဝ၁ ခုနှစ်တွင် တောင်ငူထောင်တွင်း ထောင်ဆူပူမှုအောင် ဖန်တီးသည်ဟု ဆိုကာ ပုဒ်မ ၅ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရပြန်သည်။  ထောင်တွင်း ရှိနေစဉ်အတွင်းမှာဘဲ စုစုပေါင်း ထောင် ဒဏ် ၂၁ ကျခံခဲ့ရသည်။

၂ဝဝ၅ ဇွန်လှိုင်လ ၆ ရက်နေ့မှ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့် အဖမ်းခံရပြီးနောက် ဧရာဝတီတိုင်း မြောင်းမြထောင်မှ လွတ်မြောက်ခဲ့သည်။ ထောင်တွင်း၌ ရှိနေစဉ် ဗကသ အတွင်းရေးမှူးအဖြစ် ရပ်တည်ခဲ့သည်။

၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်၏ ညီမ မခင်မိမိကြွယ်နှင့် အိမ်ထောင်ပြုသည်။
-------------------------------------------------------------------------------------------------------
ကိုသိန်းတင်အောင်

၁၉၆၈ ခု မတ်လ ၁၂ ရက်နေ့တွင် ဦးသိန်းအောင်နှင့် ဒေါ်ခင်ခင်ဝင်းတို့မှ ရန်ကုန်မြို့ လှိုင်မြို့နယ်၌ မွေးဖွားသည်။ မွေးချင်း ၄ ဦးမှ အငယ်ဆုံး ဖြစ်သည်။

အထက်တန်းပညာရေးကို အထက (၂) ဒဂုံမြို့နယ်မှ ပြီးဆုံးသည်။ ရန်ကုန် တက္ကသိုလ် (လှိုင်နယ် မြေ) တွင် ရူပဗေဒဘာသာကို ဒုတိယနှစ်အထိ သင်ယူခဲ့သည်။ တတိယနှစ်ကို ရန်ကုန်တက္ကသိုလ် (ပင်မ) သို့ ပြောင်းရွှေ့ သင်ယူခဲ့သည်။ ၁၉၈၈ ခု၌ စတုတ္ထနှစ် တက်နေစဉ် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဘုန်းမော် သေဆုံးမှုနှင့် ပတ်သက်ပြီး မတ် ၁၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်လမ်းပေါ်ထွက် ဆန္ဒပြနေစဉ် အင်းလျားကန်ဘောင်ရှေ့တွင် လုံထိန်းများ၏ ဖမ်းဆီးခြင်းခံရပြီး အင်းစိန်ထောင်သို့ ပို့ခဲ့သည်။

၁၉၈၈ ခု ဇူလိုင်လ ၇ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက လွှတ်ပေး ခဲ့သည့် ၁၄၁ ဦး၌ ပါဝင်ခဲ့ သည်။ ၁၉၈၈ နောက်ပိုင်း အတူလွတ်မြောက်လာသူများမှ အချို့နှင့်အတူ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး လုပ်ဆောင်ခဲ့သည်။ ၁၉၈၈ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကရင်ပြည်နယ် သေဘောဘိုး ခေါ် မော်လီချိုင်းဒေသသို့ ရောက်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မဲဆောက်မြို့၌ နေထိုင် ခဲ့ပြီးနောက် ရနောင်းမြို့ စစ်ကြောရေးစခန်းမှတဆင့် စစ်ဆေးခံကာ မြန်မာပြည်သို့ ပြန်လာခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရန် စာပြုစုထားပြီး ယင်းစာအား ဗိုလ်ချုပ်ခင်ညွန်ထံသို့တင်ရန် ပြင်ဆင်နေချိန် စစ်ထောက်လှန်းရေးက ဖမ်းဆီးခဲ့ရာမှ ကျောင်းသားများ ဆူပူမှုဖြစ်လျှင် အရေးယူခံမည် ဟူသည် ခံဝန်ချက် လက်မှတ်ထိုးခဲ့ကာ တပတ် ခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၂ဝဝ၆ ခုနှစ်၌ ကိုအေးလွင်ဦးဆောင်သော ရှစ်လေးလုံးမျိုးဆက်ကျောင်းသားလူငယ်များ (ပြည် ထောင်စုမြန်မာနိုင်ငံ) မှ အမျိုးသားရေးဦးစီးကော်မတီတွင် ဒုဥက္ကဌ တာဝန် ထမ်းဆောင်ခဲ့သည်။

၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကိုအေးလွင်နှင့် အဖွဲ့အတွင်း လုပ်ငန်းစဉ်များ သဘော ထားကွဲလွဲမှုကြောင့် နှုတ်ထွက်ခဲ့သည်။

လက်ရှိတွင် ဦးရွှေအုန်း၏ ပြည်ထောင်စု မြန်မာနိုင်ငံ မဟာမိတ် အဖွဲ့၌ အဖွဲ့ဝင်အဖြစ် ပါဝင် လုပ်ကိုင်နေသူ ဖြစ်သည်။
-------------------------------------------------------------------------------------------------------
ကိုသောင်းဝင်း

၁၉၆၈ ခု ဇွန်လ ၂၈ ရက်နေ့တွင် ဦးထွန်းမြင့်၊ ဒေါ်ဆန်းရီတို့မှ ဘိတ်မြို့နယ် ပလောမြို့တွင် မွေး ဖွားသည်။ မောင်လမြိုင်မြို့သို့ ငယ်စဉ်ကတည်းက ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ မွေးချင်း ၈ ဦး တွင် အငယ်ဆုံးသား။ အထက်တန်းပညာရေးကို မော်လမြိုင်မြို့ အထက ၆ မှ ပြီးဆုံးသည်။ ရန်ကုန် တက္ကသိုလ်တွင် သင်္ချာဘာသာ သင်ယူသည်။

၁၉၈၈ ခု မတ်လ ၁၇ ရက်နေ့ ရန်ကုန်တက္ကသိုလ်အတွင်း ဆန္ဒပြစဉ် ဖမ်းဆီးခံရသည်။ ထိုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသား ၁၄၁ ဦး လွတ်ပေးရာတွင် ပြန်လည်လွတ်မြောက်လာ သည်။ ၁၉၈၈ ခု စက်တင်ဘာလတွင် မွန်ပြည်နယ် ဘုရားသုံးဆူမြို့သို့ ကျောင်းသားတချို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။ ၁၉၉၁ ခုအတွင်း မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ယခုနောက် ပိုင်း ဦးရွှေအုန်း၏ ပြည်ထောင်စုမြန်မာနိုင်ငံ မဟာမိတ် အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လုပ်ကိုင်နေ သူဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)



 

Donation

Email Subscribtion

Input Anti-Spam code.
777
Name:
Email:

Who is Online

We have 903 guests online