အထူးကဏ္ဍ ဆန္ဒခံယူပွဲအထူး နအဖ ဥပဒေနဲ့ ရွေးကောက်ပွဲကို လက်မခံ (သဘောထားအမြင်)
နအဖ ဥပဒေနဲ့ ရွေးကောက်ပွဲကို လက်မခံ (သဘောထားအမြင်) Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 12 2008 00:47 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ စစ်အစိုးရက အခြေခံ ဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မေလတွင် ပြုလုပ်မည်၊ ထိုမှ အခြေခံဥပဒေ အတည်ဖြစ်လာသောအခါ ရွေးကောက်ပွဲ တရပ်ကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဟု ကြေညာခဲ့ခြင်းအပေါ် သူတို့၏ သဘောထားအမြင်များကို တင်ပြလိုက်ပါသည်။ 


 အထက်တန်းပြ ဆရာမ တဦး

"ဒါက ဘယ်လို ပြောရမလဲ ဆိုတော့၊ အရင် ၁၉၉၀ တုန်းကလိုပဲပေါ့။ သူတို့က ဘယ်လိုပဲ လုပ်လုပ် ကျမတို့အနေနဲ့ကတော့ ကန့်ကွက်မဲ ဘဲ ထည့်မှာပါ။ ၀န်ထမ်းတွေကို ဖိအား ပေးတာမျိုးတွေတော့ ခုလောလောဆယ်မှာ မရှိသေးပါဘူး။ ဘယ်လိုပဲ ဖိအားပေးပေး၊ ဘယ်လို ခြိမ်းခြောက်ခြောက် ကျမတို့ကတော့ ကျမတို့ စိတ်ထဲ ရှိတဲ့ အတိုင်းဘဲ လုပ်သွားမှာပါ။ ဒီမဲ ပေးတဲ့နေရာမှာ အားလုံးလွတ်လပ်စွာ ပေးခွင့် ရှိတယ်လေ။ ကိုယ်ဘယ်မဲ ထည့်တယ် ဆိုတာ ဘယ်သူမှ သိမှာမှ မဟုတ်တာ။ ၁၉၉၀ တုန်းကတောင် NLD ကိုပဲ မဲပေးခဲ့ သေးတာပဲ။ သူတို့ ဥပဒေကို နားလည်လို့လားဆိုတော့ ... နားမလည်လို့ကို ကန့် ကွက်တာလို့ ပြောချင်ပါတယ်"

-----------------------------------------------------

လက်ထောက် ဆရာဝန်တဦး

      "ခုနေ ဒီအကြောင်းကို ပြောရတာ ကြောက်တော့ ကြောက်တယ်ဗျ။ ကျနော်က ၀န်ထမ်းဆိုတော့လေ။ ဘာတွေ ဖြစ်လာမယ် ဆိုတာကို မသိဘူးလေ။ ခုတောင် ၀န်ထမ်းတွေထဲက ကန့်ကွက်မဲ ထည့်ရင် ထောင်ဒဏ်ကျမယ် ဆိုတာတွေ ကောလဟာလ လိုတာမျိုးတွေ ကြားနေရတာလေ။ တကယ်သာ ဖြစ်ခဲ့မယ် ဆိုရင်တော့ ကျနော် သဘောထားမပေးဘဲ နေမိမှာဘဲ။ ဒီလို မပေးပြန်ရင် ဒီနေရာကို သူတို့က ယူသွားမှာလဲ စိုးရိမ်တယ်လေ။ ဒါပေမယ့်ဗျာ ကျနော်တို့ မဲပေးတာက လွတ်လပ်မယ် . .. စောင့်ကြည့်နေတာတွေ မရှိဘူး ... ကျနော်ပေးတဲ့မဲက ဘာလဲဆိုတာ ကျနော့်ဘေးက လူတွေတောင် မမြင်ရအောင်အထိ လုံခြုံတယ် ဆိုရင်တော့ ကောင်းမှာဘဲဗျာ။ သူတို့က ယုတ်မာတယ်ဗျ။ ကျနော့် အနေနဲ့ကတော့ NO ပဲ ပေးဖြစ်မှာပါ။ အခြေခံဥပဒေကို သိပ်နားမလည်ပါဘူး။ ကျနော် နားလည်သလောက် ကတော့ ဒီဟာကြီးက သူတို့ ကောင်းကျိုးအတွက်ကိုပဲ ဦးစားပေး ထားတာကြီးပါ"

-----------------------------------------------------

ကုမ္ပဏီ ၀န်ထမ်းတဦး

      "စစချင်း မေလမှာ ထောက်ခံမဲ၊ ကန့်ကွက်မဲတွေ ပေးရတော့မယ် ဆိုတာ သိရတော့ အန်တီ့အိမ်က လူတွေအားလုံးကို ဘယ်သူမှ သွားမပေးကြဘူးလို့ ပြောတာ။ ဒါပေမယ့် နောက် ပြန်စဉ်းစားကြည့်တော့ အန်တီတို့ သွားမပေးရင် အန်တီတို့ရဲ့ မဲတွေကို ဒီကောင်တွေက ယူသွားမှာ။ ဒီတော့ တို့တွေအားလုံး ကန့်ကွက်မဲ ထည့်ကြမယ်လို့ ဆုံးဖြတ်ပြီးသွားပြီ။ သူတို့ ခြိမ်းခြောက်မှာလဲ မကြောက်ပါဘူး။ ကိုယ်ထည့်တဲ့ မဲ ဘယ်သူသိပိုင်ခွင့် ရှိလို့လဲ။ ကန့်ကွက်မဲ ထည့်လို့ အဖမ်းခံရတယ် ဆိုရင် ဒါသူတို့ မတရားတာလေ။ ဘယ်သူက ငုံ့ခံမှာလဲ။ သူတို့ ရဲ့ ဥပဒေကို နားမလည်ပါဘူး။ ဒါပေမယ့် သူတို့ လုပ်တာတွေကို တခုမှမယုံလို့ ဒါဟာ သူတို့အတွက် သူတို့ကြည့်ပြီး လုပ်ထားတာလို့ပဲ မှတ်ပါတယ်"

-----------------------------------------------------

အိမ်ထောင်ရှင်မ တဦး

      "ညီမရယ် အစ်မတို့ က ဒီ ဥပဒေမူကြမ်း ဆိုတာကြီးကို တွေ့လဲ မတွေ့ဖူး၊ ဂဃနဏ လဲ မသိပါဘူး။ သူတို့ကတော့ ပြည်သူတွေ လေ့လာလို့ရအောင် ဖြန့်ဝေပေးထားတယ် ဆိုပေမယ့် ဘယ်မှာမှလဲ မတွေ့မိပါဘူး။ စာအုပ်ဆိုင်တွေမှာ ရောင်းတာဆိုတော့ သူတို့မူကို သိရဖို့အရေး ပိုက်ဆံက ကုန်ရအုံးမယ်။ ဆင်းရဲတဲ့ လူတွေသာဆို ဘယ်လိုလုပ်မလဲ။ ဒီလို လူတွေကို သူတို့က စည်းရုံးထားပြီး သူတို့ကို မဲပေးခိုင်းမှာဘဲ။ အစ်မအနေနဲ့ ကတော့ ဘာမှမပေးဘဲ နေလို့ရရင် ကောင်းမယ်လို့ပဲ စဉ်းစားမိပါတယ်။ မဖြစ်မနေ ပေးရမယ်ဆိုတာမျိုး ဖြစ်ခဲ့ရင်တော့ ကန့်ကွက်မှာပါ။ သွားမပေးရင် အမရဲ့ မဲတနေရာကို သူတို့ ယူသွားမှာကိုလဲ စိုးပါတယ်"

-----------------------------------------------------
ဆိုက္ကားသမားတဦး

      "ကျနော်က ဘာကိုမှ နားမလည်တာ။ ဘာကို ထောက်ခံလို့ ဘာကို ကန့်ကွက်ရမှာလဲဗျာ။ မူကြမ်းဆိုတာကြီးကိုလဲ မမြင်ဘူးပါဘူး။ ကျနော်တို့က တနေ့စာတနေ့ မနည်းရှာနေရတာ။ ဒါတွေ စိတ်မ၀င်စားအားပါဘူး။ ဒါပေမယ့် တခုကတော့ သူတို့ ဘာလုပ်လုပ် သဘောမကျဘူးဗျ"

-----------------------------------------------------
ကုမ္ပဏီ ၀န်ထမ်းတဦး

"ကန့်ကွက်မှာပါ"

"တခု ရှိတာကတော့ ဒီကောင်တွေက ကလိမ်ကကျစ်တွေ။ မဲလိမ်ရင်တော့ မသိဘူး။ နောက်ပြီး မဲပေးတဲ့ စနစ်ကိုလဲ လူတွေ စိတ်ထွေပြားအောင် လုပ်ထားနိုင်တယ်လေ။ မဲပေးဖို့ ပုံစံကို သေချုာ မရှင်းပြတာမျိုးပေါ့။ ဦးတို့ အရင် ရွေးကောက်ပွဲတွေက ဆိုရင် ကိုယ်ရွေးတဲ့ ဟာကို ကြတ်ခြေခတ် ခိုင်းတာလေ။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တော်ရုံ မသိတဲ့ လူတွေက ဒါဆိုရင် ကိုယ်မလိုချင်တာကို ကြတ်ခြေခတ် ရတယ်၊ အမှားပေးရတယ် ထင်သွားတာမျိုးပေါ့။ သူတို့က သေချာ ရှင်းမပြတော့လေ။ ဒါပေမယ့် အဲဒီတုန်းကတောင် NLD ကပဲ အနိုင်ရခဲ့တာပါ။ ခု အခြေအနေကတော့ အရင်ကထက် ပို ရှုပ်ထွေးမယ်လို့ ထင်တယ်လေ။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ လူယုံ၊ လက်မရွံ့တွေက ထောက်ခံဖို့ လိုက်ဝါဒ ဖြန့်နေတာလေ။ ခုအခြေအနေက တော်တော်များများက သူတို့တွေရဲ့ သေနတ်တွေကို ကြောက်ပြီး သဘောထား မပေးရဲဖြစ်နေတာ။ နောက်ပြီး အခြေခံ လူတန်းစားအလွှာက အရင်ကထက် ပိုကြပ်တည်းလာတော့ စားဝတ်နေရေးကိုသာ ရုန်းကန်နေရပြီး နိုင်ငံရေးကို သိပ်စိတ်မ၀င်စားတာမျိုး၊ ကြောက်လာတာမျိုးတွေကြောင့် ဒီလိုလူတွေ စည်းရုံးရာနောက်ကို ပါသွားမှာလဲ စိုးတယ်လေ။ သေချာတာ တခုကတော့ သူတို့ဟာ နီးရာဓားကို ကြောက်ရလို့ ထောက်ခံရမယ် ဆိုပေမယ့် သူတို့တွေရဲ့ စိတ်ထဲမှာတော့ ကန့်ကွက်တဲ့ စိတ်ကသာ များတာပါ။ ဒီတော့ သူတို့တွေ နားမယောင်အောင်၊ ကိုယ့်ဆန္ဒတွေကို ဖော်ထုတ်ရဲအောင် လမ်းဖွင့်ပေးဖို့ လိုသလို သူများတွေ ခြိမ်းခြောက်တိုင်း ကြောက်ဖို့မလိုဘူး၊ ကိုယ်ထည့်တဲ့မဲကို ကိုယ်ကလွဲလို့ ဘယ်သူမှ သိပိုင်ခွင့် မရှိဘူး၊ အကယ်၍ ကန့်ကွက်မိလို့ အရေးယူ ခံရတာမျိုးတွေ ဖြစ်လာမယ်ဆိုရင် ဒါဟာ တရားမျှတမှု လုံးဝမရှိတာ ဖြစ်လို့ ကြောက်ဖို့မလိုဘူး ဆိုတာတွေ ပြည်သူတွေအားလုံး နားလည်သဘောပေါက်အောင် ရှင်းပြနိုင်ရင် သိပ်ကောင်းမှာပါ။ နောက်ပြီး မဲပေးရမယ့် ပုံစံ၊ စနစ်တွေကို အားလုံးသိအောင် ရှင်းပြပေးတာမျိုးတွေ လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်"

-----------------------------------------------------

တက္ကစီသမား တဦး

"ဥပဒေမူကြမ်းကို သိပ်နားလည်တယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကြီးက သူတို့ သက်ဆိုးရှည်အောင် လုပ်ထားတာက ပေါ်လွင်နေပါတယ်။ ကျနော်တို့တိုင်းပြည်အခြေအနေတွေ ဒီထက်မက ဆိုးသထက် မဆိုးလာအောင် သူတို့ တဖက်သတ်ရေးထားတဲ့ မူကို ကန့်ကွက်မှာပါ။ ကျနော့် မိတ်ဆွေတွေကိုလဲ ကန့်ကွက်ဖို့သာ တိုက်တွန်းသွားမှာပါ"

-----------------------------------------------------

ကုန်သည်တဦး

အင်း ... ရေအရင်းအမြစ်တွေ ပေါပါရက်နဲ့ ရေကို ဖောဖောသီသီ မပေး။ မီးကိုလဲ ဖောဖောသီသီ မပေး။ သူဖောဖောသီသီ ပေးနိုင်တာ ကျည်ဆံပဲ ရှိတယ်။ ဒီလို အစိုးရက ရေးထားတဲ့မူက ဘာဖြစ်မှာလဲ။ ကန့်ကွက်မဲပဲ ပေးမှာ။

-----------------------------------------------------

စီးပွားရေးလုပ်ငန်းရှင်တဦး

"တလအတွင်း လုပ်မယ်ဆိုတော့ ဘာမှ ပြင်ဆင်မှု မရှိဘူး။ အစိုးရ စီစဉ်တဲ့အတိုင်းပဲ ဖြစ်ဖို့ များတာပေါ့။ လူထုက ဘယ်လိုပဲ ပေးပေးလေ၊ အဖြေကတော့ မဲအရေအတွက် လုပ်နေတဲ့ အခါကျတော့၊ ပွင့်လင်းမြင်သာမူ မရှိဘူးဆိုတော့ သူတို့ လိုချင်တဲ့အတိုင်း လုပ်နိုင်တဲ့ အခြေအနေအတိုင်း ရှိနိုင်တယ်ပေါ့။ လူတွေက ဘယ်လိုဘဲ ပေးပေး၊ အစိုးရ ဖြစ်စေချင်တဲ့အတိုင်းပဲ ဖြစ်မှာပေါ့ဗျာ"

"ကျနော်အနေနဲ့ သွားပြီးတော့ ဆန့်ကျင်မဲ ပေးတဲ့ဟာက ပိုပြီးတော့ ဖြစ်နိုင်တယ်။ လုံးဝ မသွားရေး ဆိုတာကတော့ လက်တွေ့ အနေအထားက မဖြစ်နိုင်ပါဘူး။ အများစုကတော့ မသိကြဘူး ခင်ဗျာ။ ကျနော်ကတော့ ကိုယ်စိတ်ဝင်စားတဲ့ ဟာဆိုတော့ သူတို့ အမျိုးသားညီလာခံအပြီးမှာ ထုတ်တဲ့ အခြေခံမူစာအုပ် ရှိတယ်။ အခြေခံ မူကြမ်းက စာအုပ်တိုက်တွေမှာ ရတယ်လို့ ပြောတယ်။ မတွေ့သေးဘူး။ မိတ်ဆွေတယောက်က ပြောတာကတော့ စာနယ်ဇင်း စာအုပ်ဆိုင်မှာ ဝယ်လို့ ရတယ်လို့ ပြောတယ်။ အများစုကတော့ ကိုယ့်ကိစ္စနဲ့ကို ဆိုတော့ သိပ်တကူးတက ဖတ်ဖို့ အများစုက အချိန်မပေးပါဘူး "

"ဒါကတော့ ရှင်းနေတာပါ။ ကိုအောင်ဒင်က ရေးထားတဲ့ စာလည်း ရှိသားပဲ။ သူတို့က ရေရှည်လုပ် အုပ်ချုပ်နိုင်ဖို့ စိတ်တိုင်းကျ စီစဉ်ထားတာ ဖြစ်တယ်။ အမျိုးသားနဲ့ ကာကွယ်ရေးကောင်စီမှာက ၁၁ မဲ ရှိတာကို ၆ မဲ က ကာကွယ်ရေးဦးစီးချုပ် နဲ့ စစ်သားတွေပေါ့ဗျာ။ ကာကွယ်ရေး ဦးစီးချုပ်က ခန့်တဲ့ ပုဂ္ဂိုလ်များပေါ့။ အဲလိုဆိုတဲ့ အခါကျတော့ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က   ကာကွယ်ရေး ဦးစီးချုပ်က ဆုံးဖြတ်ချက်ပဲလေ။ အဲဒီ ကောင်စီက နိုင်ငံတော် အခြေအနေကို အရေးပေါ် ကြေညာနိုင်တာကိုး။ အရေးပေါ်အခြေအနေ ကြေညာနိုင်တာက ကာကွယ်ရေး ဦးစီးချုပ် သဘောထားပဲပေါ့ဗျာ"

"ကျနော် ထင်တာက သိပ်မထူးဘူးပေါ့။ အခြေခံမူကို အတည်ဖြစ်သွားတယ် ဆိုပါတော့၊ ကျနော်တို့ရဲ့ အဓိက အကျပ်အတည်းကတော့ ပြည်တွင်းနိုင်ငံရေး ရှိမယ်။ နိုင်ငံတကာ အကျပ်အတည်း ရှိတယ်။ ဘာမှ ပြောင်းသွားမှာ မဟုတ်ဘူး။ ဒီအကျပ်အတည်းတွေက ပျောက်သွားမှာ မဟုတ်ဘူး။ နဂိုထက် ပိုဆိုးရွားလာနိုင်စရာ ရှိတယ်။ အကုန်လုံးက လက်မခံဘူးဆိုတော့ အကျပ်အတည်းတွေက ပိုမို ဆိုးရွားသွားနိုင်တယ်"

"ပုံသဏ္ဍာန်အရသာ ရှိတယ်၊ လက်တွေ့အားဖြင့် ဘာမှမရှိဘဲ၊ ပြည်နယ် ဝန်ကြီးချုပ် ဆိုရင် သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်က ခန့်ရမယ်။ ဒါပေမဲ့ ခန့်ပိုင်ခွင့် မရှိဘူးလေ။ သမ္မတကပဲ သူ သင့်တော်တဲ့ သူကို ရွေးချယ်ခန့်ထားမှာ ဖြစ်တယ်။ လုပ်ထုံး လုပ်နည်းအရတော့ ရှိတယ်။ တကယ့်အနှစ်သာရ သဘောကတော့ မရှိပါဘူး။ တချို့ ပြင်ဖို့ဗျာ၊ ပြင်လို့ရတဲ့ဟာက ၇၅ ရာခိုင်နှုန်းကျော်လို့ ပြောတဲ့အတွက် လူထုက ရွေးတာက ၇၅ ရာခိုင်နှုန်းပဲ ရှိတယ်။ လူထုက အပြည့်၊ လူထုက ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေက အပြည့် ထောက်ခံရင်တောင် ပြင်ဖို့ မဖြစ်နိုင်သေးဘူး။ ကျန်တဲ့ အမတ်တွေကို ကာကွယ်ရေးဦးစီးချုပ်က ခန့်တာ ဖြစ်တဲ့အတွက် ကျန်တဲ့ အမတ်တွေက သဘောတူမှ ဆိုတော့ ကာကွယ်ရေးဦးစီးချုပ်က ပြင်ဖို့ သဘောတူမှ ပြင်ဖို့ ဖြစ်နိုင်မယ်။ လူထုက ရွေးတာက အများဆုံးမှ ၇၅ ရာခိုင်နှုန်း ဆိုတော့ လူထုရွေးတဲ့ သူတွေ ၁ဝဝ ရာခိုင်နှုန်း သဘောတူရင်တောင် ပြင်ချင်ရင် ပြင်လို့ မရသေးဘူး "

-----------------------------------------------------

ဒဂုန်တာရာ

"စာလုံးကတော့ ကောင်းပါတယ်။ စာလုံးထဲမှာက ကောင်းတာတွေပါ ပါတယ်။ လုပ်တာကတော့ စာလုံးအတိုင်း မလုပ်တာ တွေ့ရတော့ ဝေဖန်တဲ့ အခါကျတော့ တော်တော်ကို ခက်တယ်ဗျာ။ ဒါက ပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုထားတဲ့၊ အတွေးအခေါ်ကို ကိုယ်စားပြုထားတဲ့ မူကြမ်း ဖြစ်ရမှာပေါ့။ အခုဟာက ပြည်ထောင်စု ဖွဲ့စည်းပုံပဲ။ အင်္ဂလိပ်ခေတ်မှာ ကြုံရတာက ဖွဲ့စည်းပုံရယ်လို့ ကျကျနန မရှိပါဘူး။ လုပ်ရပ်တွေကို ကြည့်ပြီးတော့ ဖွဲ့စည်းပုံကို မှန်းလို့ ရတာပေါ့။ ဟိုတုန်းကတော့ ကိုယ်တိုင် ပါတာလေးတွေ ရှိတယ်။ ဆန္ဒပြတာတို့ လုပ်ခဲ့တယ်။ အဲဒီတုန်းက လွတ်လပ်တယ်ဗျာ။ ၁၉၃၈ ခုနှစ်တုန်းက ဒီဇင်ဘာလ ၁၅ ရက်နေ့၊ ၂၅ ရက်နေ့မှာ ဆန္ဒပြတဲ့အခါမှာ ပုဒ်မ ၁၄၄ စီတန်း  လမ်းလျှောက်ခွင့် မပြုဘူး။ အဲဒီအခါမှာ ကျနော် အလံကိုင် ရတာပါပဲ။ အဲဒီတုန်းက အလံက အနီရောင်အပေါ်မှာ တူတံစဉ်ကြီးဗျာ။ ကျနော်က အလံကိုင်ရမယ့် တာဝန် မဟုတ်ဘူးဗျာ၊ ကိုကြည်မောင်က အလံကိုင်ရမှာဗျာ၊ သမဂ္ဂအမှုဆောင် ဖြစ်တယ်။ ကျနော်က သမဂ္ဂအမှုဆောင် မဟုတ်သးဘူးဗျာ"

"၁၉၃၄- ၄ဝ က ဥက္ကဋ္ဌ ကိုလှရွှေ ပေါ့ဗျာ။ သူက ဆေးကျောင်းမှာ တက်နေတယ်။  ၁၉၄ဝ-၄၁ ဥက္ကဋ္ဌက ကိုလှမောင် သံအမတ်အဟောင်း ပေါ့ဗျာ။ ပြည်ထောင်စု ဆိုတာက အင်္ဂလိပ် ဘာသာစကားက ယူထားတာကိုး။ ဖက်ဒရယ် ဆိုတဲ့ စကား၊ ဖက်ဒရယ်ရဲ့ အဓိပ္ပာယ်က အဘိဓာန်ကတဆင့်၊ နိုင်ငံရေးသိပ္ပံတွေကနေ တဆင့် သိရတာက ဖက်ဒရယ် ဆိုတဲ့ အဓိပ္ပာယ်က မတူတာတွေကို ပေါင်းထားတာဗျာ။ ခွဲထွက်တဲ့ အဓိပ္ပာယ် မဟုတ်ဘူးဗျာ။ မှတ်မိသလောက် ပြောရရင် ဘာသာရေးဂိုဏ်းတွေ ပေါင်းထားတဲ့ဟာတွေကို ပြောတာ ဖြစ်တယ်။ အဓိကကတော့ ညီညွတ်ရေးပဲဗျာ။ တကယ့် ညီညွတ်ရေးပဲဗျာ၊ ခွဲထွတ်တာ မဟုတ်ဘူးဗျာ။ ကိုယ်ကလည်း ခွဲမထွက်အောင် လုပ်ရတာပေါ့ဗျာ။ ခွဲထွက်လောက်အောင် အခြေအနေ မကောင်းရင် ခွဲထွက်မှာပဲဗျာ။ ကျနော် မှတ်မိသလောက် အမေရိကန်ကလည်း ဖက်ဒရယ်မူ ခေါ်တာပါပဲ၊ ခွဲထွက်တာ မရှိပါဘူး"

"ဆိုဗီယက် ယူနီယံက တော့ ခွဲထွက် ရှိတယ်ပေါ့။ ဆိုဗီယက် ယူနီယံရဲ့ ဥပဒေအရကတော့ ခွဲထွက်ပိုင်ခွင့် ရှိသည် rights of secession ခွဲမထွက်ပါဘူး။ အခု ပြိုသွားတာတွေကို ပြောလို့ရှိရင် စကားရှည်နေမယ်။ ယူကရိန်း၊ ဂျော်ဂျီယာက အရင်တုန်းက ဆိုဗီယက် ပြည်ထောင်စုမှာ ပါတာပေါ့။ အဲဒီတုန်းက ခေါ်တာက Soviet Socialist Republic လေ။  ကျနော့် မှတ်ဥာဏ်အရ ပြောရရင် ဖွဲ့စည်းပုံ ဆွဲတဲ့အခါမှာ ပြည်နယ် ၁၄ ခု ရှိတယ်။ အဲဒီ ပြည်နယ်တွေက ကိုယ်တိုင်ဆွဲရမှာ၊ သူတို့ အခြေအနေအရ မရေးဆွဲနိုင်ဘူးပေါ့ဗျာ"

"ကျနော် ပြောချင်တာကတော့ တပ်ပေါင်းစုတခု ဖွဲ့ပါ။ တပ်ပေါင်းစုထဲမှာ အကုန် ပါရမယ်၊ မပါတာ မရှိရဘူး။ တပ်ပေါင်းစုက  ညီညွတ်ရေးကို ပြောချင်တာပါ။ လွတ်တော်ခေါ်ပါ၊ ၁၉၉ဝ လွှတ်တော်ကို ဗိုလ်ချုပ်မှူးကြီး ဦးစောမောင် လက်ထက်က ခေါ်ထားတာ ရှိတယ်။ ရွေးကောက်ပွဲမှာ ပြောတာပဲ၊ ရွေးကောက်ပွဲမှာ ပြောတာပါပဲ၊ ဗိုလ်စောမောင်က။ မဲအနိုင်ရတဲ့သူကို အာဏာလွှဲပေးမယ်၊ အရပ်သားအစိုးရ ပြောချင်တာပါပဲ။ သူကိုယ်တိုင် ပြောတဲ့စကားပဲ၊ နောက်ကျတော့ အခြေအနေအရ ပြောင်းသွားတာပါပဲ"

"ကိုအောင်ဆန်း ရှိတယ်ဗျာ၊ ဥပဒေရေးတဲ့ အချိန်တုန်းကတော့။ ဆိုဗီယက် ယူနီယံက အခြေခံမူတွေကို ဖတ်ပြီးတော့ တချို့ဟာတွေ ထည့်ထားတာပါပဲ။ ၁ဝ နှစ်ကြာရင် ခွဲထွက်ခွင့် ရှိသည်ဆိုတာကို ရေးထားတာပါတယ်။ ခွဲထွက်နိုင်ခွင့် ရှိတယ် ဆိုတဲ့ အဓိပ္ပာယ်ကတော့ ခွဲထွက်ဖို့ ပြောတာ မဟုတ်ဘူး။ ပြည်နယ်တိုင်းက အချုပ်အခြာ အာဏာပိုင်ခွင့် ရှိတယ်။ ကမ္ဘာနိုင်ငံတွေမှာ တော်တော်များများက နိုင်ငံတွေ ပေါင်းထားတာ ရှိတယ်။ အင်္ဂလိပ်ခေတ်တုန်းက ရှမ်းပြည်ကို ခေါ်တာ Federated Shan State လို့ သုံးတယ်။ အဓိပ္ပာယ်ကောက်လို့ ရှိရင် ဖက်ဒရယ် သဘောပေါ့ဗျာ။ ၁၉၃၉ ခုနှစ်မှာ ရှမ်းပြည်ရောက်တော့ ရှမ်းပုလိပ်က အဝတ်အစားက ကာကီမှာ မဟုတ်ဘဲနဲ့ ခေါင်းပေါင်းအနီနဲ့ ယူနီဖောင်းက အပြာ ခင်ဗျာ။ အဲဒါ ဘာကို ပြသလဲဆိုတော့ ရှမ်းလူမျိုးတွေရဲ့ ဓလေ့ရိုးရာ ဖြစ်တယ်"

"ကျနော်က လွှတ်တော်ခေါ်ဖို့ ပြောတာဗျာ။ ၁၉၉ဝ မှာ လွှတ်တော်ခေါ်ခွင့် မရဘူး။ မူရင်း ရွေးကောက်ထားတဲ့ သူတွေက လျော့ကုန်ပြီ ပေါ့နော်။ အသက်ကြီးတာလည်း တကြောင်း၊ သေဆုံးသွားတဲ့သူတွေ သေဆုံး၊ အရွယ်ကြီးတဲ့ သူတွေက မလုပ်နိုင်တော့ဘူး။ စာအုပ်အဟောင်းကို သုံးချင်တယ်။ လွှတ်တော်အဟောင်းကို သုံးချင်တယ်။ လစ်လပ်တဲ့ နေရာတွေ အများကြီး။ လွတ်လပ်တဲ့နေရာမှာ ပြန်ရွေးကောက်ပွဲ လုပ်ပြီးတော့ အသစ်လုပ်၊ အကုန်လည်း ပါဝင်ပေးတဲ့ ရွေးကောက်ပွဲပေါ့။ ချန်မထားရဘူး။ အဟောင်းနဲ့ အသစ် ပေါင်းပြီးတော့ လွှတ်တော်တခု ခေါ်ပါ။ လွှတ်တော်က အာဏာအမြင့်ဆုံး ဖြစ်တယ်။ ဒေါ်အမာကတော့ ဟိုတုန်းက ထောက်ခံဖူးတယ်"

"တန်းတူရေး အားကောင်းရင် ညီညွတ်ရေး၊ ညီညွတ်ရေး အားကောင်းရင် လွတ်လပ်ရေး အားကောင်းတယ်။ ညီညွတ်ရေး အားကောင်းရင် အတိုက်အခံဆိုတာ ဝေဖန်တဲ့သူတွေ ရှိအပ်တာပဲ။ တကယ်ကို ရိုးရိုးသားသား လုပ်တဲ့သူတွေကတော့ ဝေဖန်ရေးကို ကြိုဆိုရမှာပဲ။ ကိုယ့်ကို နှိမ်ချတာ မဟုတ်ဘူး၊ ကိုယ့်ကို ဖြုတ်ချတာ မဟုတ်ဘူး။ ဖြုတ်ချလို့လည်း မရဘူး၊ လွှတ်တော် ဆိုတာ ဘယ်နေရာမဆို အများက လက်ခံမှရတာ။ မူကြမ်းကိုလည်း မထုတ်ဘူးဗျာ။ ဝယ်လို့တောင် မရဘူး။ အများဆန္ဒကို ကိုယ်စားပြုမှု ဖွဲ့စည်းပုံ ဖြစ်သင့်တာပေါ့"


    -----------------------------------------------------

 ကိုအေးလွင် (မျိုးဆက်သစ် အဖွဲ့)

"ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ဆိုတဲ့စာအုပ်ကို မဖတ်ရသေးဘူး ခင်ဗျာ။ ဆိုတော့ ကွဲကွဲလွဲလွဲ ဖြစ်မယ် မထင်ဘူးဗျာ"

"အဓိက တော့ဗျာ၊ ကျနော်တို့ လိုချင်တာက ပါတီစုံ ဒီမိုကရေစီစနစ်ကို လိုချင်တာပဲ။ အဲဒီတော့ ပါတီစုံ ဒီမိုကရေစီစနစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါလာတယ် ပေါ့နော်။ ဒါ တပါတီထဲက သွားမှာ မဟုတ်ဘူး၊ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အပိုင်းမှာ နိုင်ငံရေးပါတီ တခုထဲက ဝင်ပြိုင်ခွင့် ရတာ မဟုတ်ဘဲနဲ့ နိုင်ငံရေး ပါတီတွေဟာ လွတ်လွတ်လပ်လပ် ပြိုင်ခွင့်ရမယ်လေ။ ပါတီထောင်ခွင့် ရမယ်၊ ပြည်သူကို စည်းရုံးလို့ ရမယ်။ နောက်တခါ မဲဆွယ်စည်းရုံးခွင့်တွေလည်း ရမှာပေါ့နော်။ ဆိုတော့ ဒါ ပါတီစုံစနစ်ကို ဥပဒေအရ ပေးတယ်ပေါ့နော်"

"နောက်တချက်က ကျနော်တို့ နားလည်တာက နဝတ ရယ်၊ နအဖ ရယ်ပေါ့နော်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဆိုပြီးတော့ စစ်အစိုးရတွေ ပေါ့နော်၊ အဲဘက်မှာတော့ တော်လှန်ရေးကောင်စီ အစိုးရ ဗိုလ်ချုပ်နေဝင်း၊ နောက် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ စသည်အားဖြင့် အားလုံး ၄၆ နှစ်ရှိပြီ တပ်က အုပ်ချုပ်လာတာလေ။ တပ်က အုပ်ချုပ်နေတဲ့ ကိစ္စမှာ ပုံသဏ္ဍာန်မျိုးစုံ ပြောင်းပြောင်းပြီးတော့ ပေါ့နော်၊ မာရှယ်လောနဲ့၊ အခုနောက်ဆုံး အုပ်ချုပ်နေတဲ့ အခြေအနေတခုကို မြန်မြန် အဆုံးသတ်စေချင်တယ်ဗျာ"

"အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ဖြစ်လာတယ်။ ဖြစ်လာပြီးတော့ အဲဒီ အခြေခံဥပဒေကလည်းပဲ နိုင်ငံရေးပါတီတွေ ပြည်သူလူထုက လွတ်လွတ်လပ်လပ် ပါတီထူထောင်ခွင့် ရပြီးတော့၊ လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်ခွင့် ရပြီးတော့ ပါတီအဖွဲ့အစည်းတွေကလည်းပဲ ပါတီက ရသင့်ရထိုက်တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်း၊ ရပိုင်ခွင့်တွေပေါ့နော် ရမယ်။ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်၊ လွတ်လပ်ခွင့်တွေပေါ့ဗျာ။ အဲဒါတွေလည်း ရမယ်ဆိုလို့ ရှိရင်တော့ ဒါက ဥပဒေက ပေးတဲ့ အခွင့်အရေးတွေ ဖြစ်သွားပြီ"

"အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီစနစ်ကို ဥပဒေတရပ်နဲ့ အာမခံချက် ပေးတာမျိုးပေါ့။ ကျနော်တို့မှာ လိုအပ်နေတယ်လေ။ အဲဒီတော့ ဒီဆန္ဒခံယူပွဲကနေပြီးတော့ ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ပြည်သူတွေက တခဲနက်ထောက်ခံလို့ ၅၁ ရာခိုင်နှုန်းကျော်မယ် ဆိုရင်တော့ ကျနော်တို့ နိုင်ငံမှာ သေချာတယ်။ အဲဒါ ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းတခု အတည်ပြု ဖြစ်သွားမယ်ပေါ့နော်"

"ဖြစ်သွားပြီ ဆိုလို့ရှိရင်တော့ သူတို့ပြောတဲ့ ၂ဝ၁ဝ အထိလောက်ပဲ စစ်တပ်ရဲ့ မာရှယ်လောနဲ့ အုပ်ချုပ်မှုအောက်မှာ ကျနော်တို့ နေရတော့မှာပေါ့။ အဲလိုမှ မဟုတ်ဘူး ဆိုလို့ရှိရင်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မရှိဘူးဆိုရင် ဒီအတိုင်းပဲ မာရှယ်လောနဲ့ ဆက်သွားနေမှာပေါ့ဗျာ။ အဲဒါက မရေမရာ မသေမချာ နိုင်ငံရေး အခြေအနေကြီးကို ကျနော်တို့က ဆက်ပြီးတော့ အတည်ပြုသလို ဖြစ်မယ်"

"အဲဒီတော့ ကျနော်တို့အနေနဲ့ ပြည်သူလူထုကိုပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကျနော်တို့ကိုယ်တိုင်ပဲ ဖြစ်ဖြစ်ပေါ့၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတဲ့ လူတွေက ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေတခု ဖြစ်လာဖို့ကိစ္စမှာ ဒီမူကြမ်းကို အတည်ပြုလိုက်ရင်တော့ ဖွဲ့စည်းပုံ ဥပဒေတခု အမြန်ဆုံး ပေါ်လာမယ်။ ပေါ်လာတဲ့ ဥပဒေကလည်း ခုနက ပြောသလို စစ်တပ်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်ခွင့် ရှိနေသော်ငြားလည်း ပေါ့နော်၊ ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ၊ စီးပွားရေးအရ လွတ်လပ်ခွင့်တွေ၊ လူမှုရေးအရ လွတ်လပ်ခွင့်တွေ၊ နောက်တခုက ရပိုင်ခွင့်တွေ။ အဲဒီအခွင့်အရေးတွေ မပျက်ဘူး၊ မပျောက်ဘူး၊ မဆုံးရှုံးဘူး ဆိုလို့ရှိရင်၊ ရှေ့ဆက်ပြီး ကျနော်တို့ သွားနိုင်မယ်ဆိုရင် ဒါဟာ တိုင်းပြည်အတွက် အကျိုးရှိတယ်လို့ ကျနော်တို့က မြင်တယ်"

"ဒါကြောင့်မို့လို့ ကျနော်တို့က စစ်တပ်က ပုံသဏ္ဍန်မျိုးစုံနဲ့ ၄၆ နှစ် အုပ်ချုပ်နေတဲ့ ကာလထက်စာရင် ပိုမိုပြီးတော့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေနော်၊ ဒီမိုကရေစီ ရပိုင်ခွင့်တွေ၊ လူ့အခွင့်အရေးတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေအကြောင်းအရ ပြည်သူလူထုတရပ်လုံးရဲ့ ထောက်ခံမှုနဲ့ အတည်ဖြစ်တဲ့ ဥပဒေတခု ရလာမှာဆိုတော့ ကျနော်တို့အတွက် နိုင်ငံရေးအရ အပေါင်းလက္ခာလို့ ကျနော်တို့က နားလည်ထားတာလေ။ ဒီအတွက် ကျနော်တို့က ဆန္ဒခံယူပွဲမှာ ပြည်သူတွေကလည်း ထောက်ခံဖို့ လိုမယ်၊ ကျနော်တို့ ကိုယ်တိုင်လည်း ထောက်ခံမှာပဲ။ ဒီသဘောမျိုး ကျနော်တို့ ဆုံးဖြတ်ထားတယ်"

 -----------------------------------------------------

သခင်ချန်ထွန်း (ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့)

မေး။ နအဖ လုပ်နေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဘဘ အနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ အခုလက်ရှိ အခြေခံဥပဒေကို မြင်မှ မမြင်ဖူးဘဲနဲ့ ဘယ်သွားပြောလို့ ရမှာလဲ။ ၁ဝ၄ ချက်ထဲမှာ ပါတာကတော့ ဝန်ထမ်းများက နိုင်ငံရေး မလုပ်ရလို့ ပြောပြီးတော့ နိုင်ငံတော်လစာငွေ စားနေတဲ့ ဝန်ထမ်းများက နိုင်ငံရေးမလုပ်ရ ဆိုတဲ့ အပိုဒ် တွေ့ရတယ်။ နောက်တပိုဒ်မှာက တပ်မတော်က နိုင်ငံရေး ဦးဆောင်မှုအခန်းမှာ ပါရမယ် ဆိုတော့ အဲဒီ နှစ်ပိုဒ်မှာကိုက ဝိရောဓိ ဖြစ်နေတယ်။ နိုင်ငံတော်ရဲ့ လစာကိုစားတဲ့ လူမှန်သမျှဟာ ဝန်ထမ်း ဖြစ်တယ်။  တပ်မတော်သားများဟာလည်း ဝန်ထမ်း ဖြစ်တယ်။ အဲဒါကြောင့်မို့ ၁ဝ၄ ချက်ပါ အပိုဒ်အတိုင်း ဝန်ထမ်းတွေက နိုင်ငံရေးမလုပ်ရ ဆိုတဲ့ သဘောအတိုင်း လုပ်ချင်ရင် ဝန်ထမ်းကနေ ထွက်ပြီး လုပ်ရမယ်လို့ လက်ခံထားတယ်။ နောက် ဥပဒေက ဘယ်လိုပါမလဲ မသိဘူး။ ၁ဝ၄ ချက်ကိုတော့ ဘဘတို့ အနေနဲ့ လုံးဝ လက်မခံဘူး။ တပ်မတော်က ဦးဆောင်ရမယ်ဆိုတော့ တပ်မတော်က လခစား ဝန်ထမ်းတွေ၊ တခြားဝန်ထမ်းတွေနဲ့ တန်းတူအခွင့်အရေး ရှိရမယ်။

အာဏာသိမ်းချင်ရင် သိမ်းချင်တဲ့အခါ သိမ်းပေါ့။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း ခဏခဏ အာဏာသိမ်းနေတာပဲ။ မနှစ်ကဆိုရင် တနှစ် အာဏာသိမ်းပြီးတော့ တနှစ်ပြည့်တဲ့အခါ ရွေးကောက်ပွဲ လုပ်ပေးတော့ သူတို့မကြိုက်တဲ့ ပါတီပဲ နိုင်လာတာပါပဲ။ ပါကစ္စတန်မှာလည်း သမ္မတက ၉ နှစ်ပြည့်တဲ့ အခါကျတော့ ဒီမိုကရေစီပေးပြီး ရွေးကောက်ပွဲ လုပ်ပေးတယ်။ သူ့ကို အတိုက်အခံ လုပ်နေတဲ့ ပါတီကြီး နှစ်ခုက အနိုင်ရပြီးတော့ အစိုးရ ဖွဲ့သွားပြီပဲ။ ဒါတွေက ဒီအစဉ်အလာတွေကို စစ်အစိုးရအနေနဲ့ နည်းယူဖို့ ကောင်းတယ်။ အတုခိုးဖို့ ကောင်းတယ်၊ လေ့လာဖို့ ကောင်းတယ်လို့ အစိုးရကို တိုက်တွန်းချင်ပါတယ်။

ထိုင်း အာဏာသိမ်းပြီးတော့ အခြေခံဥပဒေ ရေးဆွဲပြီးတော့ ရွေးကောက်ပွဲ တနှစ်အတွင်း ပြီးအောင် လုပ်နိုင်တယ်။  ပါကစ္စတန်ကလည်း ၉ နှစ်အတွင်း ကမ္ဘာကနေ ချီးကျူးရအောင် ဒီမိုကရေစီကျကျ ရွေးကောက်ပွဲ လုပ်ပေးတယ်။ တိုက်လာတာကလည်း သမ္မတ စစ်ဗိုလ်ချုပ်ရဲ့ အတိုက်အခံတွေပဲ။ အတိုက်အခံပါတီတွေက တိုက်ပြီးတော့ တက်လာတာပဲ။ အဲဒါတွေကို လက်ခံတာပဲ။ အခုလည်း အဲဒီသဘောပဲ မြန်မာပြည်မှာလည်း အဲဒီလို သဘောထားကြီးကြီးနဲ့ ပါကစ္စတန်၊ ထိုင်းနိုင်ငံ စစ်ဗိုလ်ချုပ် ခေါင်းဆောင်တွေလို သဘောမျိုးကို မြန်မာပြည်က စစ်ခေါင်းဆောင်ကြီးတွေ လေ့လာဖို့ ကောင်းတယ်လို့ ပြောချင်ပါတယ်။

မေး။ ဖွဲ့စည်းပုံ အခြေခံမူကြမ်း မဝေသေးတာက ဘာသဘောလဲခင်ဗျ။

ဖြေ။ မဝေသေးပါဘူး။ သူတို့ လက်သိပ် ထိုးပေးတာပဲ ရှိပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးကို ၃-၄ အုပ် အပ်ပေးတယ်။ မစ္စတာဂမ်ဘာရီကိုလည်း ပေးတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကိုလည်း ပေးတယ်လို့ သိရတယ်။ ဘယ်နှစ်အုပ် ပေးတယ်ဆိုတာ မသိရဘူး။ ဒါပဲ လက်သိပ်ထိုးပေးတယ်ဆိုတာကို သိရတာပါပဲ။ တရားဝင် အစိုးရစာအုပ်တိုက်ကနေ ဝေချင်လည်းဝေ၊ မဝေချင်ရင်လည်း ရောင်းပေါ့။ ကမ္ဘာသိအောင်၊ တိုင်းပြည်က သိအောင် ရောင်းရမယ်လေ။ အခုအချိန်ထိ မရောင်းရသေးဘူး။ ဘဘတို့ အဲဒီစာအုပ်ကို မတွေ့ရသေးဘူး၊ မမြင်ရသေးဘူး။ စောစောက ၁ဝ၄ ချက်ကို ကြည့်ပြီးတော့ အခုဟာက ပြောနေရတယ်။ ရောင်းရင် ဘဘတို့က ဝယ်ဖို့ရာ အသင့်ပဲ။ အဲဒီအနားမှာ လူစောင့်ပြီး အသေအချာ ထားတာပါ။ ရောင်းတဲ့အချိန်မှာ ချက်ချင်း ဝယ်နိုင်အောင်အတွက်ပါ။ ရွေးကောက်ပွဲကော်မရှင်တို့ ဖွဲ့ပြီးနေပြီ။ ရွေးကောက်ပွဲ အခြေခံဥပဒေကလည်း မရှိသေးဘူး။ အဲဒီဥပဒေကို အတည်ပြုဖို့အတွက် လူထုဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲကော်မရှင်တော့ ဖွဲ့ပြီးပြီ။ ဥပဒေလည်း ထုတ်ပြီးပြီ။ ဒါပေမဲ့ အဲဒီ အခြေခံဥပဒေက အခုအချိန်ထိ မထွက်သေးဘူးဆိုတော့ ဒါက ရှေ့နောက် မညီမညွတ် ဖြစ်နေတယ်လေ။ ဒါက ‘ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ လုပ်ချင်တာ လုပ်မယ်ကွ’ ဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်။ ဒါက လူထုကို မလေးစားတဲ့သဘော သက်ရောက်နေတယ်။ လေးစား၊ မလေးစားတာတော့ မသိဘူး။ ကာယကံမြောက်ကတော့ မလေးစားတဲ့သဘော သက်ရောက်နေတယ်။ အစိုးရကလည်း လူထုကို လေးစားပါ၊ အသိအမှတ်လည်း ပြုပါလို့ တပ်မတော် ခေါင်းဆောင်တွေကို တိုက်တွန်းချင်ပါတယ်။

မေး။ မူကြမ်းကို ဘာမှန်း မသိသေးဘဲ မဲထည့်ရမယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လောက်ထိ နစ်နာနိုင်ပါသလဲ။

ဖြေ။    အများကြီးပဲ နစ်နာသွားမှာပေါ့။ အခုဟာက မူကို လက်ခံတာ၊ လက်မခံတာကို ခဏထားပါ။ လူငယ် ၈၈ မျိုးဆက်တွေ၊ ၉၆ ကျောင်းသားလူငယ်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေ၊ ဗကသ အကုန်လုံးက လက်မခံဖို့ တောက်လျှောက် စာရွက်တွေ ဝေနေတယ်။ ထို့အတူပဲ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်က အခြေခံဥပဒေ ဘယ်လောက်ကောင်းတယ်ဆိုတာကို ဝန်ထမ်းတွေ တွေ့ဆုံဆွေးနွေးပွဲတွေမှာ၊ ကြံ့ခိုင်ရေးတွေရဲ့ အစည်းအဝေးပွဲတွေမှာ အကြီးအကျယ် ပြောနေကြတယ်။ နှစ်ဖက်လုံးက။ တဖက်က ထောက်ခံမဲပေးအောင် လှုံ့ဆော်နေတဲ့ လှုံ့ဆော်ပွဲတွေ၊ တဖက်ကလည်း ဒါတွေကို ကန့်ကွက်မဲပေးကြ ဆိုပြီးတော့ လျှို့ဝှက်စွာ လိုက်စည်းရုံးနေတဲ့ သူတွေ ရှိနေတယ်။ နောင်တော့ ဘာဖြစ်လာမယ်ဆိုတာကို မသိဘူး။ အလားအလာကောင်းတဲ့ ကိစ္စမဟုတ်ဘူးလို့ ဘဘအနေနဲ့ မြင်ပါတယ်။ တိုင်းပြည်အနေနဲ့ ဒီလိုအခြေအနေတွေ မဖြစ်သင့်ဘူး။ မဖြစ်အပ်ဘူး၊ မဖြစ်ထိုက်ဘူးလို့ ပြောချင်ပါတယ်။ 

-----------------------------------------------------

နည်းမျိုးစုံဖြင့် မဲလိမ်ပါလိမ့်မည်

မေလကုန်ရက်များအတွင်း ပြည်သူဆန္ဒခံယူပွဲ လုပ်နိုင်ပေမည်။ တရုတ်ပြည်တွင် အိုလံပစ်ပွဲ လုပ်နေသော အချိန်များအတွင်း မြန်မာနိုင်ငံတွင် တည်ငြိမ်စေလိုသော ဆန္ဒရှိဟန် တူပေသည်။ ပြည်သူ့ဆန္ဒ ခံယူပွဲတွင် “ကန့်ကွက်မဲ” မရနိုင်ဟု ယူဆထားဟန် ရှိသည်။ ကန့်ကွက်မဲများဖြင့် ပြည်သူလူထုက ပယ်ချလိုက်လျှင် ရုဒ်မက် ပျက်သွားမှာ ဖြစ်ရင် အစားထိုးမည့် နောက်အစီအစဉ် တခုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေးကို  ပြန်လည် အသက်သွင်းမှာ ဖြစ်သည်။ ထို့ကြောင့် ဆွေးနွေးပွဲ စထားဟန် တူပါသည်။ ရုဒ်မက်ပျက်သွားမှ အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးညှိနှိုင်းပွဲ အမှန်တကယ် ဖြစ်ပေါ်လာနိုင်စရာ ရှိပါသည်။ ပြည်သူလူထု အနေဖြင့် ဆက်လက်စောင့်ရန် (သို့မဟုတ်) အခြေအနေကို လက်ခံရန် မလွယ်တော့မှန်း ဦးသန်းရွှေ သိရှိပြီး ဖြစ်သည်။ ယခု ဆန္ဒခံယူပွဲသည် ဆုံးဖြတ်ချက် အကြီးမားဆုံးတခု ဖြစ်သည်ဟု တပ်မတော် အစိုးရက ကြိတ်၍ လက်ခံထားပြီး ဖြစ်သည်။  အမျိုးစုံသော နည်းလမ်းဖြင့် လက်ခံအောင် ပြုလုပ်မည်သာ ဖြစ်သည်။ မဲလိမ်ခြင်း၊ ကန့်ကွက်မဲကို ထောက်ခံမဲ ဖြစ်အောင်လုပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

မောင်အောင်
ရန်ကုန်

  -----------------------------------------------------

 

ဖဒိုမန်းရှာ (ကေအန်ယူ အထွေထွေအတွင်းရေးမှူး)

 

“ဒါဟာ ဒီမိုကရေစီကို ဦးတည်တာ မဟုတ်ဘူး၊ အာဏာရှင်စနစ် ခိုင်မြဲရေးကို ဦးတည်နေတာ”

“စက်တင်ဘာလ တော်လှန်ရေးအပြီးမှာ နိုင်ငံတကာက ဖိအားက ပိုများလာတယ်။ ပြည်တွင်းမှာလည်း သူ့ကို သိပ်မခံမရပ် နိုင်တော့ဘူး ဆိုတဲ့အချက်က ထင်ရှားလာတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကုလသမဂ္ဂရဲ့ ပါဝင်မှု၊ အဲဒီအပေါ်မှာ သူတို့သွားနေတဲ့ Road Map ဟာ နိုင်ငံခြားကနေ ဖိအားတွေ မြင့်လာရင်၊ ဝင်လာရင် အတားအဆီးဖြစ်မှာ စိုးတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကိစ္စက ရှင်းတယ်။ နိုင်ငံတကာက နေပြီးတော့ သူတို့ရဲ့ Road Map ကို ဝင်ပြီး နှောင့်ယှက်တာကို သူတို့ လက်မခံဘူး။ အဲဒီတော့ သူတို့က သူတို့လမ်းကြောင်းကို သွားတော့မယ်လို့ ပြောလိုက်တာ ဖြစ်တယ်”

“ရွေးကောက်ပွဲက လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အရင်တုန်းက ၁/၉ဝ ထုတ်ထားတာ ရှိတယ်။ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သူတို့ကို ဝိုင်းမေးရမယ်။ အဲဒါကို အကောင်အထည် မဖော်ဘဲနဲ့ သူဟာနဲ့သူ နောက်ထပ် ၂ဝ၁ဝ ခုနှစ်၊ ၂ဝ၂ဝ တို့ လုပ်ချင်ရာ လျှောက်လုပ်နေလို့ မဖြစ်ဘူး ထင်တယ်”

“မေလ ရွေးကောက်ပွဲမှာတုန်းက သူတို့ တွက်ခြေ မကိုက်ဘူး။ မကိုက်တော့ မေလ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးဖို့ National Convention နဲ့ Road Map ကို စဉ်းစားတာ ဖြစ်တယ်။ အဲလို ဖြစ်တဲ့အခါကျတော့ ဒီတချီမှာတော့ နိုင်လဲနိုင်၊ ရှုံးလည်းနိုင် သူတို့ လုပ်မှာဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စ္ဂအပေါ်မှာ ကျနော်တို့ သေသေချာချာ စဉ်းစားပြီးတော့မှ ခိုင်မာတဲ့ တုံ့ပြန်မှု၊ ပြတ်သားတဲ့ တုံ့ပြန်မှုတွေ ကျနော်တို့ လုပ်ဖို့လိုတယ်”

----------------------------------------------------- 

နန်းချန်တောင်း (Shan Women's Action Network)

“သိတဲ့အတိုင်းပဲ၊ မြန်မာပြည်သူတွေက နအဖ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အကြား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုနေတာ။ ဒါပေမဲ့ ဒီနေ့ထက်တိုင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ ဦးခွန်ထွန်းဦးနဲ့ တခြား ရှမ်းခေါင်းဆောင်တွေဟာ အဖမ်းခံထားရပြီး ဆေးဝါး ကုသပေးဖို့လည်း အငြင်းခံထားရတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းထားပြီး နိုင်ငံရေး အပြောင်းအလဲနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို လုပ်နိုင်မှာတဲ့လဲ”

“မြန်မာပြည်သူတွေ လက်မခံသလို နိုင်ငံတကာကလည်း လက်ခံမှာ မဟုတ်ဘူး။ စစ်တပ်လုပ်နေတဲ့ အမျိုးသား ညီလာခံလို ဟာမျိုးကို တရားဝင်မှု မပေးလိုက်ဖို့ လိုပါတယ်”

-----------------------------------------------------

ဦးဉာဏ်ဝင်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြောရေးဆိုခွင့်ရှိသူ)

“ဒီမိုကရေစီကို ရည်ရွယ်တယ်လို့ သူတို့ ကြေညာချက်မှာ ပါတယ်နော်။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ပတ်သက်လို့ လုပ်တာတခုမှ မရှိတဲ့အတွက် ကျနော်တို့ ယုံကြည်ဖို့ ခက်နေပါတယ်။ ဘာဖြစ်လို့ ကောက်ခါငင်ကာ ကြေညာလဲဆိုတာ သဘောမပေါက်ဘူးဗျ။ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင် အဖြေက ထောက်ခံမယ်၊ ကန့်ကွက်မယ် အဖြေက နှစ်မျိုး ဖြစ်နိုင်တယ်။ ကန့်ကွက်တဲ့ဘက်က ဖြစ်နေရင် ရွေးကောက်ပွဲ ဘယ်လုပ်လို့ မရဘူး။ ရွေးကောက်ပွဲပါ တခါထဲ ကြေညာတဲ့အတွက် ထောက်ခံမဲဖြစ်အောင် တနည်းနည်းနဲ့ အတင်းအကျပ် လုပ်မှာကို ကျနော်တို့ စိုးရိမ်နေတယ်။ အခုလောလောဆယ် အများစု ပြည်သူလူထုဟာတော့ မညံ့ပါဘူး”

-----------------------------------------------------

ကိုစိုးထွန်း (၈၈ မျိုးဆက်ကျောင်းသား)

“ကျနော်တို့ ပြောချင်တာကတော့ နအဖ အစိုးရဟာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကိုတောင်မှ အကောင်အထည် မဖော်သေးဘဲနဲ့ သူတို့ တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မူကြမ်းကို လုပ်မယ့် ဆန္ဒခံယူပွဲနဲ့ အမျိုးသားညီလာခံမှာ ကျနော်တို့ ပါသင့်ပါထိုက်တဲ့ လူတွေ၊ အနိုင်ရ ၉ဝ ရွေးကောက်ပွဲရလဒ် မှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ အခြား ပါသင့်ပါထိုက်တဲ့ တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအဖွဲ့က ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်မပြုဘဲနဲ့ တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မူကြမ်းကို ကြည့်မယ်ဆိုရင် ဒါတွေဟာ လုံးဝ လက်မခံနိုင်ဘူး။ တဖက်သတ် လုပ်ဆောင်လို့ မရဘူး။ ဒါတွေကို ကျနော်တို့က ဒီနေ့ ကြေညာထားပြီး ဖြစ်တယ်။ ကျနော်တို့ ၈၈ ကျောင်းသားများအဖွဲ့က ဒီလုပ်ဆောင်ချက်မျိုးတွေကို လက်ခံမှာ မဟုတ်ဘူး။ လူအားလုံး လက်ခံနိုင်တဲ့၊ အများသဘောတူ ပါဝင် ရေးဆွဲထားတဲ့ နိုင်ငံသားတွေတိုင်းရဲ့ တဦးချင်းစီရဲ့ အခွင့်အရေးကို အာမခံနိုင်တဲ့ အနာဂတ်မှာ အရေးကြီးတဲ့ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရာမှာ အားလုံး ပါဝင်ဖို့လိုတယ်။ အားလုံးပါဝင်ဖို့ လိုတာကို တဖက်သတ် ရေးဆွဲမှုနဲ့ တဖက်သတ် ပြဋ္ဌာန်းတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းကို ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်”

“လမ်းပြမြေပုံ ၇ ရပ်အတိုင်း သွားမယ်လို့ သူတို့ ပြောခဲ့တာရှိတယ်။ အဲဒီအတိုင်း အကောင်အထည်ဖော်တာ ဖြစ်တာပေါ့။ ကျနော်တို့ မြန်မာပြည်တွင်းမှာ ရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်ကို အလေးအနက် ပြောနေတယ်။ ထပ်တလဲလဲ အကြိမ်များစွာ ပြောနေတယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ပါဆိုတဲ့ နိုင်ငံတကာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မိသားစုရှိတဲ့ ဆန္ဒတွေကိုပါ ဆန့်ကျင်ပစ်ပယ်ရာ ရောက်တဲ့သဘော၊ ပြောင်ပြောင်တင်းတင်း ပြောလိုက်တဲ့ သဘောလည်း ဖြစ်တယ်ပေါ့ဗျာ”

“လူထုကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ငြိမ်းချမ်းစွာ သံဃာတော်တွေ မေတ္တာပို့ ဆန္ဒထုတ်ဖော်တဲ့ ပွဲမှာ သူတို့ အကြမ်းဖက်ပြီးတော့ တကယ် သတ်ဖြတ်တဲ့အတွက် ပြည်သူလူထုကတော့ အစိုးရအပေါ်မှာ နာနာကျင်ကျင်နဲ့ အနိဋ္ဌာရုံတွေဟာ ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဘူး။ ဒါနဲ့ သူတို့က ဒါကို လိုက်ပြီးတော့ ခြိမ်းခြောက်မူတွေ လုပ်တယ်။ သူတို့ ကြံ့ခိုင်ရေးတွေ၊ စွမ်းအားရှင်တွေ၊ မီးသတ်တွေ၊ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေ အင်အားသုံးပြီးတော့ လုပ်မယ်ဆိုရင်တော့ ပြည်သူလူထုက အဲဒီအချိန်မှာ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ရဖို့ပဲ ရှိပါတော့တယ်။ အဲဒီအပေါ်မှာ အမှန်တရားဘက်က ရပ်မလား၊ အဓမ္မဘက်က ရပ်မလား။ ကျနော်တို့ ဆွေမျိုးတမျိုးလုံးကို ကျွန်ပြုအုပ်ချုပ်တော့မယ် အခြေခံဥပဒေ မူကြမ်းတခုကို ကျနော်တို့ လက်ခံမလား၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ကိုယ့်အခွင့်အရေးတခု ကိုယ့်ရဲ့ လွတ်လပ်မှု၊ ကိုယ့်ရဲ့ဘဝ၊ ရေရှည်အနာဂတ်၊ ကိုယ့်ရဲ့ သားစဉ်မြေးဆက် ဘဝတွေကို အာမခံနိုင်တဲ့၊ ကိုယ့်လိုချင်တဲ့ စနစ်ခေတ်သစ် တရပ်ကို ကိုယ်တိုင် ဖန်တီးရမလား၊ အဲဒီအတွက်ကို ကျနော်တို့ ဘယ်လောက် ကျနော်တို့ စွန့်လွတ်ဖို့ လိုတယ်။ ရဲရဲဝံ့ဝံ့ အမှန်တရားဘက်က ရပ်တည်ခဲ့ကြမလဲ။ ငြင်းပယ်ရဲကြမလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်”

“ပြည်သူလူထုတရပ်လုံး အခုအချိန်မှာ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရော၊ အန်အယ်ဒီ အဖွဲ့ချုပ် အပါအဝင် ကျနော်တို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အားလုံးကလည်း အလေးအနက် တိုက်တွန်းနေကြတယ်။ သွေးမြေကျမှု အနည်းဆုံး၊ တိုင်းပြည်မှာ ငြိမ်းချမ်းစွာနဲ့ အမျိုးသား ကြေပြုန်းမှု အနည်းဆုံး၊ အားလုံး စုပေါင်းအဖြေရှာဖို့ လိုပါတယ်။ အခုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကနေ ပြောလိုက်တာကလည်း တွေ့ဆုံဆွေနွေးရေးဟာ အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ ပြဿနာဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝဖြိုးစေဖို့ ပြည်ထောင်စုရဲ့ ထာဝရ ငြိမ်းချမ်းရေးနဲ့ ရေရှည်ပညာရေးကို အာမခံချက် ပေးနိုင်ဖို့အတွက်က တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အရေးကြီးတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ ဒါကို နအဖ အစိုးရက မျက်ကွယ်ပြုပြီးတော့ သွားနေတဲ့အတွက် ပြည်သူလူထုက အဆိုးဆုံး အတွက်ကို ရင်ဆိုင်ဖို့ ပြင်ထားကြရပါတော့မယ်။ အဲဒီအတွက် ကျနော်တို့ အခြေခံဥပဒေ မူကြမ်းအရ ဆိုရင်လည်း တပ်မတော်ကနေ အစစအရာရာ တတိုင်းပြည်လုံး အုပ်ချုပ်နိုင်တဲ့ သူ့ရဲ့ ဗျူဟာ၊ သူ့ရဲ့ စစ်ကျွန် ဇာတ်သွင်းရေးဟာ ဖြစ်နေပါပြီ။ အဲဒီအတွက်ကြောင့် ကျနော်တို့တွေဟာ ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ လှပဖို့၊ ကျနော်တို့ အဖိုး၊ အဖေ၊ အမေတွေ လက်ထက်က မပြောင်းလဲခဲ့ကြဘူး။ ဘဝတွေက ဆိုးသထက် ဆိုးလာနေပြီ။ အဲဒီတော့ ကျနော်တို့ သားစဉ်မျိုးဆက် ဘဝတွေ ဆိုးသထက် မဆိုးရဖို့အတွက်၊ အနာဂတ်ဘဝတွေ လှပဖို့အတွက်ကို ရဲရဲဝံ့ဝံ့နဲ့ တဦးချင်းတယောက်ချင်း တာဝန်ယူဖို့ ဖိတ်ခေါ်ချင်တယ်။ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲဖို့၊ ငြင်းပယ်ရဲကြဖို့ပဲ လိုပါတော့တယ်”

 

 

(အယ်ဒီတာ။    ။ ဆက်လက်၍လည်း ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းမှုများအား တင်ပြသွားပါမည်။ စာဖတ်သူလည်း သင်၏ အမြင်ကို အီးမေးလ်မှတဆင့်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ပေးပို့၍ ပြန်လည် ဆက်သွယ် မေးမြန်းစေခြင်းဖြင့် ဖြစ်စေ ပေးပို့နိုင်ပါသည်။)

 

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved