|
မဲရလာဒ်ထုတ်ပြန်ရန် နောက်ကျနေခြင်း မဲလိမ်ရန် အချိန်ယူနေခြင်းဖြစ်ဟု ရှုံ့ချ |
|
|
|
မုံပီး
|
|
တနင်္ဂနွေနေ့၊ မေလ 11 2008 19:03 - မြန်မာစံတော်ချိန် |
နယူးဒေလီ။ ။ ပြည်သူလူထုအမြောက်အများ ပါဝင်မဲထည့်ခြင်းကြောင့်စနေနေ့တွင် ဆန္ဒခံယူပွဲ အောင်မြင်စွာ ပြီးဆုံးသွားသည်ဟု စစ်အစိုးရမှ ပြောသော်လည်း မဲရလာဒ်အားထုတ်ပြန်ခြင်းမရှိသေးပေ။
အချို့မဲရုံများတွင် မဲရုံမှူးများ မဲရေတွက်သော်လည်း မဲအများစုမှာ အိတ်အတွင်းထည့်ပြီး မြို့နယ်မဲရုံမှူးများထံ ပေးပို့လိုက်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း ရှိ မန္တလေးတိုင်း မြင်းခြံမြို့တွင် မဲရုံပိတ်ပြီးနောက်ပိုင်း မဲရုံမှူးများသည် မဲများကို ရေတွက်သော်လည်း အဖြေကိုထုတ်ပြန်ခြင်း မရှိဟု ဒေသခံက ပြောသည်။
Mizzima မှ မြန်မာနိုင်ငံအနှံ့အပြားသို့ ဆက်သွယ်မေးမြန်းချက်များအရ မဲရုံမှူးအများစုသည် မဲများကိုရေတွက်ခြင်းမပြုပဲ မဲများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်များသို့ ပေးပို့သည်ဟု သိရသည်။
ဖေဖော်ဝါရီလတွင် ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေသည် မဲရလာဒ်များကို မည်သည့်အချိန်တွင် ထုတ်ပြန် ကြေညာမည်ဆိုသည်ကို ထည့်သွင်းရန် ပျက်ကွက်ခဲ့သည်။ သို့သော် စစ်တပ်၊ အစိုးရအမှုထမ်း၊ ကျန်းမာရေးဝန်ထမ်းများ နှင့် အဝေးရောက်နိုင်ငံသားများအတွက် မည်သို့မည်ပုံ မဲပေးရမည်ကို ထည့်သွင်းခဲ့သည်။
ဆန္ဒခံယူပွဲကော်မရှင်မှ နိုင်ငံတလွားမဲများကို ပေါင်းပြီးလျှင် ရလာဒ်ကို ကြေညာမည်ဟု ဆန္ဒခံယူပွဲ ဥပဒေတွင် မထင်မရှား ဖော်ပြထားသည်။
ဤသည်က စစ်အစိုးရသည် မဲရလာဒ်များကို သူတို့လိုချင်သည့် အဖြေအတိုင်းရအောင် ပြောင်းလွယ်ပြင်လွယ် လုပ်ထားသည်ဟု ချင်းမိုင်အခြေစိုက် မြန်မာ့အရေးလေ့လာ သူ ဦးဝင်းမင်းက ဆိုသည်။
ဆန္ဒခံယူပွဲဥပဒေတွင် မဲရုံများပိတ်ပြီးနောက်ပိုင်း မဲများကို မဲရုံမှူးများက အနည်းဆုံး လူ ၁ဝ ယောက် ရှေ့တွင် ရေတွက်မည်ဟု ဖော်ပြသည်ဟု သူက ဆက်ပြောသည်။
သူတို့ဘာသာသူတို့ ဥပဒေ ကို ချိုးဖောက်နေကြတယ် ဟု သူကဆက်သည်။
မုန်တိုင်းဒါဏ် ဆိုးရွားစွာခံရသော ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲကို ရွေ့ဆိုင်းထားသဖြင့် နောက်ဆုံးမဲရလာဒ်များကို မေလ ၂၄ နောက်မှ ကြေညာလိမ့်မည်ဟု ဦးဝင်းမင်း ကပြောသည်၊
"ဒါပေမယ့်ကျနော်တို့ ဘယ်လိုမှမသိနိုင်ဘူး အကယ်၍ စစ်အစိုးရက လက်ရှိအဖြေကိုကျေနပ်ရင် သူတို့မုန်တိုင်းဒါဏ် ခံရတဲ့နေရာတွေရဲ့ အဖြေကိုတောင်မစောင့်ပဲ အချိန်မရွေး ကြေညာနိုင်တယ်" ဟု ဦးဝင်းမင်းကပြောသည်။
မုန်တိုင်းဒါဏ်ခံရသည့် ၁ ဒဿမ ၅ သန်း လူဦးရေအား ဂရုမစိုက်ပဲ စနေနေ့ ဆန္ဒခံယူပွဲ အားဆက်လုပ်သဖြင့် စစ်အစိုးရအား ဝေဖန်ပြစ်တင်မှုများ များပြားခဲ့သည်။
မုန်တိုင်းဒုက္ခသည်များအား ခိုလှုံရန် အမိုးအကာများ ဆောက်လုပ်ရမည့်အစား မဲရုံများအပူတပြင်း ဆောက်နေခြင်းအား အရူးများ၏ လုပ်ရပ်ဟု ဘားမားကန်ပိန်း ဒရက်တာ ဖြစ်သူ မာ့ခ်ဖာမနာက ပြောသည်။
၁၄ နှစ်ကြာ ရေးဆွဲထားသော အခြေခံဥပဒေ မူကြမ်းအား ထောက်ခံမဲများက အနိုင်ရရှိသည်ဟု စစ်အစိုးရကြေညာသော်လည်း မိမိအံ့သြလိမ့်မည် မဟုတ်ဟု သူက ဆက်သည်။
"ကျနော်ကအံ့သြမှာ မဟုတ်ဘူး သူတို့တွေက သူတို့လိုချင်သလို မဲလိမ်မှာပဲ ဆိုတော့ ထောက်ခံမဲ အများစုထွက်လာလိမ့်မည်လို့ ကျနော် မျှော်လင့်ထားတယ်"
|