|
ရန်ကုန်နှင့် မုန်တိုင်း အထူး |
|
|
မဇ္ဈိမသတင်းဌာန
|
|
အင်္ဂါနေ့၊ မေလ 13 2008 11:56 - မြန်မာစံတော်ချိန် |
|
ရန်ကုန်မြို့ နေရာအချို့ လျှပ်စစ်မီးလာသည်ဟု ပြောဆိုသော်လည်း သတင်းစာပါ အချက်အလက်များ ကွဲလွဲနေ
အစိုးရထုတ် သတင်းစာများတွင် ရန်ကုန်မြို့ နေရာအများအပြားကို လျှပ်စစ်မီးများ ပြန်လည် ပေးဝေနေပြီဟု ရေးသား ဖော်ပြထားသော်လည်း
သတင်းစာများတွင် ဖော်ပြထားသော သတင်း အချက်အလက်များမှာ ကွဲလွဲမှုများရှိနေသေးကြောင်း ဒေသခံများက ပြောကြသည်။
ရန်ကုန် မြို့လယ်ပိုင်းနှင့် မြို့နယ်အချို့တွင် လျှပ်စစ်မီးများ ပြန်လည် ရရှိနေပြီဟု ရေးသားမှုများအပေါ် သတင်းစာတွင် မိမိတို့ မြို့နယ် ပါရှိသော်လည်း အမှန်တကယ် လျှပ်စစ်ဓာတ်အား မရရှိသေးသော မင်္ဂလာတောင်ညွန့်၊ တာမွေမှ ရပ်ကွက်များ၊ ပုဇွန်တောင် ရပ်ကွက်အချို့နှင့် သင်္ဃန်းကျွန်း စသည့် မြို့နယ်များမှ ဒေသခံများက မကျေမနပ် ပြောဆိုကြသလို လသာမြို့နယ်တွင် လမ်းအချို့ မီးလာနေသော်လည်း ထိုသို့ လျှပ်စစ်မီး ရရှိသည့် လမ်းများအနေဖြင့် သက်ဆိုင်ရာ ရယကနှင့် လျှပ်စစ် ၀န်ထမ်းများကို အလှူငွေသိန်းချီ ပေးလိုက်ရသည် ဟုလည်း ပြောဆိုနေကြသည်။ ထိုသို့ ငွေပေးမှ မီးလာသည်ဟု ပြောဆိုမှုများသည် အတည်မပြု နိုင်သေးသည့်တိုင် မီးရရှိသည့်နေရာတိုင်းလိုလိုမှ ကြားနေရသော သတင်းများ ဖြစ်နေသည်။
ယခု ရက်ပိုင်းအတွင်း မြန်မာ့လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ၀န်ထမ်းများဖြင့် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်နေသည်ကို တွေ့နေရသော်လည်း စက်ပိုင်းဆိုင်ရာ အားနည်းခြင်း၊ လူအင်အား နည်းခြင်း၊ထိရောက်သော စီမံမှုများ မရှိခြင်း၊ လက်ရှိ အသုံးပြုမည့် ဓာတ်တိုင်များတွင် အရည်အသွေး မပြည့်မီခြင်းကြောင့် ကျိုးပဲ့သွားခြင်း၊ ဆက်လက်၍ထိုအမျိုးအစားများသာ ပြန်လည် အသုံးပြုနေခြင်းများကြောင့် လုပ်ငန်း တွင်ကျယ်မှု မရှိပေ။
လေးထောင့်ကန် ဒုက္ခသည်များ ထိရောက်သော အကူအညီမရသေး
ရန်ကုန်မြို့ လေးထောင့်ကန်မှ နာဂစ်မုန်တိုင်းခံ ပြည်သူများမှာ ထိရောက်သော ကူညီမှုများ မရရှိကြောင်း သိရသည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် နေအိမ်အပါအ၀င် ပစ္စည်းအများအပြား ဆုံးရှုံးသွားရသဖြင့် နီးစပ်ရာ အထက်တန်းကျောင်းများ၊ မူလတန်းကျောင်းများသို့ပြောင်းရွေ့ နေထိုင်ခဲ့ကြရပြီး ယခုအခါ သက်ဆိုင်ရာ ကျောင်းများမှ နှင်ထုတ်သဖြင့် မိမိတို့၏ ပျက်စီးနေသော နေအိမ်များသို့ တဖန်ပြောင်းရွှေ့နေကြရသည်။
မုန်တိုင်းဒဏ် ခံရပြီးနောက် ပထမအဆင့် ဆန် ၄ လုံးနှင့် ငါးပိ တထုပ်၊ ဒုတိယ ဆန် ၁ ပြည် ငါးပိ တထုပ်၊ ဆီ ၅ ကျပ်သားကို ရရှိပြီးနောက်ပိုင်း မည်သည့်အထောက်အပံ့မျှ ဆက်လက် မရရှိသည့် အကြောင်း ဒုက္ခသည်များက ပြောသည်။ အနီးအနားရှိ အလှူရှင်များမှ ထမင်းကျွေး မွေးမှုများရှိ၍သာ အနည်းငယ် အဆင်ပြေ နေကြောင်းလည်း သိရသည်။
ယခုအခါ မိုးများ ပြန်လည် ရွာသွန်းလာခြင်းကြောင့် အမိုးအကာ အလုံအလောက် မရှိခြင်း၊ သန့်ရှင်းသည့် သောက်သုံးရေ မရရှိသေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မရရှိသေးခြင်း၊ စားဝတ်နေရေး ခက်ခဲနေခြင်း များကြောင့် မကြာခင်တွင် ရောဂါဘယများ ကျရောက်နိုင်မည့်
အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။
သွပ်ပြားတွေက ဈေးအမျိုးမျိုး
သွပ်မိုး လန်သွားသော ပြည်သူများအတွက် ရပ်ကွက်များအတွင်း စာရင်းကောက်ယူကာ သက်ဆိုင်ရာမှ သွပ်ပြားများ ရောင်းချပေးနေသော်လည်း သွပ်ရောင်းချသည့် ဈေးမှာ အမျိုးမျိုး ဖြစ်နေသည်။
သက်ဆိုင်ရာ ရပ်ကွက် ရုံးများတွင် ရောင်းချသည့် နှုန်းများမှာ ပုသိမ်ညွန့်တွင် တချပ် ကျပ် ၄၀၀၀ ၊ ကျောက်မြောင်းတွင် ၅၅၀၀ ၊ ပုဇွန်တောင် ၄၈ဝဝ နှုန်း ဖြစ်နေသဖြင့် မည်သည့် ဈေးသည် အမှန်ဖြစ်ကြောင်း မသိရပေ။
သို့သော် အဆိုပါ သွပ်ချပ်များကို သက်ဆိုင်ရာမှ ဈေးနှုန်း တမျိုးထဲနှင့်သာ လာရောက် ချထားပေးကြောင်း သိရသည်။
နာဂစ် မုန်တိုင်းကြောင့် နေရာအများအပြားတွင် သွပ်မိုးများ ပျက်စီးခဲ့ရသဖြင့် မုန်တိုင်းပြီးခါစ ရက်များတွင် သွပ်ဈေး၊ သံဈေးများမှာ သွပ်တချပ် ၂၀၀၀၀ ခန့်၊ သွပ်သံ တပိဿာ ၃၀၀၀၀ ခန့် ဈေးတက်ခဲ့ရသည်။
ပေးတော့ပေးတယ် သွားရင်ကုန်ပြီ
ရန်ကုန်တွင် စားသောက်ကုန်များ ဈေးတက်နေသော်လည်း ပုံမှန်ဈေးသာ အစိုးရဘက်မှ ရောင်းချနေသော်လည်း သွားရောက် ၀ယ်ယူတိုင်း ကုန်နေသည်နှင့်သာ ကြုံနေရကြောင်း အိမ်ရှင်မများက မကျေမနပ် ပြောကြသည်။
ကြက်ဥတလုံး ၁၂၀ ကျပ်၊ ဆန်တပြည် ၇၀၀၊ ဆီ တဆယ်သား ၂၅၀ ဖြင့် ရောင်းချနေသည်ဟု ကြားနေရသော်လည်း အချိန်တို ခဏလေးသာ ရောင်းချနေပြီး တန်းစီ ၀ယ်ယူနေရကာ တဦးလျှင် အကန့်အသတ်ဖြင့် ရောင်းချနေသည့်တိုင် မကြာခင်တွင် ကုန်သွားလေ့ ရှိကြောင်းနှင့် သတင်းအတွက် ဓာတ်ပုံရိုက်ပြီးလျှင် ဆက်လက် ရောင်းချလေ့ မရှိတော့ကြောင်း သိရသည်။
ဥပမာ- မဟာဗန္ဓုလလမ်းတွင် ရောင်းချသည် ဆိုပါက အနီးအနားမှ လူ ၂၀-၃၀ ခန့် ရောင်းပြီးပါက ဓာတ်ပုံရိုက်ပြီး ဆက်လက်ရောင်းချခြင်း မရှိတော့ကြောင်းနှင့် ရပ်ကွက်များတွင်လည်း သက်ဆိုင်ရာ ရပ်ကွက်ရုံး အနီးတ၀ိုက်ရှိ အိမ်အချို့ကိုသာ ရောင်းချပြီး ဆက်လက်ရောင်းချခြင်းမပြုကြောင်း ရက်ကွက် တော်တော်များများမှ အိမ်ရှင်မများက တခဲနက် ပြောဆိုနေကြသည်။
|
|
သူတို့စကား
"နာဂစ်မုန်တိုင်း၏ ပျက်စီးဆုံးရှုံးမှု သေဆုံးခဲ့ရမှုများကို သင်ခန်းစာရယူပြီး ယခင်က ဖြစ်သလိုနေ၊ ဖြစ်သလိုစားသည့် စိတ်ဓာတ်ကို ပယ်ဖျက်ကာ လုံ့လဝီရိယထား၍ အလုပ်ကို ကြိုးစားလုပ်ကြစေလိုကြောင်း"
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်
ဖျာပုံမြို့နယ် ခရီးစဉ်အတွင်း ပြောကြားချက်
ARCHIVE
-
မေလ, 2008
-
ဧပြီလ, 2008
-
မတ်လ, 2008
-
ဖေဖေါ်ဝါရီလ, 2008
-
ဇန်နဝါရီလ, 2008
-
ဒီဇင်ဘာလ, 2007
-
နိုဝင်ဘာလ, 2007
-
အောက်တိုဘာလ, 2007
-
စက်တင်ဘာလ, 2007
-
သြဂုတ်လ, 2007
|