အထူးကဏ္ဍ ၈ လေးလုံး အထူး ဒို့ခေတ်ကြမှ ညံ့ကြတော့မှာလား ...
ဒို့ခေတ်ကြမှ ညံ့ကြတော့မှာလား ... Print E-mail
မင်းဟန်   
စနေနေ့၊ သြဂုတ်လ 02 2008 13:35 - မြန်မာစံတော်ချိန်

(၈၊၈၊၂၀၀၈တွင် ကျရောက်သည့် (၂၀) နှစ်မြောက် (၈)လေးလုံး အထိမ်းအမှတ် ရေးဖွဲ့ပါသည်)

အရေးတော်ပုံလ

ဤလကား အရေးတော်ပုံ "လ" ဟူ၍ ကမ္မည်းထိုးရမည်ပင် ----။ လွန်ခဲ့သည် ၁၉ နှစ် သြဂုတ်လ၌ မြန်မာနိုင်ငံ တ၀ှမ်းလုံးတွင် အုပ်စိုးမှု ဆန့်ကျင်သည့် လူထု အရေးတော်ပုံကြီးများဖြင့် မြန်မာသမိုင်းအား ရေးထိုးခဲ့ကြသည်။ ဖိနှိပ်သူအား တော်လှန်သည့် လူထုတိုက်ပွဲ ဖြစ်သည်။ ၁၃၅၀ ပြည့် ဒီမိုကရေစီ အရေးတော်ပုံကြီး-----။ ကျောင်းသားများက စသည်။ အလုပ်သမားတို့ ပါလာ၏။ လယ်သမားတို့ မနေသာ ပါလာကြ၏။ ရဟန်း၊ သံဃာများလည်း ပါဝင်ကြ၏။ လူတန်းစား ပေါင်းစုံ၊ အလွှာပေါင်းစုံ ပါဝင်လာကြသည်။ အိမ်ရှင်မများလည်း မနေသာ စကောများ၊ ငရုတ်ကျည်ပွေ့များ ကိုင်၍ ပါခဲ့ကြ၏။ နောက်ဆုံး ---- ဖိနှိပ် အုပ်စိုးသူ၏ ဖိနှိပ်ရေး ကိရိယာများ ဖြစ်သည့် လက်နက်ကိုင် တပ်ဖွဲ့ပင် ပါဝင်လာခဲ့ကြ၏။ မြန်မာ့သမိုင်း၌ ဂုဏ်ရောင်ပြောင်သည့် ကြီးမားသော တိုက်ပွဲကြီး ဖြစ်၏။ ၂၆ နှစ် ခိုင်မြဲခဲ့သည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကျဆုံးခဲ့ရသည်။ ဗိုလ်ချုပ်နေ၀င်း၏ နေ၀င်ချိန် ဖြစ်ခဲ့၏။ ဒီမိုကရေစီ တံခါးအား တွန်းဖွင့်နိုင်ခဲ့ကြ၏။ မမေ့ -----။ ၁၉ နှစ် ကြာခဲ့သော်လည်း နှလုံးသားအတွင်း စွဲနှစ်၍နေဆဲ----။ အသွေးအသားထဲတွင် စီးမျော၍နေဆဲ----။ လမ်းမများထက် သွေးတို့က မခြောက်သေး။ ကျဆုံးသူ အာဇာနည် အထောင်အသောင်းတို့၏ အရိုးများက တွန်၍နေလေပြီ။

လွတ်မြောက်ရေး တိုက်ပွဲများ၏ အစက ၁၉၂၀ ကျောင်းသားသပိတ်က ဟူ၍ သမိုင်း စကားဆိုရမည်။ လက်ဆင့်ကမ်း ပြေးပွဲကဲ့သို့ လွတ်မြောက်ရေး တိုက်ပွဲအလံအား အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြသည်။ လူ့တန်ဖိုးပီသစွာဖြင့် သမိုင်းတွင် သူဖြတ်သန်းခဲ့ရသည့် သမိုင်း ခေတ်များ၌ အလံငယ်အား လှမ်းယူ ဆုပ်ကိုင်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ်ထိ ----။

ဆရာမောင်သုမန (အိုးဝေ ဦးညိုမြ) က အိုးဝေဂျာနယ်တွင် `" ငါကား မသိနိုင်`" အမည်ရှိ ဆောင်းပါးတပိုဒ်အား ရေးခဲ့သည်။ ဆောင်းပါးတွင် ၁၉၂၀ ခုနှစ် ကျောင်းသားသပိတ် ခေါင်းဆောင်များနှင့် တွေ့ဆုံထားသည်တို့အား ဖော်ပြထား၏။ ၁၉၂၀ ကျောင်းသားသပိတ် ခေါင်းဆောင် ဦးလူဖေ၀င်းနှင့် တွေ့ဆုံထားသည်ကို ကောက်နုတ် ဖော်ပြလိုသည်။ ထိုအချိန်တွင် ဦးလူဖေ၀င်းသည် အသက် (၇၀) ခန့်ရှိပြီ။ ဦးလူဖေ၀င်းက ၁၉၂၀ခုနှစ် ကျောင်းသား သပိတ်ကောင်စီ ၂၅ ဦးအဖွဲ့တွင် ပါဝင်သူ ဖြစ်သည်။ ဦးလူဖေ၀င်းက ဤသို့ပြော၏။

" သူတို့ခေတ်ခေါင်းဆောင် ဦးဘဦးမှစပြီး သပိတ်ကောင်စီ အဖွဲ့ဝင်တိုင်းဟာ ခြောက်ပစ်ကင်း မဟုတ်ဘူး။ ဒါပေမယ့် အချင်းချင်း အင်မတန် သည်းခံလေ့ ရှိတယ်။ ခွက်စောင်းခုတ်မှု အလျဉ်းမရှိဘူး။ အချင်းချင်း သိက္ခာ ထိန်းသိမ်းနိုင်ခဲ့ကြတယ်။ ဒါကြောင့် ကွဲပြဲနေတဲ့ ဂျီစီဘီအေ က နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ အပေါ်တောင် ကျောင်းသားသြဇာ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အင်မတန် စည်းကမ်းလည်း ကောင်းကြသတဲ့-----`"

ဝေဖန်ဖို့နှင့် ဆင်ခြင်ဖို့ဟု ပြောရမည်လား။

ပြီးလျှင် ဆရာမောင်သုမနက ---- ။

"ဟိုခေတ် ဟိုအခါက ဆရာဦးလူဖေ၀င်းတို့က အချင်းချင်း ညီညွတ်ပြသ နိုင်ခဲ့ကြသော်လည်း အခြားခေတ် နောင်အခါများတွင်တော့ (ငါကား မသိနိုင်) ပေါ့" ဟူ၍ ရေးထား၏။ ထားတော့ -----။ ကိုင်း ---- ကျနော့်တို့ ခေတ် ကျနော့်တို့ အခြေအနေမှာကော (ငါကား မသိနိုင်)လား -----။ ကြည့်ကြရအောင် -----။

မအေးအေးမာ

မအေးအေးမာက ၁၉၈၈ ခုနှစ် (၈)လေးလုံး အရေးတော်ပုံကြီး အတွင်း၌ အထက်တန်း ကျောင်းသူတစ်ဦး ဖြစ်သည်။ ဒဂုံ (အ ထ က -၂) မှ ဖြစ်၏။ နေတော့ တောင်ဥက္ကလာပမှာ နေသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် တဦးအနေ နှင့် ပခုံးပေါ်ရောက်လာသော သမိုင်းခေတ်၏ တာဝန်အား ထမ်းပိုးခဲ့သည်။ ပြီးနောက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသို့ ၀င်ရောက်ခဲ့သည်။ ထိုမှ ---- လွတ်မြောက်နယ်မြေသို့ ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ရဲမေတစ်ဦး ဖြစ်လာသည်။ ယခုမူ ---- အမျိုးသမီးရေးရာ လှုပ်ရှားမှုများအား ဆောင်ရွက်ရင်း ဗီအိုအေ မြန်မာပိုင်းဆိုင်ရာ သတင်းထောက်လည်း လုပ်ကိုင်နေ၏။ သတင်းစာဆရာတဦး ဖြစ်၍လားမသိ ----။ (၈) လေးလုံး အရေးတော်ပုံကြီးအတွင်း မိမိ၏ အတွေ့အကြုံများအား ပြန်ပြောင်း၍ ပြောဆိုရာ၌ တိုတိုနှင့် ရှင်းရှင်းပင် ပြောပြသွား၏။

"ကျမတို့ မြို့နယ်မှာ ဒီ (၈) လေးလုံး အရေးအခင်း ဖြစ်ပွားတာကို တွေ့ကြုံရတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ အသတ်ခံရတယ်။ အဲဒီလိုတွေ ဖြစ်လာတဲ့အခါမှာ ကျမစိတ်က မခံမရပ်နိုင်ဘူးဆိုတဲ့ ပုံစံတွေ ဖြစ်လာတယ်။ ဒီလိုမျိုး သတ်တာဖြတ်တာတွေ သေနတ်နဲ့ပစ် သွားတာတွေကို တွေ့ရပါတယ်။ စစ်တပ်က ၀င်လာပြီ ဆိုတာနဲ့ လူတွေက သူတို့ကို ဂျင်ကလိနဲ့ ချောင်းပစ်တဲ့ သူတွေ ရှိတယ်။ အဲ့ဒီလိုမျိုးတွေ ဖြစ်တဲ့အခါကျတော့ စစ်တပ်ကလည်း ညအချိန်မတော် ထွက်တဲ့သူတွေ တွေ့ရင် ပစ်သတ်လိုက်တယ်။ ဘယ်သူပဲဖြစ်ဖြစ် ပစ်လိုက်တာ ဖြစ်တယ်။ တချို့ကျတော့ အဲဒီအချိန်မျိုးမှာ ဈေးဝယ်တာမျိုးတွေ ရှိကြတယ်။ စားစရာမရှိလို့ ဆန်ထွက်ဝယ်တာတွေ ရှိတယ်။ စစ်တပ်က ဘာရယ်မဟုတ်ဘူး မဲမဲမြင်ရင် အကုန်ပစ်။ ကျမ အရှေ့မှာပဲ သေသွားတဲ့ဟာမျိုးတွေ တွေ့ရတယ်။ တွေ့ရတဲ့အခါ ဒီအပေါ်မှာ ကျမခံပြင်းတာ ဖြစ်တယ်။ စစ်ကားတွေ ဘာတွေလာမယ် ဆိုရင်လည်းပဲ တခုခု လုပ်ချင်တယ်ပေါ့။ အဲဒီကာလမှာ ရှိတဲ့ဟာက ဂျင်ကလိ ပေါ့။ ဂျင်ကလိနဲ့ ပစ်တာပဲဖြစ်ဖြစ် ကျောက်ခဲနဲ့ ပေါက်တာပဲဖြစ်ဖြစ် တခုခု လုပ်ချင်တာမျိုးပေါ့။ ဒီအထဲမှာ ပါဝင်လာတာကတော့ ကိုယ့်ညီအစ်ကို မောင်နှမလည်း ဘာမှဖြစ်လို့ မဟုတ်ဘူး။ ကိုယ့်ဆွေမျိုး အသိုင်းအ၀ိုင်းကလည်း ဘာမှဖြစ်လို့ မဟုတ်ဘူး။ ကျမက အစိုးရ၀န်ထမ်းရဲ့ သားသမီးလည်း ဖြစ်တယ်။ ဒါပေမယ့် မခံချင်စိတ်ကြောင့် ပါလာတာ ဖြစ်တယ်"

ကိုသက်နိုင်

ကိုသက်နိုင်က ပဲခူးက ဖြစ်သည်။ ၁၉၈၈တွင် ပဲခူးမြို့၏ ဆင်ခြေဖုံး ကျေးရွာတရွာတွင် မူလတန်းပြ ကျောင်းဆရာတဦးအဖြစ် အလုပ်လုပ်ကိုင်နေသည်။ (၈) လေးလုံး ပဲခူးအရေး တော်ပုံကြီးအား ဦးဆောင်ခဲ့သည်။ အုတ်ရိုးနီနီကြီး အတွင်းသို့ နှစ်ကြိမ် ၀င်ရောက်ခဲ့သည်။ ယခုမူ ----(FTUB)တွင် အဖွဲ့ဝင်တဦး ။ ပြီးလျှင်----မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ သမဂ္ဂ၏ ဒု-ဥက္ကဌ -----။ သူနှင့် (၈) လေးလုံးအကြောင်း ပြန်ပြောင်း၍ စကားပြောဖြစ်၏။

"ကျနော်တို့ (၅) ရက်နေ့မှာ မဟာစေတီမှာ အစည်းအဝေး လုပ်တယ်။ အဲဒီမှာ တက္ကသိုလ်အဆင့် ကျောင်းသားတွေရယ် အထက်တန်း ကျောင်းသားတွေရယ် ပါတယ်။ ဘူတာပိုင်းက မူဆလင် အမျိုးသား နှစ်ယောက်က ကြွေးကြော်သံတွေနဲ့ စာရွက်စာတမ်းတွေ အတွက်ကို သူတို့ တာဝန်ယူတယ်။ ကျန်တဲ့ ကျောင်းသားတွေက မော်လမြိုင်တက္ကသိုလ် ၊ ပဲခူးကောလိပ်၊ ရန်ကုန်တက္ကသိုလ်၊ ရေဆင်းတက္ကသိုလ်က ကျောင်းသားတွေ ဖြစ်တယ်။ အဲဒီိ တက္ကသိုလ်အဆင့် ကျောင်းသား တယောက်နဲ့ အထက်တန်းကျောင်းသား နှစ်ယောက်ကို အဖွဲ့လေးတွေ ဖွဲ့ပြီး ပဲခူးမှာရှိတဲ့ အထက်တန်းကျောင်း အမှတ် (၁) (၂)(၃)(၄)(၆) တွေကို ခွဲပြီး တာဝန်ယူကြဖို့ တာဝန်ခွဲကြတယ်။ အထက(၅) ပဲခူးမြို့ အပြင်ဖက်မှာဆိုတော့ (၅)ကို ကျနော်တို့ တာဝန် မပေးတော့ဘူး။ ကျနော်တို့ နောက်တနေ့ (၆) ရက်နေ့ ကျတဲ့အခါကျတော့ သတ်မှတ်ထားတဲ့ ကျောင်းသားတွေက ကိုယ့်နေရာ ကိုယ်ဝင်ပြီးတော့ အသင့်စောင့်နေကြတယ်။ အဲ့ဒီအချိန်မှာပဲ အမှတ် (၃) ကျောင်းသားတွေက နေပြီးတော့ မောင်မောင်ကျော် ဆိုတဲ့ ကျောင်းသားတယောက်က မနက် (၈) နာရီလောက်မှာပဲ သပိတ်စမှောက်ဖို့ ကြိုးစားတယ်။ အဲဒီမှာပဲ စစ်တပ်က အမှတ် (၁) ရဲစခန်းကနေပြီး လုံခြုံရေးကို ၀င်ယူလိုက်တယ်။ အဲဒါနဲ့ အမှတ်(၃)ကျောင်းမှာ သပိတ်မှောက်ဖို့ အခက်အခဲ ဖြစ်သွားတယ်။ အဲဒါနဲ့ ကျနော်တို့ အထက (၁) ဖက်ကို ထွက်ခဲ့ကြတယ်။ အမှတ်(၁)ကျောင်းကို ရောက်တဲ့အခါ ကျတော့လည်း ရဲတွေက ကျောင်းကို ပိတ်ထားလိုက်တယ်။ အဲဒီမှာ လူထုကလည်း ကျောင်းရှေ့မှာ အပြည့်နီးပါး ရောက်လာကြပြီ။ ကျောင်းဝင်းထဲက ကျောင်းသားတွေကို ကျနော်တို့ ခေါ်ထုတ်တဲ့အခါ ကျတော့ ၇-၈ တန်း ကျောင်းသားလေးတွေ ထွက်ချလာကြတယ်။ ပြီးတော့ ၄-ယောက်တတွဲ တန်းစီးပြီး လိပ်ပြာကန် (၂၉)လမ်းကို သွားကြတယ်။ လိပ်ပြာကန်ဒေါင့်မှာ ကားတစီးရတယ်။ ကားက ဘုရားလေးက ကျားကြီးမောင် ဆိုတဲ့ကား။ အဲဒီကားနဲ့ ကျနော်ရယ် ထွန်းလင်းရယ် အထက်တန်းကျောင်းသား (၁၄) ယောက်လောက်ရယ်နဲ့ တတ်ကြပြီး အမှတ် (၆) ကျောင်းကို သွားကြတယ်။ အမှတ် (၆) ကျောင်းကို ရောက်တော့ ကျောင်းတံခါးတွေ ပိတ်ထားတယ်။ အမှတ် (၆) ကျောင်းသားတွေနဲ့ အထက (၃) (၁) တို့ရဲ့ အခြေအနေတွေကို ပြောပြတယ်။ ကျောင်းဝင်းထဲက ကျောင်းသားတွေ ခြံစည်းရိုးကိုကျော်ပြီး ထွက်လာကြတယ်။ ကျောင်းသားတွေများတော့ ကားက မဆံ့ဘူး။ အဲဒါနဲ့ နောက်ဟီးနိုး တစီးကို ကျနော်တို့ ထပ်ပြီး အကူအညီ တောင်းတယ်။ အဲဒီကား နှစ်စီးနဲ့ ဘုရားလမ်းအတိုင်း ချီတက်ခဲ့တယ်။ ကားနောက်မှာလည်း ကျောင်းသားတွေကို လူထုတွေကို ပါလာကြတယ်။ အဲဒီမှာ ပဲခူးမြစ် တံတားရဲ့ အလယ်လည်း ရောက်ရော ကျနော်တို့ ရဲအယောက် (၃၀) လောက်ကနေပြီးတော့ တောက်လျှောက်ပစ်တယ်။ ပစ်တော့ ကျနော်အရှေ့ ကားပေါ်က ကျောင်းသားတွေ တလိမ့်ကောက်ကွေး ပြုတ်ကျ ကုန်ကြတယ်။ ကျနော်တို့လည်း ရှေ့ဆက်သွားလို့ မရတော့ဘူး။ အဲဒီကနေ လမ်းဘေးကို ကပ်ပြီး အနောက်ကို ပြန်ဆုတ်ပြေးရတယ်"

ကိုသံဒုတ်

ကိုသံဒုတ်က ကျောက်ဆည်က ဖြစ်သည်။ (၈) လေးလုံး အရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့ပြီး ကျောက်ဆည်မြို့ သပိတ်ကော်မတီတွင် ပါဝင်ခဲ့သည်။ သပိတ်ခေါင်းဆောင်တဦး ----။ ယခုမူ ---- မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွှတ်ရေး အဖွဲ့တွင် တာဝန်ယူ ဆောင်ရွက်နေသည်။ သူ၏ ရုံးခန်းအတွင်းမှာပင် ကိုသံဒုတ်နှင့် (၈) လေးလုံး အရေးတော်ပုံကြီး အကြောင်း ပြန်ပြောင်း၍ ပြောဖြစ်ကြသည်။

"အထက်ဗမာပြည်မှာ ဖြစ်တဲ့ ဆန္ဒပြမှုတွေထဲမှာ ကျနော်တို့ ကျောက်ဆည်မြို့ကလည်း ပါဝင် ဆန္ဒပြတဲ့ အထဲမှာ အောင်မြင်တဲ့မြို့လို့ ၊ ဒါက ကျနော် သုံးသပ်တာ မဟုတ်ပါဘူး။ တော်တော်များများ သုံးသပ်ကြတာပါ၊ အဲတော့ ဘာကြောင့် ဒီလိုဖြစ်ရလဲ။ ကျနော် ဒီ ကျောက်ဆည်မြို့ရဲ့ ဆန္ဒပြပြီး အာဏာသိမ်းတဲ့အထိ ကျောက်ဆည်မြို့ အုပ်ချုပ်ရေး အားလုံးကို ကျနော်တို့ သပိတ်ကော်မတီကပဲ တာဝန်ယူပါတယ်။ ဘယ်လောက်ထိ သပိတ်ကော်မတီက တာဝန်ယူရလဲဆိုရင် လယ်သမားတွေကို ဓါတ်မြေသြဇာ ပေးတာတွေကအစ သပိတ် ကော်မတီက တာဝန်ယူပြီးတော့ ကျနော်တို့ ဒီလယ်စိုက်ရှင်းတို့၊ စိုက်ပျိုးရေးဌာန အလုပ်တွေကအစ အကုန်လုံး တာဝန်ယူတယ်။ အုပ်ချုပ်တယ်။ နောက်တခုရှိတာက ဒီဂိုဒေါင် တွေ ဆန်ဂိုဒေါင်တွေကိုလည်း ကျနော်တို့ သပိတ်ကော်မတီကပဲ တာဝန်ယူ အုပ်ချုပ်တယ်။ နောက်ပြီး ကျနော်တို့ သပိတ်ကော်မတီမှာ ဘယ်သူတွေပါလဲ ဆိုတော့၊ ကျောင်းသားတွေ ပါတယ်။ ဆရာ၊ ဆရာမတွေပါတယ်။ မြို့မိ၊ မြို့ဖတွေ တော်တော်များများ ပါတယ်။ နောက် ကျနော်တို့ ဒီမင်းကုန်းကျောင်းတိုက်က ဆရာတော်ကြီးက သပိတ်ကော်မတီရဲ့ နာယက အဖြစ်ပါတယ်။ ဆရာတော်ကြီး ကိုယ်တိုင်က ပါဝင်ပြီးတော့ ရှေ့ကနေပြီးတော့ ဦးဆောင်ဦး ရွက်ပြုပြီးတော့ ဒီသပိတ်ကို ဦးဆောင်ခဲ့တာ ဖြစ်တယ်။ အဲတော့ ကျနော်တို့မြို့မှာက သွေးထွက် သံယိုမရှိဘူး။ နောက်ပြီး ကျနော်တို့ အုပ်ချုပ်ရေး အားလုံးကို တာဝန်ယူတယ်။ နောက် ကျနော်တို့ မြို့က လယ်ယာလုပ်ငန်းကို အခြေခံတဲ့မြို့ဖြစ်တော့ လယ်သမားတွေ ကိုယ်တိုင် မြို့ပေါ်တတ်ပြီး ဆန္ဒပြကြတဲ့ အဆင့်ထိ ဖြစ်တယ်။ အဲ့ဒီတော့ ကျနော်တို့ မြို့မှာက ဆန်တွေ အခက်အခဲ ဖြစ်လာတဲ့အခါမှာ လူထုကို ပေးဝေနိုင်တယ်။ မြို့အုပ်ချုပ်ရေးကို ကောင်းကောင်း မွန်မွန် လုပ်နိုင်တာ ရှိတယ်။ အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် အောင်မြင်တဲ့ ဒီသွေးထွက်သံယို မရှိပဲနဲ့ ဒီသပိတ်ကော်မတီကပဲ အုပ်ချုပ်နိုင်တဲ့ ဒီဆန္ဒပြမှုကို လုပ်နိုင်တယ်လို့ ---"

ထိုစဉ်က --- မြန်မာနိုင်ငံ၏ မြို့နယ်အဆင့်မှစ၍ အောက်ခြေအဆင့် အသီးသီးတို့၌ အာဏာသုံးရပ်အား လူထုက သိမ်းပိုက်ပြီး ဖြစ်သည်။ သို့သော် ---- မသိမ်းနိုင်ခဲ့သည်က ---- နိုင်ငံတော် အာဏာ ----။ အကြောင်းကား ----။ ဆရာ မောင်သုမန၏ စကားအတိုင်း (ငါကား မသိနိုင်) ဟူ၍ -----။

ကိုသိမ်းဆန်း

ကိုသိမ်းဆန်းက မွန်ပြည်နယ် သထုံက ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် မော်လမြိုင် တက္ကသိုလ်တွင် စာပေးစာယူ သင်တန်း တက်၍နေသည်။ သမိုင်းဘာသာ အဓိကဖြင့် ဒုတိယ နှစ်သင်တန်း တတ်ရောက်ဆဲ ----။ (၈) လေးလုံး အရေးတော်ပုံကြီးအတွင်း သထုံမြို့၌ တတ်ကြွစွာ ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၈၈ စက်တင်ဘာလ (၁၈) ရက် စစ်တပ်မှ အာဏာ သိမ်းပြီးသည့်နောက် လွတ်မြောက် နယ်မြေသို့။ ထိုမှသည် ယနေ့တိုင် ---- (ABSDF) ၏ ရဲဘော်တဦး အနေဖြင့် သူ့သမိုင်းအား ရေးထိုး၍နေသည်။

"ကျနော်တို့မြို့က တခြားမြို့ထက် ထူးခြားတာက စစ်တပ် များတယ်လေ။ တပ်ရင်းက (၅)ရင်း၊ တပ်မဌာနချုပ်က (၁) ခု နောက် ကပစလို့ခေါ်တဲ့ ကာကွယ်ရေး ပစ္စည်းထုတ်တဲ့ တပ်ပေါ့လေ။ ဆိုတော့ တပ်ရင်းတွေပဲ (၇) ရင်း စာလောက် ရှိတယ်လေ။ ကျနော်တို့ မြို့နယ် တခုတည်းမှာပဲ။ နောက်ပါတီ ကောင်စီလည်း ကြီးစိုးတယ်။ ပါတီကောင်စီနဲ့ စစ်တပ်က ကြီးစိုးတော့ ကျနော်တို့ လှုပ်ရှားမှုလုပ်ဖို့ ဆိုတာက တော်တော်တော့ ခက်တာပေါ့။ အဲ့ဒီကြားထဲက နေပြီးတော့ ကျနော်တို့ (၈) လေးလုံးကာလမှာ သပိတ်ကြီးပေါ်အောင် ကျနော်တို့က ကြိုးစား စည်းရုံးရတာပေါ့။ စတော့ အတွေ့အကြုံရှိတဲ့ လူကြီးတွေပေါ့။ ကျနော်တို့ သထုံမှာ နိုင်ငံရေးသမားဟောင်းတွေ ၊ ၆၂ ခုနှစ် ကျောင်းသားတွေ၊ ဟိုအရင်ခေတ် ဖဆပလခေတ်က နိုင်ငံရေးလုပ်ခဲ့တဲ့ လူတွေပေါ့လေ။ တချို့ဆိုရင် အာရှအစည်းအရုံး ထဲမှာတောင် ပါခဲ့တယ်လေ။ အဲဒီလို ပုဂ္ဂိုလ်တွေက အကြံပေးကြတယ်။ ကျနော်တို့ကို ဒီမိုကရေစီ နိုင်ငံတော်တခုမှာ သပိတ်မှောက်လို့ရှိရင် ရဲစခန်းကိုလည်း အကြောင်းကြားတယ်။ အုပ်ချုပ်ရေး အဖွဲ့တွေလည်း အကြောင်းကြာတယ်။ ဒီမှာက စစ်တပ်က လွှမ်းမိုးတယ်ဆိုတော့ စစ်တပ်ကိုလည်း အကြောင်းကြားလိုက်၊ စာရွက်စာတမ်းဆိုရင် ကျနော်တို့က တရားဝင် ထုတ်ပြီးတော့ ကြေငြာချက်တွေ ထုတ်ပြီးတော့ စလုပ်တော့တာပဲ (၈) လေးလုံး ညနေလောက် ကြေငြာချက် ထုတ်လိုက်တော့ အော်ပစ်လိုက်တဲ့ အသံချဲ့စက်နဲ့ ကျောင်းသားလူငယ်တွေ ဆန္ဒပြလိုက်ပါပြီ၊ သပိတ်မှောက်လိုက်ပါပြီ ဆိုတာ။ ၉ ရက်နေ့မှာ စင်ပေါ်တတ်ပြီး ဟောတဲ့ အဆင့် ဖြစ်သွားတယ်။ စားပွဲလေးတလုံး မိုက်ခွက်လေးတလုံး ထောင်ပြီးတော့ စဟောတာပေါ့။ ဟောတော့ လူထုကနေပြီး ထောက်ခံတာပေါ့။ အဲ့ဒီလို ဟောပြီးတဲ့အခါကြတော့ လူထုက စီတန်း လှည့်လည်တဲ့အခါ ကျနော်တို့ မျက်စိတဆုံးပဲ ကျနော်တို့က စထွက်တဲ့အချိန်တုန်းက ကျနော် မှတ်မိသလောက် လူသိပ်မရှိဘူး။ နည်းနည်း လိုက်လိုက်ရာကနေ ကျနော်မြို့ရဲ့ မြောက်ဘက်ကို ကျနော်တို့ ထွက်တဲ့အခါကျတော့ လိပ်အင်းဆိုတဲ့ ရပ်ကွက်လေး ရှိတယ်။ အဲ့ဒီကိုရောက်တယ်။ အဲ့ဒီကို ရောက်တော့ ကျနော် ပြန်လှည့်ကြည့်လိုက်တဲ့ အခါမှာ လူထုက မျက်စိတဆုံးပဲ။ တကယ်လည်း အားရစရာ ကောင်းတယ်။ အဲဒီ အခြေအနေ ရောက်သွားတယ်။ ဆိုလိုတာက ကျနော်တို့ ကျောင်းသား လူနည်းစုကနေပြီးတော့ ပြည်သူလူထု သပိတ်ကြီးကို အောင်မြင်အောင် အကောင်အထည် ဖော်လိုက်နိုင်တယ်ပေါ့"

ကိုငွေလင်း

ကိုငွေလင်းက မန္တလေးတိုင်း မေမြို့က ဖြစ်သည်။ ၁၉၇၄/၇၅ ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျောင်းသားဟောင်းတယောက် ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် သူက တွဲဖက် အထက်တန်းကျောင်းဆရာ ဖြစ်၍နေပြီး (၈)လေးလုံး အရေးတော်ပုံကြီးအတွင်း အထက်ဗမာပြည် သပိတ်ကော်မတီတွင် ပါဝင်ခဲ့သည်။ ပြီးနောက် ---- လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS)`အား ဖွဲ့စည်း တည်ထောင်၏။ ပြီးလျှင် ----အုတ်ရိုးနီနီကြီး အတွင်းသို့ ရောက်၍ သွားပြန်သည်။ ထို့နောက် ---- လွတ်မြောက်နယ်မြေသို့ ထွက်ခွာခဲ့၏။ ယခုမူ ---- လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတွင် တွဲဖက်အတွင်းရေးမှူး တာဝန် ထမ်းဆောင်၍နေလျက် -----။ သူနှင့် သူ၏ရုံးခန်းမှာပင် တွေ့ဆုံခဲ့၏။ (၈) လေးလုံး အရေးတော်ပုံကြီးအကြောင်း စကားစမြည်း ပြောဆိုဖြစ်ခဲ့၏။

"ကျနော်တို့ကလည်း မေမြို့မှာ ရှိတဲ့အချိန်ကြတော့ မေမြို့လူထုနဲ့ကျနော်တို့ ဒီ (၈) လေးလုံး ဖြစ်အောင် ကြိုးစားပြီးတော့ လှုပ်ရှားကြပါတယ်။ ပထမဆုံးဖြစ်တဲ့ ဥစ္စာကတော့ ခေတ်လယ် စာသင်တိုက်ဆိုတာ ရှိတယ်။ အဲ့ဒီ ခေတ်လယ်စာသင်တိုက်က ရဟန်၊သံဃာ ၃၀၀ ကျော် ၄၀၀ လောက် ၀ါဆိုတဲ့ ကျောင်းပါပဲ။ အဲဒီကျောင်းက မန္တလေးကျောင်းတွေနဲ့ အဆက်အသွယ် ရှိတယ်။ ရှိတော့ အဲဒီကျောင်းမှာပဲ မန္တလေး မစိုးရိမ်တိုက်သစ်ရဲ့ လှုပ်ရှားမှုစတဲ့ ပုံသဏ္ဌာန်မျိုး ပဲ။ အဲဒီဖြစ်တဲ့ ကျောင်းရဲ့ အုတ်နံရံတွေမှာ အုတ်တံတိုင်းတွေမှာ နံရံကပ် စာစောင်တွေကို ကျနော်တို့ စပြီးတင်တယ်။ အဲဒီ စာစောင်တွေကို လူထုက ၀ိုင်းဖတ်ရာကနေစပြီးတော့မှ (၈) လေးလုံးကို ကျနော်ကို အစပြုလိုက်ရပါတယ်။ အဲဒီလိုနဲ့ (၈) လေးလုံးရဲ့ ပထမနေ့ ကျနော်တို့ နေ့လည် ၁း၀၀ နာရီလောက်မှာ စလိုက်နိုင်တယ်လို့ ပြောနိုင်ပါတယ်။ ၁း၀၀ နာရီလောက်ကနေ စလိုက်ပြီးတော့မှ အဲဒီကနေ ပြီးတော့မှ ကျနော်တို့ ဒီလူထု လှုပ်ရှားမှုကြီးဟာ မန္တလေးကျောင်းသားတွေ အထူးသဖြင့် ဆိုရင်တော့ မန္တလေး တက္ကသိုလ် ကျောင်းသားနှင့် မန္တလေးမြို့က ရဟန်း၊သံဃာတွေ နဲ့ ပူးပေါင်းပြီးတော့မှ ဦးဆောင်လိုက်တဲ့ လှုပ်ရှားမှုကြီးဟာ ပိုပြီးတော့ ကြီးသထက် ကြီးလာပြီးတော့ သိပ်မကြာခင်မှာပဲ လူထုရဲ့ သပိတ်ကော်မတီ ဆိုတာမျိုးတွေ ကျနော်တို့ ဖွဲ့လိုက်နိုင်တဲ့ အနေအထားထိ ရောက်လာတယ်။ အဲဒီ လှုပ်ရှားမှု ကော်မတီမှာ ကျနော်တို့က ကျောင်းသားဟောင်းများ ဆိုတဲ့ ပုံသဏ္ဌာန်နဲ့ဝင်ပြီး လုပ်ကိုင်ကြတယ်။ လုပ်ကိုင်ကြပြီးတော့မှ သပိတ်ကြီး၊ ကြီးလာတဲ့ အချိန်ကျတော့ အဲ့ဒီကနေပြီးတော့မှ မန္တလေး သပိတ်ကော်မတီနဲ့ ဆက်သွယ်ပြီးတော့ အထက်ဗမာပြည် သပိတ်ကော်မတီထဲမှာ ပေါင်းစပ်ပြီးတော့မှ အရေးတော်ပုံကြီးဟာ အားကောင်းလာတယ်လို့ ကျနော်ပြောနိုင်တယ်။ ကျနော် ပြောချင်တယ်။

ကိုသောင်းလှိုင်

ကိုသောင်းလှိုင်က လယ်သမားတဦး ဖြစ်သည်။ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ထူးကြီးတိုက်နယ်က ဖြစ်၏။ (၈) လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သည်။ ထူးကြီးတိုက်နယ် သပိတ်မှောက် ခေါင်းဆောင်တဦး----။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် လွတ်မြောက် ဒေသသို့ ထွက်ခွာခဲ့၏။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရပ်တစ် တပ်ဦးတွင် တပ်ဖွဲ့ဝင်ရဲဘော် ----။ ပြီးနောက် ---- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ ဖွဲ့စည်းသည့်အခါ အဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့၏။ ယခုမူ ---- အဝေးရောက် ဧရာဝတီအဖွဲ့တွင် နာယကတဦးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ အဝေးရောက် ဧရာဝတီ၏ ရုံးခန်းအတွင်းမှာပင် သူနှင့် တွေ့ဆုံခဲ့၏။ သူက သူပါဝင်ခဲ့သော (၈) လေးလုံး အရေးတော်ပုံကြီးအား ပြန်ပြောင်း၍ ပြောပြခဲ့ သည်။

"ကျနော်က တောင်သူလယ်သမား တယောက်ပါ။ ပြားပြားဝပ်နေရတဲ့ ဘ၀ပေါ့။ အဲ့ဒီ (၈) လေးလုံး အရေးတော်ပုံကြီး ဖြစ်လာတော့ အားလုံးကနေပြီးတော့ ဆန္ဒပြကြတယ်။ ဆန္ဒပြတဲ့အချိန်မှာ ကျနော်က ထူးကြီးဒေသရဲ့ ခေါင်းဆောင်တယောက် ဖြစ်လာခဲ့ရတယ်။ အဲ့ဒီကနေ ကျနော်တို့ ဆန္ဒတွေ ပြကြတဲ့အခါမှာ ချီတက်ခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင် ဒီမှာ စားဝတ်နေရေးက အကုန်ငတ်ပြတ်ပြီး ကျပ်တည်းနေတယ်။ ထူးကြီးမြို့နယ်ထဲမှာ ရာဇ၀တ်မှုတွေ အများကြီး ဖြစ်လာတယ်။ အဲ့ဒါတွေကို သပိတ်ခေါင်းဆောင်တွေဟာ မြို့မိ ၊ မြို့ဖတွေနဲ့ပေါင်းပြီး နည်းသွားအောင် ထိန်းသိမ်းပေးခဲ့ကြတယ်။ ဘယ်လို ဖြေရှင်းလဲဆိုတော့ သပိတ်ခေါင်းဆောင်တွေနဲ့ ရပ်မိ ရပ်ဖတွေဟာ ကျနော်တို့ မြို့မှာရှိတဲ့ စိန်ရတနာ အစိုးရဆန်စက်ကို သွားပြီး ဂိုဒေါင်ထဲက ဆန်အိတ်တွေကို ထုတ်ယူပါတယ်။ ထုတ်ယူပြီးတော့ ဈေးထဲမှာ အစိုးရဈေးနဲ့ လူထုကို ရောင်းချပေးပါတယ်။ ရောင်းရငွေတွေကိုလည်း စနစ်တကျနဲ့ ရပ်မိ ရပ်ဖတွေဆီမှာ ကျနော်တို့ အပ်ထားပါတယ်။ ဒါကတော့ အရေးတော်ပုံကြီးအတွင်း လူထု အကျပ်အတည်းတွေကို ကျနော်တို့ သပိတ်ခေါင်းဆောင်တွေ အနေနဲ့ အဆင်ပြေအောင် ဖြေရှင်းပေးခဲ့တဲ့ သာဓကတခုပါ"

ကိုချမ်းငြိမ်း

ကိုချမ်းငြိမ်းက ရန်ကုန်တိုင်း အထက(၆) ဗိုလ်တထောင် (စိန်ပေါလ်) ကျောင်းသားဟောင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ၈ -တန်း ကျောင်းသားတဦး ဖြစ်သည်။ (၈) လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သည်။ ယခုမူ ---- ဆွီဒင်နိုင်ငံ၌ ရောက်ရှိ၍နေ၏။ သူ့အား (၈) လေးလုံး အရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့သည်များအား အီးမေးလ်ဖြင့် ဆက်သွယ်ပြီး မေးကြည့်၏။

"သြဂုတ်လ (၈) ရက်နေ့ မနက်ပိုင်း ရန်ကုန်မြို့အတွင်း လှည့်လည်ချီတက် ဆန္ဒပြနေကြသော မြို့နယ်အသီးသီးမှ ဆန္ဒပြ သပိတ်စစ်ကြောင်းများကို မိမိတို့ လက်တွဲဖော် လူငယ်ကျောင်းသားတစုက မြို့တော်ခန်းမနှင့် မဟာဗန္ဒုလ ပန်းခြံအရှေ့၌ စုရုံးကြစေရန် လိုက်လံ နိုးဆော်ပေးခဲ့ပါတယ်။ စုရုံး ရောက်ရှိလာကြတဲ့ လူထုစစ်ကြောင်း အသီးသီးဟာ မြို့တော်ခန်းမရှေ့မှာ စနစ်တကျ နေရာယူပြီး အထိုင်သပိတ် တပ်စခန်းကြီးကို စတင်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ သပိတ်စခန်းအတွက် အစားအစာနဲ့ ရေတို့ကို ရရှိဖို့ ကျနော်တို့ လူငယ်တွေဟာ ရန်ကုန်မြို့ ရပ်ကွက်တွေအလိုက် တအိမ်တတ်ဆင်း သွားရောက် အလှူခံခဲ့ပြီး သပိတ်စခန်းအား ထောက်ပံ့ပေးခဲ့တယ်။ အဲ့ဒီနေ့ တနေ့လုံး သပိတ်စခန်းကြီး အတွင်း တရားဟောစင်များမှ တရားဟောသူများနှင့် ရာထောင်ချီသော လူထုကြီးဟာ တတ်ကြွ၍ နေခဲ့ပါတယ်။ ညနေ နေ၀င်ချိန်မှာတော့ မြို့တော်ခန်းမအတွင်း တပ်စွဲ စခန်းချထားသော စစ်တပ်များ အပြောင်းအလဲလုပ်၍ စစ်ကားများ အချုပ်ကားများ ၀င်ရောက်လာခဲ့ပြီး မိမိတို့ သပိတ်စခန်းကြီးအား လူစုခွဲပေးရန် အသံချဲ့စက်များဖြင့် အော်ပြောပါတယ်။ အဲဒီမှာ မိမိတို့ လှုပ်ရှားရဲဘော်များဟာ သပိတ်စခန်းကြီး မပြိုကွဲစေရန် အမာခံ ရဲဘော်များအား လိုက်လံ စည်းရုံး စုဆောင်း၍ သပိတ်စခန်း ပတ်ပတ်လည်တွင် လူထုကြီးအား အတန်းသုံးတန်းထပ်ကာ လက်ချင်းချိတ် ကာရံပေးခဲ့ပါတယ်။ ဒီလိုနဲ့ မိုးချုပ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆူးလေ ဘုရားအား ဘယ်ညာတောင်ပံဖြန့် ၀ိုင်း၍ စက်သေနတ်များ တင်ဆောင်ထားတဲ့ တင့်ကား အငယ်စားများ မောင်းနှင် ၀င်ရောက်လာပြီး လူကြီးအား ဖြိုခွင်းရန် စတင်ပါတယ်။ တင့်ကားများက ဆလိုက်မီးများ ထိုးပြီး စက်သေနတ်များဖြင့် လူထုအတွင်း ပစ်ခတ်ပါ တော့တယ်"

မြို့တော်ခန်းမရှေ့ လူသတ်ပွဲတခုတည်းနှင့်ပင် ဗိုလ်စိန်လွင်အား ရန်ကုန်မြို့က သားသတ်သမားဘွဲ့ ပေးထိုက်ခဲ့ပြီ-----။

မကြည်ကြည်ခင်

မကြည်ကြည်ခင်က ပုသိမ်မြို့သူ ဖြစ်သည်။ ၁၉၈၈ ခုနှစ်၌ ရန်ကုန် တက္ကသိုလ်တွင် ဓာတုဗေဒ ဘာသာအဓိကဖြင့် မဟာသိပံ္ပ ဒုတိယနှစ် သင်တန်းအား တက်၍နေသည်။ သူမက ၁၉၈၈ခုနှစ် မတ်လမှ စတင်ပြီး ဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှုများ၌ တတ်ကြွစွာ ပါဝင်ခဲ့သူတဦး ဖြစ်သည်။ ပြီးလျှင် ကျောင်းများ ပိတ်၍ ပုသိမ်သို့ ပြန်ခဲ့၏။ ပုသိမ် (၈)လေးလုံး အရေးတော်ပုံကြီးတွင်လည်း တတ်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ----။ ထို့နာက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့သည်။ ပုသိမ်မြို့၏ သွေးစွန်းသော နေ့ရက်များအား သူမက ပြောပြသည်။

"(၈) လေးလုံး လုပ်ဖို့ အင်အား ယူနေတာပေါ့။ ဆရာဝန်အသင်း၊ ရှေ့နေအသင်း၊ အဲဒါမျိုးတွေနဲ့ အမတို့ ကျောင်းသားအုပ်စုတွေနဲ့ ဆက်သွယ်တာပေါ့။ ဒီပုသိမ် ကောလိပ်နဲ့ ရန်ကုန် တက္ကသိုလ်က ကျောင်းသားတွေ အကုန်ပါတာပေါ့။ အဓိကက ရှေ့နေတွေ များတယ်။ ရှေ့နေတွေနဲ့ ချိတ်ဆက်တယ်။ အဲဒီတုန်းက (၈)လေးလုံး ရန်ကုန်မှာ ဖြစ်နေတဲ့ အချိန်မှာ ပုသိမ်မှာ မဖြစ်သေးဘူး။ ပုသိမ်မှာ စဖြစ်တာက (၉)ရက်နေ့မှ ဖြစ်တယ်။ အဲ့ဒီ(၉)ရက်နေ့မှာ ပစ်တယ်။ လူစုကွဲပြီး ထွက်ပြေးတဲ့ လူတွေကိုလည်း နောက်က လိုက်ပစ်တယ်။ အဲ့ဒီမှာ ရဲစခန်းရှေ့မှာ ဆိုရင် င၀န်မြစ်---။ အဲ့ဒီသင်္ဘောပေါ်ကနေ မတ်တပ်ရပ် ကြည့်တဲ့သူတွေတောင် သေတယ်။ အဲ့ဒီတုန်းက အယောက် ၃၀-လောက် သေတယ်လို့ ခန့်မှန်းရတယ်။ အဲ့ဒီတုန်းက အမသူငယ်ချင်းတယောက် ခြေထောက်ကို ထိသွားတယ်။ အမတို့မြို့မှာ (၉) ရက်နေ့မှာ ပစ်သတ်တဲ့ အတွက်ကြောင့် ငြိမ်သွားတယ်။ ငြိမ်သွားပြီးတော့ (၂၄) ရက်နေ့မှာမှ ပြန်စနိုင်တယ်။ အဲဒီအခါကျတော့ စာတွေကို ဝေတယ်။ အထက(၁) မှာ လူစုမယ်။ စုပြီးတော့ ရုံးပေါင်းစုံဘက်ကို ချီတက် ဆန္ဒပြမယ်။ အဲ့ဒီလို စီစဉ်ထားတာ။ ဒါပေမယ့် အဲဒီနေ့မနက်မှာပဲ အထက(၁)ကို တိုင်းမှူးက ရောက်လာပြီး ကျောင်းကို လာစစ်ဆေးနေတယ်။ အဲဒီတော့ အထက(၁)မှာ စလို့ မရတော့ဘူး။ ရဲတွေ စစ်သားတွေ စောင့်နေကြပြီ။ နေရာမရှိတဲ့ အခါကျတော့ ချက်ချင်းပဲ နောက်တနေရာကို ရွေ့ရတယ်။ မဟာခါတော်မှီ ဘုန်းကြီးကျောင်းကို ရွေ့တယ်။ အဲဒီ ဘုန်းကြီးကျောင်းကစပြီး ဆန္ဒပြတဲ့အခါမှာ ကျောင်းသူကျောင်းသား ၃၄-ယောက်ပဲ ပါတယ်။ အဲဒီ ၃၄-ယောက်က ခါတော်မှီကျောင်းကနေ စာတိုက်ကြီးကို ချီတက်တယ်။ တဖြေးဖြေးနဲ့ လူထုကြီးဟာ ကျမတို့နဲ့အတူ ပူးပေါင်းလာကြတယ်။ စာတိုက်ကြီး ရုံးရှေ့ရောက်တော့ မြို့နယ်ကောင်စီ ဥက္ကဌကနေပြီး စစ်သားနှစ်တန်းနဲ့ ရုံးပေါင်းစုံရှိတဲ့ လမ်းဘက်ကို သွားမယ့်လမ်းကို ပိတ်ထားလိုက်တယ်။ အရှေ့ ၊ အနောက်စစ်သား ၁၅-ယောက်လောက် ရှိတယ်။ ကောင်စီဥက္ကဌက ကျမတို့ကို လူစုခွဲဖို့ ပြောတယ်။ အဲ့ဒီလမ်းကိုလည်း ပေးမသွားတော့ဘူး။ အဲ့ဒါနဲ့ ကျမတို့ ဆန္ဒပြတဲ့ လူအုပ်ကြီးဟာ ပန်းခြံလမ်းဘက်ကနေပြီး ဖြတ်ထွက်ခဲ့ကြတယ်။ အနောက်ကနေ ပစ်ခတ်တာတော့ မရှိဘူး။ ပြီးတော့ ဘဏ်အရှေ့ကို ရောက်လာတယ်။ အဲ့ဒီဘဏ်ရှေ့မှာပဲ လူထု တရားဟောပွဲတွေကို စလုပ်တယ်။ ၂၄-ရက်နေ့ကျမှပဲ ပုသိမ် (၈) လေးလုံးကို စဖြစ်နိုင်ခဲ့တယ်"

ကိုမြင့်စိုး

ကိုမြင့်စိုးက ရန်ကုန်က ဖြစ်သည်။ ၁၉၈၈ ခုနှစ် မတ်လ၌ ရန်ကုန်မြို့အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများတွင် ပါဝင်ခဲ့၏။ ထိုစဉ်က သူသည် ရန်ကုန် တက္ကသိုလ်၌ ဒဿနိက ဘာသာရပ် အဓိကနှင့် တတိယနှစ် သင်တန်းတက်၍ နေသည်။ ၈၊၈၊၈၈ နေ့တွင် ရန်ကုန်မြို့ ကမ်းနားလမ်း လူထုစစ်ကြောင်းကြီးအား စတင်၍ ဦးဆောင်ခဲ့သည်။ ပြီးနောက် ---- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့၏။ ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ဝင် ----။ ထိုမှ ---- ဗဟိုလူငယ် လုပ်ငန်း တာဝန်ခံတစ်ဦး ----။ပြီးလျှင် လွတ်မြောက်နယ်မြေနှင့် တက္ကသိုလ် ရိပ်သာလမ်း ကူးလိုက်၊ သန်းလိုက် လွန်းထိုး၍ နေတော့၏။ မကြာ ---- ၁၀စုနှစ် တခုကျော် ---ဆိပ်ဖလူးရနံ့အား သွားရောက် ရှိုက်နမ်း၍ နေခဲ့ပြန်၏။ ယခုမူ --- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ၌ တာဝန် ထမ်းဆောင်လျက် ရှိ၏။ သူ့ကို (၈)လေးလုံး အရေးတော်ပုံကြီးအကြောင်း မေးမြန်းခဲ့၏။

"စစ်သားတွေက ကျနော်တို့နဲ့ လမ်းသုံးလေးလမ်းလောက် အကွာလည်း ရောက်ကော စစ်သားတွေက အဲဒီဘဏ်ထဲကို သူ့ဖာသူ ပြန်ဝင်သွားကြတယ်။ တားမယ့်ဆီးမယ့်ပုံ မပေါ်ဘူးဆိုတော့ ကျနော်တို့ အားရသွားတယ်။ အဲဒီမှာ အလံတွေ ထောင်ပြီးတော့ ကမ်းနားလမ်း တလျှောက် တောက်လျှောက် ချီတက်တော့တာပဲ။ အဲဒီတော့ အလံသာထောင်ထားပေမယ့် လူတွေက လမ်းလျှောက်ချီတတ်ပြီး ဘာကြွေးကြော်သံမှလည်း မအော်သေးပါဘူး။ ဒီအတိုင်း လမ်းလျှောက်လာတယ်။ အဲဒီမှာလူတွေက သူ့အလိုအလျောက်ကို ပူးပေါင်း ပါဝင်လာကြတာ လူတန်းကြီးက အရှည်ကြီး ဖြစ်လာတယ်။ ကမ်းနားလမ်းအတိုင်း လျှောက်လာတယ်။ လျှောက်လာပြီးတဲ့ အခါကျတော့ အတွင်းဝန်ရုံး၊ အတွင်းဝန်ရုံးက နေပြီးတော့ မြေနီလမ်းကနေ တောက်လျှောက် တက်လာတယ်။ အဲဒီအချိန်ထိလည်း ကြွေးကြော်သံက မအော်သေးပါဘူး။ ဘာအော်ရမယ် ဆိုတာလည်း မစဉ်းစားမိသေးပါဘူး။ လမ်းပဲ လျှောက်နေတာ၊ ဘယ်သွားမယ်၊ ဘယ်ကို ဦးတည်မယ်ဆိုတာ မသိဘူး။ ကျနော်တို့ သူငယ်ချင်းတွေ ကြားထဲကနေပြီးတော့ ပြောတာရှိတယ်။ ဒီအတိုင်း လမ်းလျှောက်ရတာ အဓိပ္ပယ်မရှိဘူး။ အော်တော့ အော်မှပဲ ဆိုပြီးတော့ ပထမဦးဆုံး စအော်တဲ့ဟာကတော့ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး ခေါင်းထဲ ကြိုတင် စီစဉ်ထားတာလဲ မရှိဘူး။ တစုံတယောက်က လာပြီးတော့ တိုက်တွန်းလို့ ပြောတာလဲ မဟုတ်ဘူး။ ကျနော်တို့ ခေါင်းထဲမှာရှိတာ ကျောင်းသားတွေ အဲဒီအချိန်မှာ အဖမ်းခံထားရတယ်။ ဆိုတော့ ပြန်လွှတ်အောင် တောင်းဆိုရမယ်။ တောင်းဆိုချက် တစ်ခု လုပ်ရမယ် ဆိုပြီးတော့ ကျနော်တို့ သူငယ်ချင်းတွေက ထအော်တာ။ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး ဒို့အရေး၊ ဖုန်းမော် အရေးတော်ပုံ အောင်ရမည်။ ဒါပါပဲ အဲ့ဒီနှစ်ခုပဲ။ တောင်းဆိုမှုဆိုတာ ဖြစ်သွားတယ်။ ကျန်တဲ့ ဒီမိုကရေစီရ ရှိရေးဆိုတာလည်း ခေါင်းထဲမ၀င်ဘူး။ လူ့အခွင့်အရေး ဆိုတာလည်း ခေါင်းထဲမ၀င်ဘူး။ အဓိကကတော့ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး အရေးတော်ပုံ အောင်ရမည်။ နှစ်ချက်ပဲ အော်သွားတယ်။ အဲဒီကနေပြီးတော့မှ ဆူးလေဘုရားပြန်တက် နောက်တောက်လျှောက်ကြီးကို ချီတတ်လာကြတာ နောက်ဆုံးမြို့တော်ခန်းမ ရောက်တဲ့အထိပေါ့။ (၈)လေးလုံး ခရီးက အောင်မြင်စွာ ဖြစ်သွားတယ်လို့ ပြောရမှာပေါ့ "

ကိုမြင့်စိုးက ကမ်းနားလမ်း အလုပ်သမားဝင်းကြီး အတွင်းမှ အလုပ်သမားတွေကလည်း အုတ်နံရံပေါ်က ကျော်ကျော်ပြီး အတင်းတိုးကြည့် အပြင်က လူထုကလည်း အလုပ်သမားများကိုခေါ် အဲဒီမှာ ---- အုတ်တံတိုင်းကြီးက "၀ုန်း" ဆိုပြီး ပြိုကျသွားတယ်။ ဒါဟာ ကျနော်တို့အတွက် နမိတ်ပုံ ----။ နံရံကြီး ပြိုကျပြီကွ ---ဟူ၍ ချီတက်ခဲ့ကြတော့တယ်ဟု ပြော၏။ ၂၆-နှစ် တည်ထောင်ထားသော မဆလ အုတ်နံရံကြီးသည်လည်း (၈)လေးလုံး အရေးတော်ပုံကြီးအတွင်း ပြိုကျခဲ့ရပြီ။ ပြီးလျှင် ---- ကျန်နေသေးသည်ကား စစ်အုပ်ချုပ်ရေးနံရံ ။ ဘယ်နေ့ ပြိုလဲမည်ကိုက (ငါကား မသိနိုင်)ပေါ့ ။

ကိုထွန်းထွန်း

ကိုထွန်းထွန်းက ကရင်ပြည်နယ် မြ၀တီမြို့ ဇာတိဖြစ်၏။ ၁၉၈၈ ခုနှစ်တွင်မူ သူသည် အရပ်သားတဦးသာ ဖြစ်သည်။ သူကား မော်လမြိုင် စိန့်ပတ်ထရစ် ကျောင်းသားဟောင်း။ အထက (၅) မော်လမြိုင် ကျောင်းသားဘ၀မှာပင် အရေးအခင်းများ၌ ပါဝင် လှုပ်ရှားခဲ့ဖူး၏။ ကိုထွန်းထွန်းနေသည့် စိန့်ပတ်ထရစ် ကျောင်းက မော်လမြိုင် တက္ကသိုလ်နှင့် နီးသည်။ တက္ကသိုလ် ကျောင်းသားများ၏ ကျောင်းသား အရေးအခင်းများ ဖြစ်သည့်အခါတိုင်း စိန့်ပတ်ထရစ်ကျောင်းမှ ကျောင်းသားများ ပါဝင်ကြ၏။ ၁၉၇၂ ခုနှစ်တွင် သူသည် လွတ်မြောက်ဒေသသို့ ထွက်ခွာခဲ့၏။ ပြည်ချစ် လွတ်မြောက်ရေး တပ်မတော်သို့ ၀င်၏။ လက်နက်ကိုင် တော်လှန်ရေးအား လုပ်ကိုင်ခဲ့သည်။ ပြီးနောက် --- မြ၀တီသို့ ပြန်ရောက်ခဲ့ပြန်၏။ (၈) လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သည်။ ထိုနောက် ---- ဒုတိယ အကြိမ် လွတ်မြောက်ဒေသသို့ ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)သို့ ၀င်ရောက်ခဲ့သည်။ ယခုမူ ဆွီဒင်နိုင်ငံ၌ -----။ သူ့အား အီးမေးလ်ဖြင့် ဆက်သွယ်ပြီး မေးမြန်းရ၏။

"အစနေ့မှာ မြို့ကနေ ပြန်လာတဲ့ ကျောင်းသား ၄-ယောက်ကနေစပြီး မနက်ပိုင်း မြ၀တီဈေးထဲမှာ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး စာရွက်စာတမ်းတွေ ဝေခဲ့ကြတယ်။ အစပိုင်းမှာ ဈေးလာတဲ့ လူတွေအနေနဲ့က သူတို့ ဘာလုပ်ကြမှန်းမသိဘူး။ သူတို့ဈေးကို ၂-ပတ်လောက် ပတ်ပြီးချိန်မှာ သူတို့နဲ့အတူ ပူးပေါင်း ပါဝင်လာကြတာ လူ ၁၁-ယောက် လောက် ဖြစ်လာတယ်။ အဲဒီအချိန်မှာပဲ ရဲတွေ ရောက်လာလို့ သူတို့ လူစုခွဲလိုက်ကြရတယ်။ နောက်တနေ့မနက်ပိုင်း ဈေးထဲမှာပဲ ပြန်ဆုံကြပြီး စီတန်းလှည့်လည် ကြွေးကြော်သံတွေ ကြွေးကြော်၊ စာရွက်စာတမ်းတွေ ဝေကြပြန်တယ်၊ အဲဒီဈေးထဲမှာ သုံးပတ်လောက် ပတ်ပြီးချိန်မှာတော့ ပူးပေါင်း ပါဝင်လာတဲ့ လူတွေက အင်အား ၂၀၀-ကျော်လောက် ဖြစ်လာတယ်။ အင်အားများလာတော့ ဈေးထဲကနေ မြို့ထဲလမ်းမပေါ်ကို တက်လာကြတယ်။ မြို့ကို နှစ်ပတ်လောက် ပတ်မိချိန်မှာတော့ လူအုပ်ကြီးက တထောင်ကျော်နေပြီ။ အဲဒီနေ့မှာပဲ သူတို့ဟာ လူစုမခွဲကြတော့ပဲ မြ၀တီမြို့ ကြံခင်းပိုင်းမှာရှိတဲ့ ကြံခင်းကျောင်း၊ ရှမ်းဘုန်းကြီးကျောင်းမှာ သပိတ်စခန်း ဖွင့်လိုက်ကြတယ်။ သပိတ်စခန်း နံမည်ကို (ဒေါင်းနီ သပိတ်စခန်း) ဆိုပြီး နာမည်ပေးလိုက်တယ်။ အဲဒီလိုနဲ့ ကျနော်နေထိုင်ရာ (မြ၀တီ)မြို့ လူထုကြီးဟာလဲ (၈)လေးလုံး အရေးအခင်းကြီးမှာ ပါဝင် ဆင်နွှဲခဲ့ကြပါတယ် ခင်ဗျာ "

ကိုထွန်းထွန်းတို့၏ မြ၀တီမြို့က ထိုင်း-မြန်မာ နယ်စပ်မြို့ ----။ ပြည်တွင်းစစ် ကာလအတွင်း အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ အုပ်စိုးသူ စစ်တပ်များ၏ ရက်စက် ကြမ်းတမ်းစွာ ဆက်ဆံမှုအောက်၌ ပိပြား၍ နေသည်။ အကြောက်တရားက ကြီးလှသည်။ သို့သော် ဤမြို့တွင်ပင် (၈)လေးလုံး အရေးတော်ပုံသမိုင်းအား မြ၀တီလူထုက ရေးထိုးခဲ့ကြ၏။

ကိုမောင်မောင်ဝမ်း

ကိုမောင်မောင်ဝမ်းက ၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် စတုတ္တနှစ် ဥပဒေ ကျောင်းသား ဖြစ်သည်။`ဇာတိက ရေနံချောင်း ဖြစ်၏။ ၁၉၈၈ခုနှစ် ဇွန်လ ရန်ကုန် တက္ကသိုလ် အရေးတော်ပုံကြီးတွင် ဦးဆောင်ရန် ပါဝင်ခဲ့သည်။ (၈)လေးလုံး အရေးတော်ပုံကြီး မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်ရေးအတွက် လှုပ်ရှားရန် သူ့အား မြေလတ်ဒေသသို့ တာဝန်ပေး၏။ မြေလတ် ဒေသလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ် တာဝန်ယူရ၏။ ထိုစဉ်က သမဂ္ဂအား လျှို့ဝှက်ဖွဲ့စည်းခြင်း ဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် သူနှင့် ဆုံဖြစ်ကာ (၈)လေးလုံး အရေးတော်ပုံကြီး အကြောင်း ပြန်လည် ပြောဖြစ်ကြ၏။ သူက သူ၏ ဇာတိရေနံချောင်းမြို့။

"မြေလတ်မှာ (၈) လေးလုံးအတွက် စတင်လှုပ်ရှားတာ ၂-ရက် စောပါတယ်။ ၆၊၈၊၈၈ မှာစခဲ့တာပါ။ အဲ့ဒီအချိန်က တနိုင်ငံလုံးမှာ စတင် လှုပ်ရှားခဲ့တဲ့ ဒေသတခုထဲမှာ တခုပါဝင် ပါတယ်။

ကျနော်တို့ ဆန္ဒစပြတဲ့နေ့ ၆၊၈၊၈၈ နေ့က အထက်တန်းကျောင်းကို ၀င်စီးပြီး ကျောင်းဝင်းအလယ်မှာ ခွပ်ဒေါင်းအလံ လွှင့်ထူပြီး ဆန္ဒပြတော့ ကျောင်းသား ၁၀-ယောက်လောက်ပဲ ရှိပါတယ်။ ကြောက်လို့ ဘယ်သူမှ ၀င်မလာပါဘူး။ မြို့ထဲမှာ ---။ ကျောင်းသားတယောက်က --- ဈေးထဲကို ပတ်ပြီး အော်တယ်။ `အထက (၁) မှာ သူပုန်တွေ ၀င်စီးလို့ဗျို့` ဆိုတော့ ကျောင်းသားမိဘတွေက သူတို့ သားသမီးတွေကို စိုးရိမ်ပြီး ကျောင်းဆီ စုပြုံလာကြတယ်။ ကျနော်က ကျောင်းပေါ်တက်သွားပြီ --- ခပ်တည်တည်နဲ့ ကျောင်းဆင်း ခေါင်းလောင်း ထိုးလိုက်တယ်။ အဲ့ဒီမှာတင် ကျောင်းသားတွေက ကျောင်း တကယ်ဆင်းတယ် ထင်ပြီး ---- အခန်းတွေထဲက ပြေးထွက်လာတော့မှ ကျောင်းသားတွေ စုရုံးလာကြတော့တယ်။ ကျနော်က အသင့်ယူလာတဲ့ စားပွဲပေါ်တက်တယ်။ တရားဟောတယ်။ ကြွေးကြော်သံတွေ ကြွေးကြော်တယ်။

မဆလပါတီချေမှုန်းရေး --- ဒို့အရေး
အာဏာရှင်စနစ်တိုက်ထုတ်ရေး--- ဒို့အရေး
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ---ဒို့အရေး
ဒီမိုကရေစီအရေးတော်ပုံ --- အောင်ရမည်

ကျောင်းသားတွေ ဆက်လက်ဆန္ဒပြရင်း --- မြို့ထဲရောက်တော့ အပစ်ခံရတယ်။ ၃-ယောက် ကျဆုံးသွားတယ်။

၆၊၈၊၈၈မှာ ဆန္ဒပြပြီး --- နောက်အကျဆုံး --- ၂၀၊၈၊၈၈ နေ့ကြမှ အဖြိုခွဲ နှိမ်နင်းခံခဲ့ရတာပါ။ ဘာကြောင့် ဒီလောက်တောင် ခံနိုင်လဲဆိုတော့ လူထုပါလို့ပါ။ လူထုပါရင် လက်နက်မရှိလည်း အာဏာသိမ်းလို့ ရတယ်ဆိုတာ လက်တွေ့ သိခဲ့ရပါတယ် "

ကိုမောင်မောင်ဝမ်းက ရေနံချောင်း လူထုအရေးတော်ပုံကြီးနှင့် ပတ်သတ်ပြီး နိဂုံးချုပ် သုံးသပ်ထားမှုက ရှင်း၏။ လူထုပါရင် လက်နက်မရှိလဲ အာဏာသိမ်းလို့ရ၏ ဟူ၍ ဖြစ်သည်။ သို့သော် နိုင်ငံတခုလုံး၏ အဆုံးသတ်အာဏာ သိမ်းနိုင်ရေးမှာမူ ---။ ဆရာမောင်သုမန၏ စကားအတိုင်း (ငါကား မသိနိုင်) ဟူ၍ပင်လား။

ဦးအောင်စောဦး

ဦးအောင်စောဦးက ၁၉၇၂ခုနှစ်တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ကျောင်းသား တဦးဖြစ်သည်။ ၁၉၇၄ အလုပ်သမား လှုပ်ရှားမှု၊ ဦးသန့်သပိတ်၊ ၁၉၇၅ အလုပ်သမားနှင့် ကျောင်းသားသပိတ်၊ `မှိုင်း`ရာပြည့်အရေးတော်ပုံတို့တွင် သူ့ခေတ် သူ့အခါ၌ ပါဝင်ခဲ့သူ ---။ ဤအတွက် မဆလ စစ်ခုံရုံးမှ အုတ်ရိုးဝင်းအတွင်း ၇-နှစ် သွားနေစေ၏။ ပြန်လွတ်လာပြီး တဖန် ၁၉၈၂တွင် လာခဲ့ရာ အုတ်ရိုးအတွင်းသို့ ပြန်၍သွားပြန်၏။ ၂-နှစ်။ ၁၉၈၈ အရေးတော်ပုံကြီးတွင် ပုသိမ်ကျောင်းသားများ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး တဦးအဖြစ် သမိုင်းခေတ်၏ တာဝန်အား ထမ်းပိုးပြန်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဖွဲ့စည်းသည့်အခါ၌ အဖွဲ့ချုပ်၏ ပဲခူးတိုင်း တိုင်းစည်း တာဝန်အား ထမ်းရွက်၏။ ပြီးလျှင် --- ၁၉၉၁ခုနှစ်၌ လွတ်မြောက်နယ်မြေသို့ ထွက်လာခဲ့ပြီး အဖွဲ့ချုပ် လွတ်မြောက် နယ်မြေတွင် ဗဟိုစည်းရုံးရေး ကော်မတီဝင် ၊ ထိုနောက် --- ဗဟိုကော်မတီဝင်။ ယခုမူ --- အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းဌာနခွဲ NLD-LA ၏ ဥက္ကဌ။ ဦးအောင်စောဦး အမေရိကန်နိုင်ငံမှ ပြန်လာခိုက် တွေ့ဆုံပြီး (၈)လေးလုံး အရေးတော်ပုံကြီးအကြောင်း မေးကြည့်၏။

"(၈) လေးလုံးတိုက်ပွဲမှာ ဘာကြောင့် လူထုကနေ အပြတ်အသတ် အောင်ပွဲ မခံနိုင်လဲဆိုတဲ့ နိဂုံးချုပ်ချက်ကတော့ လူထုလှုပ်ရှားမှုနဲ့ လက်နက်ကိုင် တိုက်ပွဲဟာ ဟန်ချက်ညီညီ မပေါင်းစပ်နိုင်ခဲ့လို့ အောင်ပွဲအပြတ် မရခဲ့နိုင်တာပဲ ဖြစ်တယ်။ လူထု လှုပ်ရှားမှုတွေကလည်း ရာဇ၀င်တလျှောက်လုံးမှာ ဟိုး --- လေးဆယ့်ရှစ် လွတ်လပ်ရေးပြီးကတည်းက တိုက်တဲ့ တိုက်ပွဲတွေဟာ တခုချင်း တခုချင်း ပြောမယ်။ အားလုံးပေါင်းလိုက်ရင် လူထု တိုက်ပွဲပေါင်း ၃၀-ကျော်လောက် ဖြစ်လာတယ်။ ကျောင်းသား အပါအ၀င်ပေါ့။ လက်နက်ကိုင် တိုက်ပွဲဆိုရင်လည်း ၁၉၄၈ ထဲက စလာခဲ့တယ်။ ဒါပေမယ့် လူထုကလည်း သူ့ဘာသာ သူတိုက်နေတာ ၊ လက်နက်ကိုင်တဲ့သူကလည်း သူ့ဘာသာသူ တိုက်နေတာ သူတို့ဟာ ဟန်ချက်ကိုညီညီ မပေါင်းစပ်နိုင်ဘူး။ ဒါပေမယ့် (၈)လေးလုံးမှာ ကြီးမားတဲ့ တော်လှန်တဲ့အချိန်မှာ လူထုအားလုံးဟာ လက်နက်ကိုင် အားလုံးကို ကြိုဆိုကြတာ ဖြစ်တယ်။ ဒါပေမယ့် သူတို့ဘက်ကလည်း လူထုနဲ့ပေါင်းစပ်ဖို့ သူတို့မှာ တာဝန်တွေ ပျက်ကွက်ခဲ့တာ ဖြစ်တယ်။ တကယ်လို့များသာ အဲ့ဒီ တော်လှန်ရေး အင်အားစုတွေ ကသာ တမြို့နှစ်မြို့လောက်သာ သိမ်းထည့်လိုက် အကုန် ပြိုဆင်းသွားနိုင်တယ်။ ဒီနှစ်ခုဟာ မပေါင်းစပ်နိုင်တဲ့အတွက် အောင်ပွဲ မခံနိုင်ဘူး။ ဒီ (၈)လေးလုံး ကြီးကို ပြောမယ်ဆိုရင် ကျနော်တို့က (၈)လေးလုံးကို ကာလသုံးခုနဲ့ ဖြတ်ခဲ့ရတယ်လို့ ကျနော် ပြောလို့ရတယ်။ ပထမကာလက မတ်လ ၁၃-ရက်နေ့ကနေ စက်တင်ဘာလ ၁၈-ရက် အထိက ပထမကာလ၊ အဲ့ဒီကာလကို ဒီမိုကရေစီ အင်အားစုတွေကနေ အောင်ပွဲခံနေတဲ့ ကာလလို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီအောင်ပွဲဟာ ဘာနဲ့ ချုပ်ခံလိုက်ရလဲဆိုရင် စစ်တပ် အာဏာသိမ်းမှုနဲ့ ပွဲပြီးသွားခဲ့ပါတယ်။ ဒုတိယ ကာလကျတော့ စက်တင်ဘာလ ၁၈-ကနေ ၁၉၉၀ မေ ၂၇- ရွေးကောက်ပွဲ ပြီးတဲ့အထိ ဖြစ်တယ်။ အဲ့ဒီကာလမှာ စစ်အာဏာရှင်စနစ်က တကျော့ပြန်ပြီးတော့ အသာစီး ရလာတဲ့ကာလ ဖြစ်တယ်။ ဒါပေမယ့် သူအသာစီးရ လာတဲ့ကာလကို ပြည်သူလူထုရဲ့ ရွေးကောက်ပွဲ အောင်ပွဲရလဒ်နဲ့ အောင်ပွဲခံရေးနဲ့ နိဂုံးချုပ် သွားနိုင်တယ်။ တတိယ ကာလကတော့ ၁၉၉၀၊ မေ ၂၇-ကနေ ဒီကနေ့ မျက်မှောက် ကာလအထိ ရှည်ကြာနေတဲ့ ကာလဖြစ်တယ်။ အင်မတန် ရှုတ်ထွေးတယ်။ အင်မတန်မှ သိမ်မွေ့တယ်။ အင်မတန်မှ ရှည်ကြာမယ်။ အဲ့ဒီ မပြီးသေးတဲ့ တိုက်ပွဲကာလက သူနဲ့ကိုယ်နဲ့ စစ်အာဏာရှင် စနစ်နဲ့ ဒီမိုကရေစီ အင်အားစု ဘတပြန်၊ ကျားတပြန် တိုက်ပွဲဖြစ်နေတဲ့ ကာလဖြစ်တယ်။ အဲ့ဒီ တိုက်ပွဲကာလကို ကျနော်တို့က အပြတ်ချနိုင်မယ် ဆိုလို့ရှိရင် ကျနော်တို့ တိုက်ပွဲ အောင်ပွဲခံနိုင်မှာ ဖြစ်တယ်။ မချနိုင်ဘူးဆိုရင်တော့ မကြာခင် နှစ်အတွင်းမှာ ကျနော်တို့ရဲ့ တိုက်ပွဲ ပုံသဏ္ဌာန်တွေက ပုံသဏ္ဌာန်တဆင့် ထပ်ပြောင်းပြီးတော့ တိုက်ရမယ့် အခြေအနေမျိုးကို ရောက်သွားလိမ့်မယ်လို့ ကျနော် (၈)လေးလုံးကြီးကို ချုပ်ပြီး ပြောချင်ပါတယ်"

မင်းဟန်

ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် တွေ့ဆုံမေးမြန်းမှုအား ပြန်လည် ဖြေကြားပေးခဲ့ကြသော ပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူး အထူးတင် ရှိပါသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved