ဆောင်းပါး ဒေါ်စုကြည်နှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ (သတင်းသုံးသပ်ချက်)
ဒေါ်စုကြည်နှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ (သတင်းသုံးသပ်ချက်) Print E-mail
ဒဲရက်တုံကင်(Derek Tonkin)   
ဗုဒ္ဓဟူးနေ့၊ မတ်လ 12 2008 21:44 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်တွင် ဗြိတိသျှလူမျိုး လင်ယောက်ျားနှင့် မြန်မာနိုင်ငံသား မဟုတ်သော သား ၂ ဦး ရှိသဖြင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့်မရှိဟု အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအား မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောကြားခဲ့ကြောင်းဖြင့် စင်္ကာပူဝန်ကြီးချုပ် ဂျော့ခ်ျယိုး (George Yeo) က သတင်းထောက်များကို ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စင်္ကာပူတွင် ပြောကြားခဲ့သည်။

ဤသတင်းကြောင့် တကမ္ဘာလုံး အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ တုန်လှုပ် ချောက်ချားသွားကြသည်။ ဒီချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ဤပြောကြားချက်သည် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ ဥပဒေသော်လည်းကောင်း၊ ရွေးကောက်ပွဲ ဥပဒေသော်လည်းကောင်း မရှိသေးသည့်အချိန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည့်အတွက် ‘ဥပဒေနှင့်မညီဘဲ’ ယခုကဲ့သို့သော အချိန်မျိုးတွင် ကြေညာခဲ့ခြင်း ဖြစ်သည့်အတွက် ‘မသင့်တော်ကြောင်း’ ပြောကြားသွားခဲ့သည်။

ဦးဉာဏ်ဝင်း၏ ‘ကြေညာချက်’ သည် အချိန်စောလွန်းနေကြောင်း၊ သို့တည်းမဟုတ် မှားယွင်းဖော်ပြခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားချက်များကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂမ်ဘာရီ လာရောက်စဉ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဦးသောင်းညွန့်က မှန်ကန်ကြောင်း ၂ဝဝ၈ ခုနှစ် မတ်လ ၈ ရက်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။ နောက်တနေ့တွင် ထုတ်ဝေသော မြန်မာ့အလင်း သတင်းစာတွင် ဦးသောင်းညွန့်၏ ပြောကြားချက်များကို အသေးစိတ် ဖော်ပြ ရေးသားထားသည်။

ဤသို့ ရွေးကောက်ပွဲတွင် ဝင်ခွင့်ပြုခြင်း၊ မပြုခြင်းသည် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်၏ အလုပ်မဟုတ်ကြောင်း၊ ဤကိစ္စရပ်အတွက် တာဝန်ရှိသည့် ရွေးကောက်ပွဲ ကော်မရှင်ကို ရွေးကောက်ပွဲ ကျင်းပမည့် အချိန်တွင် ခန့်အပ် တာဝန်ပေးမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင် တားမြစ်ခံရသည့် ပုဂ္ဂိုလ်များအတွက် ထိုအမိန့်ကို စောဒက တက်နိုင်ခွင့်ပြုသည့် ပြဋ္ဌာန်းချက်မျိုး အဆိုပါ ရွေးကောက်ပွဲဥပဒေတွင် ပါရှိမည်ဖြစ်ကြောင်း၊ အောက်အဆင့်မှ ချမှတ်သည့်အမိန့်ကို မကျေနပ်ပါက အမြင့်ဆုံးအဆင့်အထိ အဆင့်ဆင့် တက်၍လည်း အယူခံနိုင်မည် ဖြစ်ကြောင်း သူက ပြောကြားသွားခဲ့သည်။

မစ္စတာဂမ်ဘာရီ၏ ဖွဲ့စည်းပုံ မူကြမ်းကို ပြင်ဆင်ခွင့်ပေးရန်၊ ‘အားလုံးပါဝင်ခွင့်’ ကျယ်ပြန့်စွာ ပေးရန် ဖိအားပေး ပြောကြားချက်များကို အစိုးရက ငြင်းဆန်ခဲ့သည့်အတွက် မီဒီယာများကလည်း အလွန်ကျယ်ပြန့်စွာပင် နားမလည်နိုင် ဖြစ်သွားကြသည်။ စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုမည်မှာ မှန်ကန်ကြောင်းကို အတည်ပြု ပြောကြားခဲ့သည်။ ဤသတင်းကို အေအက်ဖ်ပီ AFP နှင့် အာရှ ပစိဖိတ် သတင်းဌာနတို့က ‘မြန်မာစစ်အစိုးရက ဒေါ်စုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်မပြုသည့် ပြဋ္ဌာန်းချက်ကို ပြင်ဆင်ပေးရန် ငြင်းဆန်ခဲ့သည်’ ဟု ဖော်ပြခဲ့ကြသည်။

ဦးဉာဏ်ဝင်း၏ ပြောကြားချက် ဆိုသည်မှာ တဆင့်ခံ ဖော်ပြချက်သာ ဖြစ်သည်

ဦးဉာဏ်ဝင်း၏ ‘ပြောကြားချက်’ ဆိုသည်မှာ အေအက်ဖ်ပီ သတင်းဌာန၏ သတင်းပေးပို့ချက်အရ စင်ကာပူရေပြင်တွင် ‘အပျော်စီး သင်္ဘောပေါ်၌ ညစာစားပွဲ ကျင်းပစဉ်’ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ကျနော် ပြောလိုပါသည်။  ဦးဉာဏ်ဝင်း၏ ထင်မြင်ချက်မှာ အလွတ်သဘော ပြောကြားခဲ့ခြင်းသာ ဖြစ်ပုံရသည်။ ထိုသို့ပြောကြားရာတွင် ဦးဉာဏ်ဝင်း မည်သည့် စကားလုံးကို သုံးစွဲခဲ့သည်ကို အတိအကျ မသိရ၊ မရေရာပါ။ အကြောင်းမူ အဆိုပါ သတင်းဖော်ပြချက်တွင် အိမ်ထောင်ဘက်၊ သားသမီးတို့နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတိအကျ ပြဋ္ဌာန်းချက် ပါဝင်သည့် သဘောမျိုး ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်။ ဖွဲ့စည်းပုံ ဥပဒေတွင် ဤသို့သော ပြဋ္ဌာန်းချက်မျိုး ပါဝင်ဖွယ် မရှိပါ။ နိုင်ငံခြားရေးဝန်ကြီး အနေနှင့် သူ၏ မှတ်ချက်ချ ပြောကြားချက်များကို အသေးစိတ် ရှင်းလင်းတင်ပြမှုမျိုး မလုပ်ခဲ့ပါ။ ယခုကဲ့သို့ ရွေးကောက်ပွဲများ ကျင်းပရန် အနည်းဆုံး ၂၁ လလောက် လိုသေးချိန်တွင်၊ နောက်ထပ် ပြဿနာများ ထပ်မံ ပေါ်လာစေလိုသည်ကို နားလည်နိုင်ပါသည်။

ဦးဉာဏ်ဝင်း အနေနှင့် သူ၏ ပုဂ္ဂလိကအမြင်ကို အလွတ်သဘော ပြောကြားခဲ့ခြင်းမှာ ဘာမှပြဿနာမရှိဟု ကျနော် တဦးချင်းအနေဖြင့် ထင်မြင် ယူဆပါသည်။ သူ ပြောကြားခဲ့ဖွယ် ရှိသမျှမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဒေါ်စုကြည်နှင့် ဗြိတိသျှနိုင်ငံအကြား အဆက်အသွယ်မှာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကျင်းပချိန်က အလွန် အားကောင်းနေသေးသည့်အတွက် ရွေးကောက်ပွဲ ဥပဒေ၏ စိတ်ဓာတ်နှင့် စာသား နှစ်ခုလုံးနှင့် မကိုက်ညီ၊ ထို့ကြောင့် ရွေးချယ်ခံခွင့်မရှိ၊ ယခု ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဤသို့ပင် ဖြစ်လိမ့်မည်။ ဤသို့ ပြောခဲ့ဘွယ်ရှိပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ် ဂျကာတာတွင် ထိုအချိန်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က သူ၏ လုပ်ဖော်ကိုင်ဘက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ပြောကြားခဲ့သည်မှာ ဒေါ်စုကြည်အနေနှင့် နောက်တကြိမ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်မည် ဧကန် ဖြစ်ပါသည်ဟု ဖြစ်သည်။ ကြည့်ပါ။ နိုင်ငံခြားရေးဝန်ကြီးတပါးက ရသည်ဟု ပြောခဲ့ပြီး နောက်နိုင်ငံခြားရေးဝန်ကြီးတဦးက မရဟု ပြောခဲ့ပြန်သည်။ ဦးဉာဏ်ဝင်း ထုတ်ဖော် ပြောကြားခဲ့သည့် သူ၏ ထင်မြင်ချက်မှာ အပြီးအပြတ် အခိုင်အမာ မဟုတ်သည်မှာ သေချာသော်လည်း သတိပေးချက်တရပ် ဖြစ်နိုင်ပါသည်။

အဖြစ်မှန်။ ၁၉၄၇၊ ၁၉၈၉ နှင့် ၂ဝဝ၇ စာရွက်စာတမ်းတို့တွင် အမှန်တကယ် ပါရှိသည့်အချက်များ

၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၇၄ (၁)(က) ၊ ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲဥပဒေ အခန်း ၅ ပုဒ်မ ၁ဝ (င) နှင့် ၂ဝဝ၇ ခုနှစ် အသေးစိတ် အခြေခံရမည့်မူများ အခန်း ၄ အပိုဒ် ၃၃ (င)(စ) တို့တွင် ပါရှိသည့် ပြဋ္ဌာန်းချက်များမှာ တခုတည်း အတူတူ ဖြစ်သည်။ စာသားမှာလည်း တထပ်တည်း အတူတူ ဖြစ်သည်။ ‘နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက်ရိုသေသူ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ’ မည်သူမဆို ပြည်သူ့လွှတ်တော် (အမျိုးသားလွှတ်တော်) သို့ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် အရည်အချင်း ပျက်ယွင်းသူ ဖြစ်သည်ဟု သတ်မှတ်ရမည်ဟု ဖော်ပြပါရှိသည်။ ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအသစ်၏ မူကြမ်းကို ထုတ်ပြန်ကြေညာခြင်း မပြုသေးသော်လည်း အနှစ်သာရမှာ ဤအတိုင်း မပြောင်းမလဲ တည်ရှိလိမ့်မည်ဟု ယူဆရပါသည်။

ဒေါ်စုကြည်သည် ၁၉၇၂ ခုနှစ်တွင် ဗြိတိသျှနိုင်ငံသားတဦးနှင့် လက်ထပ်ခဲ့သည့်အတွက် ဗြိတိသျှနိုင်ငံသားတဦး၏ အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်များကို ခံစားခွင့်ရှိသူ ဖြစ်သည်။ ထို့ကြောင့် ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်တရပ်နှင့် ငြိစွန်းသည့်အတွက် ရွေးကောက်ခံပိုင်ခွင့် မရှိဟု စစ်အစိုးရက ၁၉၉ဝ ခုနှစ်တွင် ထောက်ပြ ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဤအချက်သည် ဗိုလ်မှူးကြီးလှမင်းက သူ၏ ‘မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ဒေသတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ’ ၂၈ ကြိမ်မြောက် ပြင်ဆင် တည်းဖြတ်ခြင်း၊ ၂ဝဝ၄ ခုနှစ် ဧပြီလ ထုတ်ဝေခြင်းတွင် ဖော်ပြခဲ့သည့် အကြောင်းပြချက် ၃ ရပ်အနက်မှ တခု ဖြစ်သည်။

‘ဒေါ်စုကြည်သည် နိုင်ငံခြားတွင် ၂၈ နှစ်နေထိုင်ခဲ့ပြီး အင်္ဂလိပ်လူမျိုးတဦးကို လက်ထပ်ခဲ့သူ ဖြစ်သည်။ (ထို့ကြောင့် သူမသည် ဗြိတိသျှနိုင်ငံသား ခံယူခွင့် ရှိသူဖြစ်သည်) သူ၏ သားနှစ်ဦးမှာလည်း ဗြိတိသျှနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်သည်။ အခြားနိုင်ငံတခု သို့မဟုတ် နိုင်ငံခြား တိုင်းပြည်တခု၏ မလျော် သြဇာခံရဘွယ်ရှိသည့်သူ တစုံတဦး အစိုးရအာဏာ ရယူလာမည်ကို နိုင်ငံတော်အစိုးရက မလိုလားသည်ကို နားလည်နိုင်ပါသည်’
မည်သို့ပင်ဖြစ်စေ ဒေါ်စုကြည်တချိန်က ဤသို့ ခံစားခွင့်များ ရှိခဲ့သည်ဆိုသည်မှာ မှန်သော်လည်း၊ သူမသည် ဘယ်တုန်းကမှ ဗြိတိသျှနိုင်ငံသား မဖြစ်ခဲ့။ ဤသို့ ဖြစ်ရန်လည်း တခါမှ လျှောက်ထားခဲ့ခြင်း မရှိသည့်အတွက် မည်သည့်အခါကမှ ထိုအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားခွင့် မရခဲ့ပါ။ သူမ ရရှိခဲ့သည့် တခုတည်းသော ခွင့်ပြုချက်မှာ ‘ယူကေနိုင်ငံတွင် အကန့်အသတ်မရှိ နေထိုင်ခွင့်’ ဖြစ်သည်။ ဤအခွင့်အရေး၏ ဆိုလိုချက်မှာ ဒေါ်စုသည် ယူကေနိုင်ငံတွင် ‘အိုးအိမ်ပိုင်ဆိုင်ခွင့်မရှိ’၊ သို့သော် လွတ်လပ်စွာ ပညာရှာမှီးခွင့်နှင့် အလုပ်လုပ်ပိုင်ခွင့်မူ ရှိသည်။ ဤပြဿနာမှာ ရှုပ်ထွေးပါသည်။ ၁၉၉ဝ ခုနှစ်နှင့် ၂ဝ၁ဝ ခုနှစ်များတွင် ရှိသည့် သူမအနေအထားနှင့် ပတ်သက်၍ တိကျသော ထုတ်ပြန်ချက်တရပ် ပြည်ထဲရေးဌာနမှ ထုတ်ပြန်ပေးရမည် ဖြစ်သည်။

၁၉၉ဝ ခုနှစ်နှင့် ၂ဝ၁ဝ ခုနှစ်အကြား အခြေခံခြားနားချက်များ

သက္ကရာဇ် ၂ဝ၁ဝ ခုနှစ်ကို လှမ်းမျှော်ကြည့်လျှင် ဒေါ်စုကြည်၏ အနေအထားမှာ အခြေခံအားဖြင့် ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ ၁၉၉ဝ ခုနှစ်တွင် သူမအနေနှင့် ရွေးကောက်ခံခွင့် မရှိကြောင်း အကြောင်းပြချက်များမှာ အတော်အတန် ယုတ္တိရှိပါသည်။ သို့သော် ၂ဝဝ၈ ခုနှစ်တွင် သူမသည် ယူကေနိုင်ငံတွင် ‘အကန့်အသတ်မရှိ နေထိုင်ခွင့်’ မရှိတော့ပါ။ အကြောင်းမူ ထိုသို့သော အခွင့်အရေးမျိုးသည် ယူကေနိုင်ငံတွင် ၂ နှစ် မနေထိုင်သည်နှင့် အလိုလို ပျက်ပြယ်သွားသောကြောင့် ဖြစ်သည်။ သူမ၏ ခင်ပွန်းမှာလည်း ၁၉၉၉ ခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့ပြီး ဖြစ်၍ သူမတွင် ယခုအခါ ဗြိတိသျှလူမျိုး ခင်ပွန်း မရှိတော့ပါ။ ၁၉၇၃ ခုနှစ်နှင့် ၁၉၇၇ ခုနှစ်များတွင် မွေးဖွားခဲ့သည့် သူ့သား ၂ ဦးမှာလည်း ယခုအခါ အသက် ၃၅ နှစ်ခန့်စီ ရှိနေကြပြီ ဖြစ်သည်။ သူတို့သည် တချိန်က မြန်မာနိုင်ငံသားများ ဖြစ်ခဲ့သော်လည်း ယခုအခါ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခံခဲ့ရပြီး ဖြစ်သည်ဟု ကျနော် နားလည်ထားပါသည်။ အကျယ်ချုပ်ဘဝဖြင့် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရသည့် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် သူမနေထိုင်လျက်ရှိသည် ဆိုသည်မှာလည်း သံသယဖြစ်စရာ မရှိပါ။

တိုတိုပြောရလျှင် သူမ၏ လက်ရှိအနေအထားမှာ ၁၉၉ဝ ခုနှစ်နှင့် နှိုင်းစာလျှင် လုံးဝ ခြားနားသွားခဲ့ပြီး ဖြစ်သည်။ တချိန်က ဗြိတိသျှလူမျိုး ခင်ပွန်းရှိခဲ့သည့်အတွက် ယခုအခါတွင်လည်း သူမသည် ဗြိတိသျှနိုင်ငံသားတဦး၏ အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်များကို ခံစားခွင့်ရှိသည်ဟု တဦးတယောက်က မည်သို့မည်ပုံ ပြောဆိုနိုင်မည် ဆိုသည်ကို ကျနော် မပြောတတ်ပါ။

မည်သို့ပင်ဆိုစေကာမူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခြေခံရမည့် မူအသစ်များအရ သူမသည် သမ္မတရာထူးအတွက် ယှဉ်ပြိုင်ခွင့်မရှိ ဆိုသည်ကိုမူ ကျနော် လက်ခံပါသည်။ ထိုအခြေခံမူများ အခန်း (၃) အပိုဒ် ၄ (စ) တွင် ‘ပြည်ထောင်စု၏ သမ္မတကိုယ်တိုင်နှင့် ယင်း၏ မိဘ၊ အိမ်ထောင်ဘက်၊ သားသမီးများနှင့် ယင်းတို့၏ အိမ်ထောင်ဘက်များသည် နိုင်ငံခြားတိုင်းပြည်တခုခု၏ နိုင်ငံသားသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရတခုခု၏ လက်အောက်ခံ သော်လည်းကောင်း မဖြစ်စေရ။ ယင်းတို့သည် နိုင်ငံခြား အစိုးရတရပ်ရပ်၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူများလည်း မဖြစ်စေရ။ ယင်းတို့သည် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ မဖြစ်စေရ’ ဟု ဖော်ပြ ပါရှိသည်။ သူမ၏ သား ၂ ဦးအနက် နှစ်ဦးလုံး မဟုတ်လျှင်သော်မှ အနည်းဆုံး တဦးသည် အိမ်ထောင်ကျပြီး ဖြစ်သည်။ ထို့ကြောင့် သူမမှာ ‘သားသမီးများနှင့် ယင်းတို့၏ အိမ်ထောင်ဘက်များ’ ဆိုသည့်အပိုဒ်နှင့် ငြိစွန်းနေပြီ ဖြစ်သည်။

ပြတ်ပြတ်သားသား မရှိသော အပိုင်းအခြား

သို့သော် မည်သို့ပင်ဖြစ်စေ ‘နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ’ ဆိုသော ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍ ပြတ်ပြတ်သားသား မရှိလှပါ။ ကျနော် သိသလောက် ဒေါ်စုကြည်သည် နိုင်ငံခြားအစိုးရတရပ်၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ခြင်းမရှိပါဟု ဆိုနိုင်သော်လည်း သူမသည် နိုင်ငံခြားအစိုးရများ၏ မူဝါဒများကို ‘ခံယူစောင့်ရှောက်သူ’၊ ဥပမာအားဖြင့် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှု မူဝါဒများကို ထောက်ခံသူအဖြစ်ကော မစွပ်စွဲနိုင်ပေဘူးလား? မြန်မာဖွဲ့စည်းပုံ ဥပဒေအခြေခံမူများမှာ နိုင်ငံခြား အစိုးရတခုခု၏ ‘ကြိုးဆွဲရာကသူ’ သို့တည်းမဟုတ် ထိုအစိုးရတရပ်ရပ်၏ လက်အောက်ခံ ဖြစ်သူ သို့တည်းမဟုတ် ထိန်းချုပ်မှုအောက်တွင်ရှိသူ ဟုသာ တိုက်ရိုက်အဓိပ္ပာယ် သက်ရောက်သည်။

မကြာသေးခင်က သွားရောက်ခဲ့သည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်က ပြသခဲ့သလိုပင် သူမက ထိုပိတ်ဆို့ အရေးယူမှုများကို တောင်းဆိုခဲ့သည် ဟုတ်၊ မဟုတ် ဟူသော အငြင်းပွားမှုနှင့် စပ်လျဉ်း၍ အစိုးရနှင့် ဒေါ်စုကြည်တို့အကြား လိပ်ခဲတည်းလည်း အခြေအနေမှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ သူမ နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ပြီး နောက်တရက် ၁၉၉၅ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည့် ‘ကျမတို့မှာ ရွေးစရာ လမ်းနှစ်သွယ် ရှိပါတယ်။ စေ့စပ် ဆွေးနွေးရေးလမ်းကို ရွေးမလား၊ အလုံးစုံ ပျက်သုဉ်းရေးလမ်းကို ရွေးမလား’ ဆိုသည့် ပြောကြားချက်ကို ပြန်လည် ရုပ်သိမ်းပေးရန် စစ်အစိုးရက သူမကို တောင်းဆိုခဲ့သည်။

ထိုခြိမ်းခြောက် ပြောကြားချက်ကို စစ်အစိုးရက ဘယ်တော့မှမမေ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်ရန် ထိုစကားကို ပြန်လည် ရုပ်သိမ်းပေးရမည်ဟု အစိုးရက တောင်းဆိုခဲ့သည်။ သူမအနေနှင့် ဘယ်တုန်းကမှ မလုပ်ခဲ့ပါဟု ပြောဆိုထားသည့် စွပ်စွဲချက်များနှင့် စပ်လျဉ်း၍လည်း ထင်မြင်ချက် တစုံတရာပေးရန် ဒေါ်စုအနေနှင့် မလိုလားဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အခြားတဘက်တွင် ပြောဆိုထားပြန်သည်။ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဒီချုပ်၏ ‘အထူးကြေညာချက်’ တွင် ဒီချုပ်အနေနှင့် ပိတ်ဆို့ အရေးယူမှုကို ‘မတောင်းဆို’ ခဲ့သော်လည်း ‘ဒီမိုကရေစီနိုင်ငံတခုက အခြား နိုင်ငံတခုတွင် ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်ပေးမှုများကိုမူ ဒေါ်စုကြည်က ထောက်ခံပါသည်’ ဟု ဖော်ပြထားသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် အဆိုပါနှစ်များအတွင်း ဒေါ်စုကြည်က ပိတ်ဆို့အရေးယူမှုများ လုပ်ပေးရန် အတိအလင်း တောင်းဆိုခဲ့သည့် ကြေညာချက်များ ရှာဖွေ တင်ပြရန် ဆိုသည်မှာ မခဲယဉ်းလှပါ။ ကင်ပိန်းအုပ်စုများ၊ ယူကေပါလီမန်နှင့် အမေရိကန် ကွန်ဂရက် လွှတ်တော်မှ လွှတ်တော် ဥက္ကဋ္ဌများကလည်း သူမ ထိုသို့ ကြိမ်ဖန်များစွာ ပိတ်ဆို့ အရေးယူပေးပါရန် တောင်းဆိုခဲ့သည် ဆိုသည်ကို မဆိုင်းမတွပင် ထုတ်ဖော် ပြောဆိုကြမည်သာ ဖြစ်သည်။

နောက်ကြောင်းကို အနည်းငယ်ပြန်ကြည့်လျှင် ကတိပြုထားသည့် ရွေးကောက်ပွဲများကို ကျင်းပ မပေးမချင်း စစ်အစိုးရကို လုံးဝ စီးပွားရေးသပိတ် မှောက်ပေးကြပါရန် နိုင်ငံခြားတိုင်းပြည်များသို့ သူမ တောင်းဆိုခဲ့သည်ကို ဘန်ကောက်ပို့စ် သတင်းစာက သူမ ပြောစကားကို ကိုးကား၍ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။ ဥရောပပါလီမန်အမတ်များက တိုင်းပြည်တွင်းမှ ‘ခိုးထုတ်ယူခဲ့သည်ဆိုသည့် ဗီဒီယို’ ခွေတွင်လည်း မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ပေးပါရန် ဒေါ်စုက တောင်းဆိုခဲ့သည်ဟု နယူးယောက်တိုင်း သတင်းစာကြီးက ၁၉၉၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရေးသား ဖော်ပြခဲ့သည်။ ‘မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ မပြုလုပ်ဘဲ စီးပွားရေးအပြောင်းအလဲများ မဖြစ်နိုင် ဆိုသည်ကို ထင်ရှားစွာ ပြသနိုင်မည့် ပိတ်ဆို့အရေးယူမှုမျိုးကို ကျမတို့အနေနှင့် လိုလားပါသည်’ ဟု အဆိုပါ ဗီဒီယိုခွေတွင် ပါရှိသည်ဟု ဆိုသည်။

နောက်တနှစ် ဇန်နဝါရီလတွင် ပရော့စပက်မဂ္ဂဇင်း (Prospect Magazine) ကလည်း ‘ယခုအခါ သူမ၏ ပိတ်ဆို့အရေးယူရန် တောင်းဆိုချက်ကို အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGO) အထိ သူမက တိုးချဲ့လိုက်ပြီ ဖြစ်သည်။ ထိုအဖွဲ့များ ရှိနေခြင်းသည် စစ်အစိုးရကို သက်ဆိုးရှည်အောင် လုပ်ပေးနေသလို ဖြစ်နေသည်ဟု သူမက စွပ်စွဲထားသည်။ ‘အကူအညီ၊ ကုန်သွယ်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများ မလုပ်ရေး’ ဆိုသည့် ကြွေးကြော်သံအသစ် ထွက်လာသည်ဟု ရေးသား ဖော်ပြခဲ့သည်။ ဒေါ်စုကြည်၏ နေအိမ်သို့ သွားရောက် လည်ပတ်ခဲ့သူများကလည်း ပိုမိုပြင်းထန်သော တောင်းဆိုချက်များကို သယ်ဆောင်၍ ၂ဝဝ၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လာခဲ့ကြသည်။ နိုဘယ်စာပေဆုရှင် ဂျိုဒီဝီလီယံ Jody Williams ကလည်း ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် South African Mail & Guardian သတင်းစာကြီးတွင် ဤသို့ ရေးသားခဲ့သည်။

သူမနှင့် အယ်လီဇဘက်ဘန်းစတိန်း Elizabeth Bernstein တို့သည် ၂ဝဝ၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်စုကြည်၏ နေအိမ်သို့ သွားရောက် လည်ပတ်ခဲ့သည်။ ‘ကမ္ဘာတဝှမ်းလုံးသို့ ထုတ်ပြန်ပေးရန် သူမက ကျမတို့နှင့် ပါးလိုက်သော သတင်းစကားမှာ ဇဝေဇဝါမဖြစ်၊ ရှင်းလင်း ပြတ်သားလှသည်။ မြန်မာပြည်တွင် အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးနှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးများ ပေါ်ပေါက်လာစေရန် ကူညီသည့်အနေနှင့် မြန်မာစစ်အစိုးရကို အထီးကျန် ဖြစ်အောင် လုပ်ပေးကြပါ’ ။

မည်သို့ပင်ဖြစ်စေ ဒေါ်စုကြည်အနေနှင့် ပိတ်ဆို့အရေးယူမှုများ လုပ်ပေးရန် မည်သည့် ကြေညာချက်မှ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့ ကတည်းက ထုတ်ပြန်ခဲ့ခြင်း မရှိပါ။ ဤကိစ္စကို သူမနှင့် မစ္စတာဂမ်ဘာရီအကြား မည်သည့် ဆွေးနွေးမှုမှ မလုပ်ခဲ့သည်မှာလည်း သံသယ ဖြစ်စရာ မလိုပါ။ ထို့အပြင် လက်ရှိ သူမ၏ စဉ်းစားချက် မည်သို့ ရှိမည် ဆိုသည်ကိုလည်း မသိပါ။ မည်သို့ပင် ဆိုစေကာမူ ဒေါ်စု အတိတ်က ပြောခဲ့သမျှသည် ယခုအခါ သူမကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မပြုရန် လက်နက်ခဲယမ်း အလုံအလောက်ကိုမူ လိုသည်ထက်ပို၍ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်။ ယခု အမေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့၏ မူဝါဒများ၏ ရင်းမြစ်သည် သူမ တောင်းဆိုခဲ့သော ပိတ်ဆို့ အရေးယူမှုများ ဖြစ်သည်။

ဒေါ်စုကြည်၏ အနေအထားနှင့် ပတ်သက်၍ ရှင်းလင်းချက်ပေးမည့် ဗြိတိသျှအစိုးရ ကြေညာချက်၏ အရေးပါပုံ

ဤသို့ဆိုလျှင် ကျနော်တို့အတွက် ဘာလုပ်စရာ ရှိပါသေးသနည်း? ဒေါ်စုကြည်ကို ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့် မပြုရန် စစ်အစိုးရက ကြိုးစားဦးမည် ဆိုသည်မှာ ဖြစ်နိုင်ပါသည်။ သို့သော် ယခုတကြိမ်တွင် ဖွဲ့စည်းပုံအခြေခံမူများကို အခြေခံထားသည့် သူတို့အနေအထားမှာ အင်အားချိနဲ့လှသည်။ နိုင်ငံတကာအနေနှင့်လည်း လက်ခံနိုင်မည် မဟုတ်ပါ။

ယူကေ ဥပဒေအရ သူမ၏ အဆင့်အတန်းကို ယူကေအာဏာပိုင်များက အဓိပ္ပာယ် သတ်မှတ်ချက်များ ပြုလုပ်ပေးမည်ဆိုလျှင် သူမ၏ လက်ရှိအချိန်တွင် ရှိသည့် အဆင့်အတန်းကို မီးမောင်းထိုး သတ်မှတ်ဖော်ပြပေးလိမ့်မည်ဟု ကျနော် မျှော်လင့်ပါသည်။ အခြားတဘက်တွင်လည်း ဒေါ်စု၏ အနေအထားနှင့် ပတ်သက်၍ ဗြိတိသျှအစိုးရက စိတ်ဝင်စားမှုများ ပိုမို ပြသလာသည်ဆိုလျှင် နေပြည်တော်ရှိ စစ်အစိုးရကလည်း ဒေါ်စုသည် အနောက်အုပ်စု နယ်ချဲ့နိုင်ငံများ၏ ရုပ်သေးရုပ်သာ ဖြစ်သည်ဟု ပိုမို စွပ်စွဲ ပြောဆိုစရာ ရရှိသွားမည့် အန္တရာယ်လည်း ရှိပါသေးသည်။ 

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved