ဆောင်းပါး အိန္ဒိယ၏ မြန်မာ့ရေးရာမူဝါဒ မျက်မွှေးတဆုံး ချဉ်းကပ်မှု
အိန္ဒိယ၏ မြန်မာ့ရေးရာမူဝါဒ မျက်မွှေးတဆုံး ချဉ်းကပ်မှု Print E-mail
ဘီဘူတီ ဘူစန်းနန်ဒီ (Bibhuti Bhusan Nandy)   
အင်္ဂါနေ့၊ ဧပြီလ 22 2008 22:14 - မြန်မာစံတော်ချိန်

အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာနိုင်ငံ၏ ကြီးမားသော အိမ်နီးချင်းနိုင်ငံ ၂ ခု ဖြစ်သည်။ အိန္ဒိယက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်၍ တရုတ်က ကွန်မြူနစ် အာဏာရှင်စနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်နေသည်။ တရုတ်ပြည်တွင် တိန့်ရှောက်ပင်၏ ခေါင်းဆောင်မှုအောက်၌ နိုင်ငံရေးအတွေးအခေါ် အယူအဆထက် စီးပွားရေး အကျိုးစီးပွားကို ဦးစားပေးရန် ပေါ်လစီ ပြောင်းလိုက်ကတည်းက ပီကင်းသည် မြန်မာပြည်ရှိ ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရကို သိသာစွာ တိုးမြှင့် ထောက်ခံခဲ့သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံကို တရုတ်လက်နက်များ ပုံအော ပေးအပ်ခဲ့သည်။ တရုတ်လက်နက်များကို သုံး၍ တိုင်းပြည်တွင်းရှိ ဒီမိုကရေစီ လှုပ်ရှားမှုများကို နှိမ်နင်းခဲ့သည်။ တိုင်းရင်းသား သူပုန်များကို နှိမ်နင်းခဲ့သည်။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံကို မြန်မာနိုင်ငံက စီးပွားရေးလုပ်ကွက် အများအပြား ပေးအပ်ခဲ့သည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ အများစုကို ရောင်းချပေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ တောင်ဘက် ကမ်းရိုးတန်းတလျှောက် နည်းပညာဆိုင်ရာ ထောက်လှမ်းရေး အချက်အလက်များ ရယူစုဆောင်းနိုင်ရန် အထောက်အကူများ ပေးအပ်ခဲ့သည်။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံကလည်း မြန်မာပြည်တွင်း ဒီမိုကရေစီ ထွန်းကားရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှုအားလုံးကို ပယ်ချခဲ့သည်။ 

မြန်မာစစ်အစိုးရကို ထောက်ခံနေသော တရုတ်နိုင်ငံနှင့် ဆန့်ကျင်စွာပင် အိန္ဒိယအစိုးရသည် မြန်မာ့ဒီမိုကရေစီရေးအတွက် တက်ကြွသော စာနာမှုကို ပြသခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်း၍ ဖြုတ်ချခံလိုက်ရပြီးနောက် ဝန်ကြီးချုပ်ဟောင်း ဦးနုသည် အိန္ဒိယနိုင်ငံ၌ ခိုလှုံခဲ့သည်။ မြန်မာနိုင်ငံသားများက ဒီမိုကရေစီရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေမှုကို အိန္ဒိယအစိုးရက စိတ်ဓာတ်အရရော၊ ရုပ်ဝတ္ထုအရပါ ဘက်ပေါင်းစုံမှ ကူညီခဲ့သည့်အတွက် အိန္ဒိယနိုင်ငံသားများအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ ကမ္ဘာတဝှမ်းမှ ဒီမိုကရေစီနှင့် လွတ်လပ်ရေး မြတ်နိုးသူအပေါင်း၏ မြင့်မားသော လေးစားချစ်ခင်မှုကို ရရှိခဲ့သည်။ ဤသို့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ခြွင်းချက်မရှိ၊ အမေးအမြန်းမရှိ ကူညီခဲ့သည့်အတွက် အရှေ့တောင်အာရှတလွှား အိန္ဒိယ သံတမန်များ မျက်နှာပွင့်ခဲ့သည်။ 

သို့သော် ၁၉၉ဝ ခုနှစ်များ အလယ်ခန့်က အိန္ဒိယ၏ ရေရှည်အစမ်းသပ်ခံ မြန်မာ့ရေးရာ ပေါ်လစီမှာ သိသာစွာ ပြောင်းလဲသွားပြီး မြန်မာစစ်အစိုးရကို မျက်နှာသာပေး ဆက်ဆံသည့် မူဝါဒအဖြစ်သို့ ရုတ်တရက် နောက်ပြန်လှည့်သွားတော့သည်။South Block ရှိ အိန္ဒိယ နိုင်ငံခြားရေးမူဝါဒ ချမှတ်သည့် ဌာနအဖွဲ့အစည်းကြီးသည် မြန်မာ့ရေးရာ မူဝါဒများကို ရေးဆွဲ အကောင်အထည်ဖော်ရသည့် မိမိ၏ တာဝန်ဝတ္တရားများကို စွန့်လွှတ်၍ မိမိ၏ ချွတ်ခြုံကျမှုကို ပြသခဲ့သည်။ ဤတာဝန်ကို ယခုအခါ မြန်မာနိုင်ငံအတွင်း ကျွန်ုပ်တို့၏ သံတမန်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် အိန္ဒိယ ဗိုလ်ချုပ်ကြီးများကို လွှဲအပ်ထားလိုက်သည်။ အိန္ဒိယစစ်တပ်က ကိုင်တွယ် မောင်းနှင်နေသည့် မြန်မာ့ရေးရာ မူဝါဒမှာ မြန်မာဗိုလ်ချုပ်ကြီးများကို နှစ်သိမ့် ချွေးသိပ်ရန်သာ ဖြစ်နေသည်။ လူမျိုးပေါင်းစုံ ပါဝင်၍ ဘာသာပေါင်းစုံ ကိုးကွယ်သည့် ၅၃ သန်းမျှသော မြန်မာလူထုကြီးအတွက် စိုးစဉ်းမျှ စိုးရိမ်ပူပန်မှု မရှိတော့။ ဤပေါ်လစီကြောင့် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုများ ပေါ်ပေါက်လာသည်။ လမ်းဖောက်ပေးရခြင်း၊ ရထားလမ်း ဆက်သွယ်ရေး စက်ပစ္စည်းများ ထောက်ပံ့ပေးရခြင်းတို့ ပေါ်ပေါက်လာခဲ့သည်။ နေပြည်တော်တွင် နှပ်နေသော မြန်မာဗိုလ်ချုပ်ကြီးများအတွက် ကုန်သွယ်ရေး လုပ်ကွက်များ ပေးရခြင်းတို့ ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ဖိနှိပ်လွန်းသော မြန်မာစစ်အစိုးရကို ပိုမိုခိုင်မာလာအောင် လုပ်ပေးသလို ဖြစ်ခဲ့သည်။ သို့သော် အိန္ဒိယနယ်စပ် တဘက်ခြမ်း မြန်မာနိုင်ငံထဲတွင် ခိုအောင်း၍ အိန္ဒိယအရှေ့မြောက် သူပုန်များကို ကူညီ တိုက်ထုတ်ပေးပါမည် ဆိုသည့် မြန်မာဘက်မှ ဆိုစကားမှာမူ ယခုထက်ထိ အကောင်အထည် မပေါ်ပါ။ ထိုကဲ့သို့ ကတိတည်ရမည့်အစား ဥပမာအားဖြင့် ပြရလျှင် မဏိပူရပြည်နယ်ရှိ သူပုန်များကို မြန်မာလုံခြုံရေး အေဂျင်စီများက ယခင်ကလိုပင် ကူညီ ထောက်ပံ့နေဆဲ ဖြစ်သည်။ 

၁၉၉၈ ခုနှစ်၌ အိန္ဒိယစစ်တပ် ဗိုလ်မှူးကြီးတဦး၏ အကူအညီဖြင့် မြန်မာစစ်အစိုးရက နိုင်ငံရေး စက်ပုန်းခုတ်ကာ ရခိုင်လူမျိုး လွတ်လပ်ရေး တိုက်ပွဲဝင်သူများအား အန်ဒမန်ကျွန်းစုတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ အိန္ဒိယအပေါ် ရင်းနှီးခင်မင်သည့် အခြားရခိုင်လူမျိုး ၃၄ ဦးကို လက်နက်မှောင်ခိုသည်၊ အိန္ဒိယအစိုးရကို စစ်မက် ဖက်ပြိုင်သည် စသော လုပ်ကြံလီဆယ်ထားသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ ဤ လူဆိုးဗိုလ်မှူးကြီးမှာမူ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ လှည့်လည် သွားလာနေကာ မြန်မာ စစ်ထောက်လှမ်းရေးကို အလုပ်အကျွေး ပြုနေသည်။ ကယ်သူမဲ့ ရခိုင်များ အိန္ဒိယနှင့် ရင်းနှီး ချစ်ကြည်ခဲ့မိသည့်အတွက် ကလကတ္တား အကျဉ်းထောင်အတွင်း ထောင်ဆွေးဆွေး လူဆွေးဆွေး နေနေရချိန်တွင် သူ့အိတ်ထောင်ထဲ ပိုက်ဆံတွေ ပြည့်ဖောင်းလာနေသည်။ စီဘီအိုင်သည် အကျဉ်းသားများကို အပြစ်ပေးရန် သက်သေတစုံတရာမျှ မပြနိုင်ခဲ့။ သို့သော် အမှုစစ်ဆေးနေသော တရားရုံးကမူ အမှုကို တရက်ပြီးတရက် ချိန်း၍ အချိန်ဆွဲနေခဲ့သည်။ ဤဖြစ်ရပ်များ အားလုံးသည် မြန်မာတပ်မတော် (စစ်တပ်) ၏ မရမက တောင်းဆိုမှုကြောင့် အချုပ်အခြာ အာဏာပိုင် ဒီမိုကရက်တစ် အိန္ဒိယနိုင်ငံကြီးတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ 

မြန်မာဗိုလ်ချုပ်ကြီးများကို ဤသို့ ချော့မြှူရခြင်းအတွက် သူတို့၏ အကြောင်းပြချက်တရပ်မှာ တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချနိုင်ရေးအတွက်ဟု ဆိုသည်။ သူတို့၏ ဤမျှော်မှန်းချက် အဘယ်မျှ လက်တွေ့ မကျလိုက်သလဲ ဆိုသည်ကို ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့ အများအပြားနှင့် ဓာတ်ငွေ့တွင်းသစ်များကို အိန္ဒိယကို မပေးဘဲ တရုတ်ကို ပေးလိုက်ခြင်းက ပြသနေသည်။ 

နယူးဒေလီရှိ အစိုးရ၏ ချော့မြှူရေးသက်သက် ပေါ်လစီကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြန်မာစစ်ထောက်လှမ်းရေးသည် တိုင်းပြည်တဝှမ်း မိမိ၏ လက်တံများကို ဖြန့်ကျက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ နယူးဒေလီရှိ မြန်မာသံရုံးနှင့် ကာလကတ္တားရှိ ကောင်စစ်ဝန်ရုံးတို့မှ နေ၍ လုပ်ငန်းများ ဆောင်ရွက်နေကြသော ထောက်လှမ်းရေး အေးဂျင့်များသည် တိုင်းပြည်၏ စစ်တပ်၊ အစိုးရဌာနများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ မီဒီယာနှင့် အကဲဒမစ် အဖွဲ့အစည်းများ အတွင်းသို့တိုင် ထိုးဖောက် နေရာယူနိုင်ခဲ့ပြီ ဖြစ်သည်။ ဖောက်ပြန်လှသော မြန်မာစစ်အစိုးရသည် မြန်မာပြည်တွင်း ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး ကုလသမဂ္ဂ၏ ကြိုးပန်းမှု ရှေ့ဆောင် ဆောင်ရွက်မှုမှန်သမျှကို ခါးသီးစွာ ငြင်းပယ် ပယ်ချခဲ့သည်။ သို့သော် နယူးဒေလီရှိ အိန္ဒိယအစိုးရကမူ မြန်မာစစ်တပ်၏ ခေါင်းမာမှုကို လက်ပိုက် နှုတ်ဆိတ်၍သာ ထိုင်ကြည့်နေလိုသည်။ 

လွန်ခဲ့သောနှစ် စက်တင်ဘာလကလည်း ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ကျောင်းသားများက ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်း ဖြိုခွဲခဲ့သည်။ ကျန်တကမ္ဘာလုံးမှ ဒီမိုကရေစီနိုင်ငံများက စစ်အစိုးရ၏ လုပ်ရပ်ကို တညီတညွတ်တည်း ဝိုင်းဝန်း ရှုတ်ချခဲ့သည်။ သို့သော် အိန္ဒိယအစိုးရနှင့် အိန္ဒိယမီဒီယာကမူ  ဤသွေးထွက်သံယို ဖြစ်မှုအပေါ် နှုတ်ဆိတ်၍သာ နေခဲ့သည်။ ဒီမိုကရေစီ အုပ်ချုပ်မှုသို့ ပြောင်းလဲရေးအတွက် ဆယ်စုနှစ် ၂ ခုစာမျှ တွေဝေနေခဲ့သည့် သူ့ကိုယ်သူ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု အမည်လှလှလေး ပေးထားသည့် စစ်အစိုးရသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းတရပ်ကို မကြာသေးခင်က ထုတ်ပြန်၍ ယခုနှစ်မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုမည်ဟု ဆိုလာပြန်သည်။ ဤဖွဲ့စည်းပုံဥပဒေက ဒေါ်အောင်ဆန်းကြည်ကို ပါလီမန်ရွေးကောက်ပွဲ မဝင်နိုင်ရန် တားမြစ်ပိတ်ပင်ထားသည်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် ၂၅ ဏ မျှသော အမတ်နေရာကို သီးသန့် ဖယ်ပေးထားရသည်။ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေ ကြေညာရလျှင် စစ်တပ်က အုပ်ချုပ်ပိုင်ခွင့်ကို ပေးထားရသည်။ အခြားတနည်းဖြင့် ပြောရလျှင် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခြင်းဟု အမည်ခံကာ ဤဖောက်ပြန်လှသော ဗိုလ်ချုပ်ကြီးများသည် ကြီးမားလှသော ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ လိမ်လည်မှုကြီးကို ပြဋ္ဌာန်း ကျူးလွန်နေခြင်းသာ ဖြစ်သည်။ ဤထုထည် ကြီးမားလှသော လိမ်လည်မှုကြီးကိုလည်း လက်ရှိ အိန္ဒိယအစိုးရနှင့် အိန္ဒိယမီဒီယာကလည်း ယနေ့အချိန်အထိ တစုံတရာ တုံ့ပြန်မှု မရှိသေးပါ။ 

ထိုအတောအတွင်း မြန်မာ စစ်အစိုးရကမူ သူ့အထူး အေဂျင်စီများနှင့် သူ့ထောက်လှမ်းရေး အေးဂျင့်များ၏ သြဇာကို အသုံးပြုကာ အခမ်းအနားများ၊ ပေါ်လစီများကို မိမိအလိုကျ အတားအဆီးမရှိ ခြယ်လှယ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ လွန်ခဲ့သောလက ကာလကတ္တား အခြေစိုက် ဗဟိုအစိုးရ အထောက်အပံ့ခံ Maulana Azad Institute of Asian Reserach သည် အိန္ဒိယ-မြန်မာ ဆက်ဆံရေး ဆွေးနွေးပွဲတခုကို Astoria Hotel ၌ ကျင်းပခဲ့သည်။ အလေးထား ဆွေးနွေးမည့် အကြောင်းအရာ၊ ဟောပြောမည့်သူများ စသည် အားလုံးတို့ကို မြန်မာ ကောင်စစ်ဝန်ရုံး၏ ယုံကြည်စိတ်ချရသော အဆက်အသွယ်ဟောင်းကြီးကသာ အားလုံး ပြုလုပ်သွားခဲ့သည်။ ဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့သည့် အင်စတီကျုသည် ဆွေးနွေးပွဲ အကြောင်းအရာအားလုံးကို လုံးဝမှောင်ချ လျှို့ဝှက်ထားခဲ့သည်။ ဤသို့ အကြီးအကျယ် လျှို့ဝှက်ထားရခြင်း၏ အကြောင်းရင်းတရပ်မှာ ဆွေးနွေးပွဲ လာတက်မည့်သူ အများစုသည် မြန်မာစစ်အရာရှိများ ဖြစ်နေသောကြောင့်ဖြစ်သည်။ ဘာကြောင့် ဤသို့ ဆွေးနွေးပွဲကို တိုးတိုးတိတ်တိတ် လျှို့ဝှက် ကျင်းပရပါသလဲဟု မေးမြန်းသည့်အခါ အင်စတီကျု၏ အကြီးတန်းအရာရှိက နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပြုချက်အတိုင်း သူတို့လုပ်ရခြင်း ဖြစ်ပါသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။ 

အုပ်စိုးသူ လူတန်းစား၊ တတ်သိပညာရှင်များနှင့် အကဲဒမစ်များ၏ သူရဲဘောကြောင်မှုကြောင့် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အိန္ဒိယ-မြန်မာ အပြန်အလှန် ဆွေးနွေး ပြောဆိုမှု အားလုံးသည် စစ်တပ်လက်ဝယ်သို့သာ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့သည်။ ဤဖြစ်ရပ်၏ ကြောက်မက်ဘွယ် ကောင်းလှသော အကျိုးဆက်ကို မြန်မာနိုင်ငံ ဒီမိုကရေစီရသည့်အခါ ခံစားကြရလိမ့်မည်။ ထိုအချိန်တွင် အိန္ဒိယအစိုးရသည် ဒီမိုကရေစီရ မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာပြည်သူများနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ဆက်ဆံရေး မည်ကဲ့သို့ တည်ဆောက်ရမည် ဆိုသည်ကို မသိဘဲ သဲလွန်စပင် ရှာမရ ဖြစ်နေလိမ့်မည်။ 

(အိန္ဒိယအစိုးရ ကက်ဘိနက် လက်ထောက်အတွင်းဝန်ဟောင်း ဖြစ်သူ Bibhuti Bhusan Nandy ရေးသားသော India's shortsighted approach to Burma policy ကို ဘာသာပြန်ဆိုပါသည်။)

 

 

သူတို့စကား

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသေးတယ်လို့ ကျမတို့ ယုံကြည်တယ်"

နာဗီ ပီးလေး
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး